ကိုဗစ်ကပ်ရောဂါဖြစ်လာချိန်မှာတော့ နယ်စပ်ကို တင်းကျပ်ဖို့ အရေးတကြီး လိုအပ်လာပါတော့တယ်။ ဒေသဆိုင်ရာအစိုးရတွေရဲ့ ဦးစားပေးကိစ္စက ကိုဗစ်ကူးစက်ရောဂါ ဘယ်နည်းနဲ့မှ ဝင်မလာအောင် ဖြတ်တောက်ဟန့်တားရေးဖြစ်ပါတယ်။ ဘယ်နိုင်ငံခြားသား၊ ဘယ်နိုင်ငံခြားကုန်ပစ္စည်းကိုမဆို သံသယစာရင်း သွင်းထားပါတယ်။
တောတောင်တွေထဲက နယ်စပ်ဂိတ်စခန်းတွေကို အဝေးထိန်းစနစ်နဲ့ စောင့်ကြည့်ထိန်းချုပ်စေဖို့ ဒေသခံတွေကို လုပ်အားပေးခေါ်ယူခဲ့ပါတယ်။ ကျူးကျော်လာသူ မျက်နှာစိမ်းတွေကို ဖမ်းမိရင်လည်း ဆုကြေးထိုက်ထိုက်တန်တန် ချီးမြှင့်ပေးခဲ့ပါတယ်။ နိုင်ငံပိုင်မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ နယ်ခြားစောင့်လုပ်အားပေးတစ်ယောက်က သူ နယ်စပ်မှာ အစောင့်တာဝန်ယူခဲ့စဉ် အဆိပ်ပြင်းတဲ့ မြွေကြီးတွေ၊ ဓားကိုင်ဆောင်လာတဲ့ မူးယစ်ဆေးမှောင်ခိုသမားတွေနဲ့ တွေ့ဆုံခဲ့ပုံကို ပြောပြပါတယ်။
"တိုင်းပြည်က ကိုယ့်ကို ဘယ်ဒေသမှာ တာဝန်ထမ်းဆောင်စေလိုလို၊ သွားဖို့အဆင်သင့်ပါ" ဆိုပြီး သူက ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုနေပါတယ်။
တချိန်တည်းမှာပဲ နယ်စပ်တစ်လျှောက်မှာ အတားအဆီးတွေ အခိုင်အမာ ချဲ့ထွင်ဆောက်လုပ်ဖို့ ဒေါ်လာသန်းရာပေါင်းများစွာ လျာထားခဲ့ပါတယ်။ ယနေ့တော့ တချို့တွေ အမွှမ်းတင်ခေါ်သလို 'တရုတ်တောင်ပိုင်းမဟာတံတိုင်းကြီး' ဟာ စိုက်ခင်းနဲ့ တောတန်းတွေကြား ဖြတ်သန်းကိန်းဝပ်နေပြီဖြစ်ပါတယ်။ တချို့နေရာတွေမှာ မြေကြီးကနေ လိုဏ်တူးပြီး ခိုးဝင်တာမျိုးကို ကာကွယ်နိုင်အောင် တံတိုင်းကို နက်နက်တူးကာ တည်ဆောက်ထားပါတယ်။ တချို့နေရာတွေမှာတော့ ကင်မရာနဲ့ လှုပ်ရှားမှုအာရုံခံစနစ်တွေ တပ်ဆင်ထားပြီး မသင်္ကာစရာတစ်ခုခု ထောက်လှမ်းမိတဲ့အခါ တိုက်ရိုက်မှတ်တမ်းဗွီဒီယိုကို အနီးဆုံးက နယ်ခြားစောင့်တွေရဲ့ မိုဘိုင်းဖုန်းတွေထဲဆီ ပေးပို့အောင် စီမံထားပါတယ်။
ဒေသတွင်းခေါင်းဆောင်တွေကတော့ ဒီတံတိုင်းကြီးနဲ့ အခြားနယ်စပ်လုံခြုံရေးအစီအမံတွေကြောင့် နယ်စပ်ဖြတ်ကျော်အမှုအခင်းတွေ တော်တော်လျော့ပါးသွားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ယူနန်ပြည်နယ် ရဲအရာရှိတစ်ဦးက သူတို့ဟာ ကပ်ရောဂါကို အခွင့်အလမ်းတစ်ခုသဖွယ် အသုံးချပြီး နယ်စပ်ဒေသလုံခြုံရေးကို မြှင့်တင်ခဲ့တယ်လို့ ပြောပါတယ်။
အကျိုးရလဒ်အဖြစ် ၂၀၂၁ နှစ်ကုန်ပိုင်းနောက်ပိုင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုပမာဏ ၆၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ပြောဆိုပါတယ်။ လိမ်လည်မှု၊ လောင်းကစားနဲ့ မူးယစ်မှောင်ခိုကိစ္စတွေ လုပ်ဆောင်ဖို့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေလည်း တမုဟုတ်ချင်း ကျဆင်းခဲ့တယ်လို့ ပြောပါတယ်။
