တရုတ်က မွေးမြူရေးအစာထဲမှာ ပဲပုပ်ဖတ်လျှော့သုံးလာနိုင်မှု ဘယ်သူတွေကိုသက်ရောက်မလဲ

19/01/2023 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ပဲပုပ်ဖတ်(Soybean meal) ဟာ မွေးမြူရေးအစာထုတ်လုပ်ရေးမှာ အရေးအကြီးဆုံး အသားဓာတ် အရင်းအမြစ် ဖြစ်ပါတယ်။ အသားဓာတ်ပါဝင်မှု မြင့်မားသလို အဲဒီအသားဓာတ်ကို တည်ဆောက်ထားတဲ့ အမိုင်နိုအက်ဆစ်တွေရဲ့ တွဲစပ်ပုံ (Amino acid profile) ကလည်း တိရစ္ဆာန်တွေအတွက် လိုအပ်ချက်နဲ့ ကိုက်ညီလှပါတယ်။ ဒါကြောင့်ပဲ မွေးမြူရေးအစာရောစပ်ရာမှာ ပဲပုပ်ဖတ်ဟာ မပါမဖြစ် ဖြစ်လာနေတာပါ။ 

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ် မှာ ပဲပုပ် (Soybean) အများဆုံးတင်သွင်းတဲ့နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့ပဲပုပ်ကုန်သွယ်ရေးရဲ့ ၆၀% ဟာ တရုတ်နိုင်ငံအပေါ် မှီခိုနေတာပါ။ တင်သွင်းလာတဲ့ ပဲပုပ်စေ့တွေထဲက အများစုကို ဆီကြိတ်ပြီး ပဲပုပ်ဖတ်ကိုတော့ မွေးမြူရေးအစာထဲမှာ ထည့်သွင်းရောစပ်အသုံးပြုတာ ဖြစ်ပါတယ်။ ဒါကြောင့် ယေဘုယျအားဖြင့် အနာဂတ်မှာ တရုတ်ပြည်က ပဲပုပ်စေ့ ဘယ်လောက် တင်သွင်းမယ်ဆိုတာဟာ မွေးမြူရေးအစာလိုအပ်ချက်နဲ့ မွေးမြူရေးအစာထဲမှာ ပဲပုပ်ထည့်သွင်း ရောစပ်တဲ့ အချိုးအစားပေါ် မူတည်နေပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်နှုန်းကို အရင်နှစ်တွေလိုပဲ ဂဏန်း ၁ လုံး နဲ့ပဲ (၁၀% အောက်မှာပဲ) ဆက်လက်ပြီး ပုံမှန်ထိန်းသိမ်းထားဖို့ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ အစာထဲမှာ ပဲပုပ်ဖတ် (Soy bean meal - SBM)  ထည့်သွင်းအသုံးပြုမှုကတော့ ကျဆင်းသွားမယ်လို့ တွက်ချက်ထားကြပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်အစိုးရက ပဲပုပ်သုံးစွဲမှုလျှော့ချရေးအစီအစဉ်ကို  စတင်လိုက်လို့ ဖြစ်ပါတယ်။ သူတို့က စားနပ်ရိက္ခာဖူလုံရေးအတွက် ပြည်ပကတင်သွင်းတဲ့ ပဲပုပ်ဖတ်အပေါ် မှီခိုနေရတာကို လျှော့ချဖို့ ရည်ရွယ်ထားတာမလို့ပါ။

ကမ္ဘာပေါ်မှာ စစ်ရေးပဋိပက္ခတွေဖြစ်ပေါ်လာမှု၊ သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်ရမှုနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေကြောင့် တရုတ်နိုင်ငံအနေနဲ့ တခြားတိုင်းပြည်တွေအပေါ် မှီခိုနေရတာမျိုးအပေါ် စိုးရိမ်စိတ်ရှိနေပုံပါ။ ဒါကြောင့် တတ်နိုင်သမျှ သူများရောင်းပေးမှ ဝယ်သုံးလို့ရမယ့် အခြေအနေမျိုးကို ရှောင်ရှားလာနေပါတယ်။ အဲဒီထဲမှာ ပဲပုပ်ဖတ်ကလည်း တစ်ခုအပါအဝင် ဖြစ်လာတာပါ။ 

