သင်္ကြန်ပိတ်ရက်အတွင်း စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ တရုတ်နိုင်ငံ ချုံကင်းမြို့ (Chongqing) က မြေအောက်ရထားတွဲတွေပေါ်မှာ တောင်သူလယ်သမား စိုက်ပျိုးရေးသမားတွေရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးခြင်းတောင်းတွေကို သယ်ယူခွင့်ပြုဖို့ ချုံကင်းမြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေက ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းပါ။
တကယ်တော့ ရုံးဆင်းရုံးတက်ချိန်တွေမှာ တောင်သူလယ်သမားတွေရဲ့ ဈေးခြင်းတောင်း အထမ်းတွေကို မြေအောက်ရထားပေါ် တင်ဆောင်ခွင့် ပြုသင့်၊ မပြုသင့် ဆိုတာနဲ့ ပတ်သက်ပြီး ဒေသခံတွေအကြား ငြင်းခုံဆွေးနွေး မှုတွေ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေခဲ့တာ ကြာပါပြီ။
တရုတ်နိုင်ငံဟာ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ပြီး၊ အတော်အသင့်ချမ်းသာတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်လာတာနဲ့အမျှ မြို့ပြတွေ ဖွံ့ဖြိုးကြီးထွားလာနေပါတယ်။ အဲဒီထဲမှာ နိုင်ငံအနောက်တောင်ပိုင်းက ချုံကင်းမြို့တော်ဟာလည်း ကျန်ရစ်မနေခဲ့ပါဘူး။ ချုံကင်းရဲ့မြေအောက်ရထား သယ်ယူပို့ဆောင်ရေးစနစ်ဟာလည်း မြို့ ပေါ်မှာသာမက ချုံကင်းနဲ့ဆက်စပ်နေတဲ့ ကျေးလက်ဒေသတွေဆီပါ ချဲ့ထွင်လာနေပါတယ်။ ဒါကြောင့် ကျေးလက်က အသေးစားတောင်သူတွေဟာ သူတို့စိုက်ပျိုးထုတ်လုပ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကို ဆိုင်းထမ်းတွေနဲ့ မနက်တိုင်း မြို့တော်ကြီးဆီသွားရောက်ပြီး တိုက်ရိုက်ရောင်းချနိုင်ဖို့ မြေအောက်ရထားကို အသုံးပြုလာကြပါ တယ်။ အထူးသဖြင့် မြို့တော်ရဲ့ အရှေ့မြောက်ပိုင်းနဲ့ မြို့လယ်ခေါင်ကို ဆက်သွယ်ထားပြီး ၃၂.၈ ကီလိုမီတာ ရှည်လျားတဲ့ အမှတ် ၄ မြေအောက်ရထားလိုင်းကို ဒေသခံတောင်သူလယ်သမားတွေ အများဆုံးစီးနင်းကြတယ်လို့ ဆိုပါတယ်။
သီးနှံတွေကို ဝါးနဲ့ယက်လုပ်ထားတဲ့ ခြင်းတောင်းနှစ်လုံးမှာ ထည့်ပြီး ဝါးတံပိုးနဲ့ လျှိုထမ်းကြတာဟာ အဲဒီဒေသက တောင်သူလယ်သမားတွေရဲ့ ဓလေ့တစ်ခုမို့၊ မနက်ခင်း ဈေးရောင်ထွက်ချိန်မှာဆို မြေအောက်ရထားပေါ် ဆိုင်းထမ်းသမားတွေနဲ့ စည်ကားနေမှာ အသေအချာပါပဲ။ အဲဒီလို မနက်ခင်းအချိန်မျိုးဟာ ရုံးလုပ်ငန်းတွေ၊ ကုမ္ပဏီကြီးတွေ၊ ဈေးဝယ်စင်တာကြီးတွေ အစရှိတဲ့ မြို့ပြက လုပ်ငန်းခွင်တွေက လုပ်သားတွေ၊ ကျောင်းသူကျောင်းသားတွေ ရုံးတက်၊ ကျောင်းတက်ချိန်မို့ ရထားကြပ်တဲ့အချိန်လည်း ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ပြီး ကျော့ကျော့လေး ရုံးတက်ကြမယ့် မြို့တော်သူမြို့တော်သားတွေအနေနဲ့ကတော့ ရထားပေါ်မှာ ခြင်းတောင်းတွေ၊ ဆိုင်းထမ်းတွေနဲ့ ရှုပ်ထွေးနေတာကို နှစ်သက်ကြမယ် မဟုတ်ပါဘူး။ အဲဒီဆိုင်းထမ်းကြီးတွေဟာ ရထားပေါ်မှာ နေရာအတော်ယူတယ် မဟုတ်ပါလား။ ဒါကြောင့်ပဲ ရထားကျပ်တဲ့ ရုံးတက်ရုံးဆင်းချိန် (Rush hour) တွေမှာ တောင်သူကြီးတွေရဲ့ ဈေးဆိုင်းထမ်းတွေကို မြေအောက်ရထားပေါ် သယ်ဆောင်ခွင့် မပြုသင့်ကြောင်း၊ မြို့တော်သူမြို့တော်သားအချို့က ချုံကင်းမြို့တော်စည်ပင်သာယာဌာနက ဖွင့်လှစ်ထားတဲ့ အွန်လိုင်းအကြံပြုစနစ်မှာ ဝင်ရောက်ပြီး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ချုံကင်းမြို့တော် ရထားသယ်ယူပို့ဆောင်ရေးဌာန (Chongqing Rail Transit) က တာဝန်ရှိသူတွေက အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးတဲ့နောက်မှာတော့ အဲဒီတောင်းဆိုချက်တွေကို ပယ်ချလိုက်ပြီး တောင်သူကြီးတွေရဲ့ ဆိုင်းထမ်းတွေဟာ သတ်မှတ်ထားတဲ့ အရွယ်အစားနဲ့ အလေးချိန်အတွင်းမှာသာဖြစ်မယ်ဆိုရင် သူတို့အနေနဲ့ ဆိုင်းထမ်းတွေနဲ့အတူ မြေအောက်ရထားကို ဘယ်အချိန်မဆို စီးနင်းခွင့်ရှိကြောင်း ထုတ်ပြန်လိုက်ပါတယ်။
တကယ်လို့ တောင်သူကြီးတွေရဲ့ သီးနှံတွေကြောင့် မြေအောက်ရထားတွဲထဲမှာ အနံ့အသက်တွေ၊ ညစ်ပတ်ပေရေတာတွေဖြစ်မယ်ဆိုရင် သန့်ရှင်းရေးဆောင်ရွက်နိုင်ဖို့ ဝန်ထမ်းခန့်ထားပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခရီးသည်တွေအနေနဲ့လည်း အဲဒီလိုကိစ္စတွေကို တွေ့ရင် ချက်ချင်းအကြောင်းကြားနိုင်ဖို့ အရေးပေါ်တယ်လီဖုန်းလိုင်း (hotline) ကို ဖွင့်လှစ်ထားပေးမယ်လို့ ဆိုပါတယ်။
အဲဒီထုတ်ပြန်ချက်အပေါ် ဒေသခံ တောင်သူလယ်သမားတွေအပါအဝင် ပြည်သူလူထုတွေအားလုံးက ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြတယ်လို့ CGTN သတင်းဌာနရဲ့ သတင်းမှာ ဖော်ပြပါတယ်။
အဲဒီသတင်းမှာ ဖော်ပြထား တဲ့ ချုံကင်းမြို့တော်သားတစ်ဦးရဲ့ မှတ်ချက်စကားက အတော်လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူက “အားလုံးပါဝင်နိုင်တဲ့မြို့တော်၊ အားလုံးပါဝင်ခွင့်ရှိတဲ့ မြေအောက်ရထားစနစ်ဟာ ခြင်းတောင်းကြီးတွေကို သယ်လာတဲ့ တောင်သူဦးကြီးတွေအတွက်ရော၊ လပ်တော့ပ်ကွန်ပျူတာတွေကို သယ်လာကြတဲ့ ရုံးဝန်ထမ်းတွေအတွက်ပါ ဖြစ်သင့်ပါတယ်။ တကယ်တော့ သူတို့တွေကြားမှာ ကွာခြားချက်ဆိုတာ မရှိဘူးလေ” လို့ ဆိုပါ တယ်။
ချုံကင်း ရထားပို့ဆောင်ရေး ဌာနနဲ့ ချုံကင်းမြို့တော်သားရဲ့ အဲဒီမှတ်ချက် စကားတို့ဟာ တရုတ်ရဲ့ နိုင်ငံရေး စနစ်နဲ့ တရုတ်လူ့အဖွဲ့အစည်းတို့ရဲ့ တောင်သူလယ်သမားတွေအပေါ်မှာထားရှိတဲ့ သဘောထားအမြင်ကို ထင်ဟပ် ဖော်ပြနေတယ်လို့ ယူဆမိပါတယ်။