သံသယဖြစ်ဖွယ် ရာဇဝတ်သား ၉၉ ရာခိုင်နှုန်းအထိ ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုတဲ့ သူ့စကားကတော့ ဟုတ်ပါ့မလား ထင်စရာဖြစ်စေပါတယ်။ ဒါပေမယ့် ယူနန်ပြည်နယ်၊ ရွှေလီမြို့ခံတွေက နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဖို့ တော်တော်လေး ခက်သွားပြီဆိုတာတော့ တစ်ညီတည်း ဝန်ခံကြပါတယ်။
နိုင်ငံပိုင်မီဒီယာတွေ ရေးသားတာကတော့ ခုလို ဖြစ်ပေါ်ပြောင်းလဲမှုကို ယူနန်ပြည်သူတွေက ကျေနပ်နေကြပါတယ်တဲ့။ "ကျွန်တော်တို့ကတော့ ပိုပြီးလုံခြုံသလို ခံစားရတယ်။ ကိုယ်နိုင်ငံက ပိုပြီး ဩဇာမြင့်လာသလို ခံစားရတယ်" လို့ အစိုးရပိုင် ယူနန်ဒေးလီးသတင်းစာက ဒေသခံတစ်ယောက်ကို ကိုးကားရေးသားပါတယ်။
တချို့သော ရွှေလီမြို့ခံတွေကလည်း ခုလို ထိန်းချုပ်လိုက်တဲ့အတွက် တရားမဝင် မူးယစ်ဆေးသုံးစွဲမှုတွေကို ထိထိရောက်ရောက် လျှော့ချနိုင်တယ်လို့ ထောက်ခံပြောဆိုပါတယ်။ တချို့ကလည်း တရုတ်နယ်စပ်တံတိုင်း အောင်မြင်ပြီးစီးတာကို မက္ကဆီကိုနဲ့ နယ်စပ်တံတိုင်း ဆောက်ဖို့လုပ်ရာမှာ မအောင်မြင်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အဖြစ်နဲ့ နှိုင်းယှဉ်ပြောဆိုကြပါတယ်။ တရုတ်အမျိုးသားရေးသမား ဘလော့ဂါတွေဆိုရင် အမေရိကန်သမ္မတဟောင်းကို လှောင်ပြောင်နေကြပါတယ်။ ထရမ့်အနေနဲ့ တရုတ်ဆီ အပ်ပြီး တံတိုင်းဆောက်မယ်ဆိုရင်တောင် ပြီးတာ ကြာနေလောက်ပြီလို့ အင်တာနက်သုံးစွဲသူတစ်ယောက်က လှောင်ထားပါတယ်။
ဒါကတော့ ဝါဒဖြန့်မှုအပိုင်းတွေပေါ့။ တကယ်တော့ ယူနန်ပြည်နယ်သူပြည်နယ်သားတွေဟာ စိတ်ပျက်စရာများစွာ ကြုံတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ရွှေလီမြို့ဟာ ကိုဗစ်ကာလအတွင်း တော်တော်ဒုက္ခတွေ့ခဲ့ပါတယ်။
ဒီမြို့ဟာ တရုတ်နိုင်ငံထဲမှာ အတင်းကျပ်ဆုံးနဲ့ အချိန်ကာလအကြာဆုံး လော့ဒေါင်းချခံခဲ့ရတဲ့ မြို့တွေထဲကတစ်မြို့ပါ။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ မြို့ခံတွေ အခြားအရပ်ဒေသ ပြောင်းပြေးတာနဲ့ဆိုတော့ မြို့နေလူဦးရေ ထက်ဝက်ကျော်ကျသွားပြီး နှစ်သိန်းလောက်သာ ကျန်တော့ကြောင်း ဒေသခံအရာရှိတစ်ယောက်က ပြောပါတယ်။ ဒီလို မြို့ခံဦးရေကျဆင်းလာတာအပြင် မြန်မာနိုင်ငံသား များစွာဟာလည်း အတင်းအကျပ် နေရပ်ပြန်ပို့ခံခဲ့ရပါတယ်။ တရုတ်ပြည်ထဲကို ဝင်ဖို့ ကြိုးစားသူတွေဟာလည်း နယ်စပ်တံတိုင်းကို မကျော်ဖြတ်နိုင် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်က နီးနီးလေး ခုတော့ ခရီးဝေး