ပဲပုပ်ဖတ်ဟာ တိရစ္ဆာန်အစာထဲမှာ အရေးအကြီးဆုံး အသားဓာတ်အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်အစာထုတ်လုပ်ရေးနဲ့ တိရစ္ဆာန်မွေးမြူရေး ကဏ္ဍကြီးတွေဟာ ပဲပုပ်ဖတ် ရရှိနိုင်မှုအပေါ် အများကြီး မှီခိုနေရပါတယ်။ တစ်ဖက်မှာက ပဲပုပ်ကို အဓိကထုတ်လုပ်တင်ပို့နေတာက တရုတ်နိုင်ငံနဲ့ အဆင်မပြေလှတဲ့ နိုင်ငံတွေ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်ပဲ တရုတ်နိုင်ငံဟာ ပဲပုပ်အသုံးပြုမှု လျှော့ချပြီး၊ သူ့နိုင်ငံရဲ့ မွေးမြူရေးအတွက် ပဲပုပ်ထက်ပိုပြီး အဆင်ပြေတဲ့ အသားဓာတ်အရင်းအမြစ် အစာကုန်ကြမ်းကို ပြောင်းလဲအသုံးပြုဖို့ တာစူလာတာပါ။ 

အဲဒီလို အစာထဲမှာ ပဲပုပ်ပါဝင်မှုကို လျှော့ချလိုက်ခြင်းအားဖြင့် ပဲပုပ်ကို အစားထိုးမဲ့ အစာ ကုန် ကြမ်း အမယ်သစ်တွေနဲ့ နည်းပညာသစ်တွေ ရှာဖွေဖော်ထုတ်ဖို့ အခွင့်အလမ်းတွေ တိုးတက်လာဖို့ ရှိတယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုတော့ ယူရပါလိမ့်မယ်။

တရုတ်နိုင်ငံမှာ အသားဓာတ်အရင်းအမြစ်အတွက် အစာကုန်ကြမ်း အမယ်သစ်တွေ အာရုံစိုက်ရှာဖွေနေတာဟာ အခုဆိုရင် အတော်အတန် ခရီးပေါက်နေပြီလို့ ဆိုနိုင်ပါတယ်။ ဥပမာ အင်းဆက်တွေကနေ အသားဓာတ်ထုတ်လုပ်တာ၊ အဏုဇီဝပိုးမွှားတွေကနေ အသားဓာတ်ထုတ်လုပ်တာ စတာတွေပဲ ဖြစ်ပါတယ်။ အဲဒီ အသားဓာတ်အရင်းအမြစ် အသစ်တွေက ရေရှည်မှာ သဘာဝအရင်း အမြစ်တွေ ချွေတာဖို့၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုသတိပြုစရာရှိတာကတော့ အဲဒီနည်းပညာအသစ်တွေဟာ စမ်းသပ်ရှာဖွေ သုတေသနပြုဆဲ အဆင့်တွေမှာပဲ ရှိနေကြသေးတာမို့ ဘယ်ကာလရောက်ရင် စီးပွားဖြစ်ထုတ်လုပ်နိုင်မယ်ဆိုတာကတော့ မသေချာလှသေးပါဘူး။

တရုတ်နိုင်ငံရဲ့ ပဲပုပ်လျှော့ချသုံးစွဲရေး အစီအမံကြောင့် ရေတိုမှာ အကျိုးအမြတ်ဖြစ်ထွန်းမယ့်သူတွေကတော့ အမိုင်နိုအက်ဆစ် (Amino acids) ထုတ်လုပ်သူတွေ ဖြစ်မယ်လို့ ဆိုပါတယ်။ ပဲပုပ်ကို လျှော့ချပြီး ရောစပ်တဲ့ မွေးမြူရေးအစာတွေမှာ တိရစ္ဆာန်တွေအတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် အချိုးအစား ပြည့်ဝနိုင်ဖို့ အမိုင်နိုအက်ဆစ်တွေ ထပ်ပေါင်းဖြည့်စွက်ဖို့ လိုအပ်လာမှာ ဖြစ်လို့ပါပဲ။

တရုတ်နိုင်ငံအတွင်းက အမိုင်နိုအက်ဆစ် ထုတ်လုပ်သူတွေအတွက် ပြည်တွင်းဝယ်လိုအား တိုးတက်လာမှာဖြစ်ပြီး အကျိုးအမြတ် ပိုမိုဖြစ်ထွန်းလာနိုင်ပါတယ်။ ဒါပေမဲ့ ပြည်ပကို တင်ပို့နိုင်မှုမှာတော့ လျော့ကျလာနိုင်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံကနေ အမိုင်နိုအက်ဆစ်တင်သွင်းတဲ့ နိုင်ငံခြားတိုင်းပြည်တွေအနေနဲ့ တခြားအမိုင်နိုအက်ဆစ်ထုတ်လုပ်တဲ့ နိုင်ငံတွေကို တိုးချဲ့ရှာဖွေလာကြဖို့ ရှိတယ်လို့ ဆိုပြန်ပါတယ်။ 

တရုတ်နိုင်ငံက ပဲပုပ်သုံးစွဲမှု လျှော့ချမယ်ဆိုတဲ့ သတင်းဟာ အခြားနိုင်ငံတွေက မွေးမြူသူတွေအဖို့ တော့ “စိတ်ဝင်စားဖွယ်” ဖြစ်ရုံမျှမကပါဘူး၊ “ဝမ်းမြောက်ဝမ်းသာ” ဖြစ်စေနိုင်တဲ့ သတင်းတစ်ပုဒ်တောင် ဖြစ်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ တင်ပို့သမျှ ပဲပုပ်ရဲ့ ၆၀ ရာခိုင်နှုန်းကို တရုတ်ပြည်က ဝယ်ယူနေတာမို့ သူတို့က ပဲပုပ်သုံးစွဲမှု လျှော့ချမယ်ဆိုရင် အခြားနိုင်ငံတွေ ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူဖို့ ပိုပြီး အခွင့်အရေးရလာနိုင်တယ် မဟုတ်ပါလား။ 

တစ်ဖက်မှာတော့ ပဲပုပ်ကုန်သွယ်ရေးဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မြင့်တက်လာလိမ့်ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ပဲပုပ်ကို အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ အမေရိကန်နဲ့ ဘရာဇီးလ်တို့အနေနဲ့ ပဲပုပ်ကို တိုးချဲ့စိုက်ပျိုးပြီး သူတို့နိုင်ငံထဲမှာပဲ ဆီကြိတ်တဲ့လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ကြဖို့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပဲပုပ်ဆီကို ဇီဝလောင်စာ (biofuel) အဖြစ် အသုံးချမှု ပိုမိုများပြားလာတာကြောင့်ပါ။ ဆီကို ဇီဝလောင်စာအတွက် အသုံးချပြီး ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာမဲ့ ပဲပုပ်ဆီကြိတ်ဖတ် (SBM) ကို နိုင်ငံခြားတိုင်းပြည်တွေထံ တိုးချဲ့ တင်ပို့သွားကြပါလိမ့်မယ်။ 

တရုတ်နိုင်ငံက ပဲပုပ်သုံးစွဲမှု လျှော့ချိန်၊ တစ်ဖက်မှာ ပဲပုပ်ဖတ်ထွက်ရှိမှုက တိုးတက်လာမယ်ဆိုတဲ့ အချက်နှစ်ချက်ပေါင်းလိုက်တာက ကမ္ဘာတလွှားက မွေးမြူသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပြည့်နှက်သွားစေနိုင်ပါတယ်။ သို့သော်လည်းပဲ အပျော်တော့ စောလို့မရသေးပါဘူး။ တရုတ်နိုင်ငံအနေနဲ့ ပဲပုပ်ကို သုံးစွဲမှုလျှော့ချတယ်ဆိုရင်တောင်မှ တချို့နှစ်တွေမှာ ပဲပုပ်ကို တိုးချဲ့ဝယ်ယူတာမျိုး ဖြစ်နိုင်သေးတာမလို့ပါ။ 

ပထမအချက်ကတော့ တရုတ်နိုင်ငံဟာ လူဦးရေများပြီး စားအိုးကြီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်သလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် တိရစ္ဆာန်ထွက်ပရိုတင်း (အသား) စားသုံးမှုက မြင့်မားလာနေပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်အရ ပြည်သူလူထုရဲ့ စားနပ်ရိက္ခာဖူလုံရေးဟာ နံပါတ် တစ် အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ပဲပုပ်လျှော့သုံးတဲ့တပြိုင်နက်တည်းမှာ အရန် သိုလှောင်ထားဖို့အတွက် လိုအပ်တာထက် ပိုမိုတင်သွင်းတာမျိုးကို တချို့နှစ်တွေမှာ လုပ်လာနိုင်ပါတယ်။ 