ရွှေလီမြို့မှာပဲ ဆက်ပြီး နေနေသေးသူတွေက သူတို့ဘဝတွေ ပိုပြီး ခက်ခဲကြမ်းတမ်းလာကြောင်း ပြောကြပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ဖရဲသီးတောင်သူရဲ့အဖြစ်ကိုပဲ ကြည့်ပါ။ (အပိုင်း - ၁ တွင် ဖော်ပြထား)။ သူဟာ ကိုဗစ်မတိုင်ခင်တုန်းက မြစ်ကို ဖြတ်ကူးလိုက်ရုံနဲ့တင် မြန်မာနိုင်ငံဘက်က သူ့လယ်မြေတွေကို သွားလုပ်လို့ရခဲ့ပါတယ်။ အခုတော့ သူဟာ တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ်ကို ရောက်အောင် အရှေ့ဘက်ဆီ ၃၀ ကီလိုမီတာ (၁၉ မိုင်ဝန်းကျင်)လောက် သွားရတယ်။ နယ်စပ်ကို ဖြတ်ပြီးတဲ့အခါ သူ့လယ်မြေတွေဆီ ပြန်ရောက်ဖို့ ၃၀ ကီလိုမီတာလောက် နောက်ပြန်လာရပြန်ပါတယ်။ သူဆိုရင် မြန်မာနိုင်ငံဘက်က မိသားစုနဲ့ မတွေ့ဆုံရတာ ၂၀၂၀ ကတည်းက ဖြစ်ပါတယ်။
နောက်ပြီး အလှကုန်၊ သရေစာ စတဲ့ သာမန်ကုန်စည်တွေကို ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံ ရောင်းဝယ် ဖောက်ကားနေခဲ့ကြသူတွေလည်း အသက်မွေးဝမ်းကြောင်းအလုပ်တွေ ဆုံးရှုံးကုန်ကြပါတယ်။ အလုပ်လက်မဲ့နှုန်းဟာ နယ်စပ်နှစ်ဘက်လုံးမှာ မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုတော့ မြန်မာဘက်ကကုန်တွေဟာ တရားဝင်ဂိတ်တွေကို ဖြတ်ရပြီး အခွန်အတုပ် ကောက်ခံရပါတယ်။ ဒီတော့ ဈေးတွေ မတန်တဆတက်သွားကြောင်း ကုန်သည်တွေက ပြောပါတယ်။ မြန်မာဘက်က တင်သွင်းတဲ့ ကျောက်မျက်ဈေးတွေဟာ နှစ်ဆလောက်တောင် ခုန်တက်သွားတယ်လို့ ရွှေလီမြို့ခံတစ်ယောက်က ပြောပါတယ်။
ဒေသခံတွေဟာ လယ်ကွင်းလေးဖြတ်ရုံ၊ တောတန်းလေးဖြတ်ရုံနဲ့တင် ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံ ရောက်လောက်တဲ့အထိ လွယ်ကူခဲ့တဲ့ကာလကို ပြန်လည်တမ်းတနေကြပါတယ်။ ဒါပေမဲ့လည်း အများစုဟာ နယ်စပ်ဖြတ်ကျော်ရေး တင်းကျပ်သွားတာကို မတတ်သာတဲ့အဆုံး လက်ခံလာကြရပါတယ်။ “ဒီနယ်စပ်တံတိုင်းကြီးက ရှိနေတော့မှာပဲလေ။ အစကတော့ စိတ်ထဲခံစားရပေမဲ့ ခုတော့လည်း ထုံသွားပါပြီ” လို့ ရွှေလီမြို့ခံ စီးပွားရေးသမားတစ်ယောက်က ပြောပါတယ်။
ပြီး။
တရုတ်နယ်စပ်က ခြားနားလာတဲ့ လူမှုဘဝများ (၁)
https://greenwaymyanmar.com/posts/life_has_changed_along_china_border
■
ဝေယံဟိန်း (B.Ag)
Ref: How life has changed along China’s border with South-East Asia - The Economist
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။