ဒါ့အပြင် ပြည်တွင်းမှာ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု တိုးချဲ့လာသည့်တိုင် ရာသီဥတုဖောက်ပြန်တဲ့အခါ မျိုးနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ အခြေအနေမျိုးကြုံတွေ့လာရရင်လည်း မျှော်မှန်းသလောက် မထုတ်လုပ်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပြည်ပက တင်သွင်းဖို့ လိုအပ်နေဦးမှာပါ။ 

ဒုတိယအချက်ကတော့ ကိုဗစ် - ၁၉ ကပ်ရောဂါနဲ့ ရုရှား - ယူကရိန်း စစ်ပွဲလို ကိစ္စမျိုးတွေ ပေါ်ပေါက်လာတဲ့အခါ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်ပြီး စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်နိုင်တာ လက်တွေ့ကြုံတွေ့ပြီးပြီမို့ တရုတ်အစိုးရအနေနဲ့ အဲဒီလိုအခြေအနေမျိုး ကြိုတင်သုံးသပ်မိချိန်မျိုးမှာ အရန်သိုလှောင်ဖို့ ပဲပုပ် ပိုမိုဝယ်ယူဖြည့်တင်းတာမျိုး လုပ်လာနိုင်ပါတယ်။ 

တတိယအချက်ကတော့ ကုန်သွယ်ရေးကြောင့်ပါ။ ကမ္ဘာ့ကုန်သွယ်ရေးဟာ လိုက်မမီလောက်အောင် ရှုပ်ထွေးလှပါတယ်။ တစ်ခါတရံ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား ကုန်သွယ်ရေး လိုငွေပြမှု၊ ပိုငွေပြမှုတွေကို ချိန်ညှိဖို့အတွက် ကုန်စည်တချို့ကို မလိုဘဲ တင်သွင်းရတာမျိုး ရှိတတ်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်‌ရေးစစ်ပွဲကို ဖြေရှင်းကြချိန်မှာ တရုတ်က အမေရိကန်ရဲ့ ပဲပုပ်ကို ဝယ်ယူပေးဖို့ ညှိနှိုင်းခဲ့ရဖူးပါတယ်။ ဒါကြောင့် တခါတရံမှာတော့ ကုန်သွယ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး ရည်ရွယ်ချက်တွေကြောင့် ပဲပုပ် တိုးမြှင့်ဝယ်ယူတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ 

အထူးသဖြင့်တော့ တရုတ်နိုင်ငံဟာ ပဲပုပ်စေ့ထက် ဆီထုတ်ပြီးသား ပဲပုပ်ဖတ်ကို ပိုမိုဝယ်ယူတင် သွင်းနိုင်ချေ ရှိပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ်၊ လေ့လာသုံးသပ်သူတွေက လာမယ့်နှစ်တွေအတွင်းမှာ တရုတ်နိုင်ငံဟာ ပဲပုပ်တင်သွင်းမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပေမဲ့ ပမာဏတော့ လျော့ကျလာနိုင်ချေရှိတယ်လို့ သုံးသပ်ထားပါတယ်။ ကမ္ဘာ့ပဲပုပ်ဈေးကွက်ဟာ အရှေ့ အလယ်ပိုင်း၊ အရှေ့ တောင်အာရှနဲ့ တောင်အာရှဒေသတွေကို ပိုပြီး အာရုံစိုက်လာဖို့ရှိတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ 

မြန်မာနိုင်ငံဟာလည်း တိရစ္ဆာန်အစာထုတ်လုပ်ရေးအတွက် ပဲပုပ်ဖတ်ကို နိုင်ငံခြားက တင်သွင်းပြီး အသုံးပြုနေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မွေးမြူရေးအစာမှာ ပဲပုပ်လျှော့ချသုံးစွဲမဲ့ အစီအစဉ်ဟာ မြန်မာ့မွေးမြူရေးအပေါ် ဘယ်လိုသက်ရောက်လာမလဲ ဆိုတာကတော့ ရှေ့ဆက်ပြီး စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ကိစ္စပါ။

မြန်မာ့စိုက်ပျိုးမွေးမြူရေးသမားများအတွက် အကျိုးဖြစ်ထွန်းစေတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။ 

ကိုးကား - China’s soy reduction campaign could be an opportunity for alt-protein producers (The Fish Site: 10 January 2023)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်