ခေတ်မီနည်းပညာတွေနဲ့အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားနေသည့်တိုင်အောင် တရုတ်နိုင်ငံရေးစနစ်နဲ့ တရုတ်လူ့အဖွဲ့အစည်းဟာ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို အခြားသော စီးပွားရေးကဏ္ဍတွေနဲ့ထပ်တူ ကာကွယ်ပေးထားဆဲ ဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ သစ်သီးခြင်းကြီးတွေ သယ်လာတဲ့ တောင်သူဦးကြီးတွေနဲ့ လပ်တော့ပ်ကွန်ပျူတာတွေ သယ်လာတဲ့ မြို့တော်သူမြို့တော်သားတွေကြား မှာ ကွာခြားချက်ဆိုတာမရှိဘူးဆိုတဲ့အချက်ဟာ တရုတ်လူ့အဖွဲ့အစည်းက မျှော်ရည်ထားတဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လိုလူ့အဖွဲ့အစည်းမျိုးဖြစ်ကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ချဲ့ထွင်စဉ်းစားကြည့်ဖြစ်တာက တကယ်လို့များ ဒီဖြစ်စဉ်မျိုးကို ဈေးကွက်စီးပွားရေးစနစ် ပီပီ ပြင်ပြင်ကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းတွေမှာဆိုရင် ဘယ်လိုအဖြေထွက်မလဲ ဆိုတဲ့အချက်ပါ။ တောင်သူတွေလည်း အဆင်ပြေ၊ ခရီးသည်တွေလည်းကျေနပ်တဲ့ ချုံကင်းက ရလဒ်မျိုး ထွက်ပေါ်လာနိုင်ပါ့မလား အတွေးပွားစရာပါပဲ။
မြေအောက်ရထားပို့ဆောင်ရေးစနစ်တစ်ခုရဲ့ ဖောက်သည် (customer) အများစုဟာ မြို့နေလူတန်းစားတွေ ဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်အရတော့ အဓိကဖောက်သည်တွေဖြစ်တဲ့ မြို့နေလူတန်းစာတွေကိုပဲ ဦးစားပေးဖို့ များပါတယ်။ နောက်ပြီး ဆိုင်းထမ်းကြီးတစ်ထမ်းနေရာမှာ မြို့ပြခရီးသည် ၄-၅ ယောက် ပိုပြီးတင်နိုင်မယ်ဆိုရင် ရထားလိုင်း ပြေးဆွဲသူတွေအတွက် ဝင်ငွေ ပိုမိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူတွေရဲ့ ဆိုင်းထမ်း ကြီးတွေကို တင်ဆောင်ရတာက တွက်ချေမကိုက်လှပါဘူး။
ဒါကြောင့် “ဆိုင်းထမ်းတွေကို မြေအောက်ရထားပေါ် တင်ဆောင်ခွင့်မပြု” တဲ့ ဆုံးဖြတ်ချက်၊ ဒါမှမဟုတ် “ဆိုင်းထမ်းတွေအတွက် ကျသင့်ငွေကို အဆမတန်မြှင့်တင်”တဲ့ ဆုံးဖြတ်ချက်၊ ဒါမှမဟုတ်လည်း “ဆိုင်းထမ်းတွေအတွက် သီးသန့်ရထားတွဲ ပြေးဆွဲပြီး တောင်သူလယ်သမားတွေ နဲ့ မြို့နေလူတန်းစားတွေအကြား အဆင့်အတန်းခွဲခြားသတ်မှတ်” တဲ့ ဆုံးဖြတ်ချက်စတဲ့နည်းလမ်းတွေကိုပဲ အသုံးပြုလာနိုင်ချေရှိတယ်လို့ စာရေးသူရဲ့ ပုဂ္ဂလိကအမြင်အရ ယူဆမိပါတယ်။ စာရေးသူ ယူဆချက်က မှားချင်လည်း မှားပါ လိမ့်မယ်။ စာဖတ်သူမိတ်ဆွေများအနေနဲ့ရော၊ ဘယ်လိုမြင်မိသလဲဆိုတာ သိချင်မိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူအနေနဲ့ကတော့ ချုံကင်းက တောင်သူလယ်သမားတွေလို မြန်မာပြည်က စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ကြတဲ့ တောင်သူလယ်သမားတွေကိုလည်း အားလုံးနဲ့ တန်းတူရှုမြင်ပြီး လိုအပ်တဲ့ ပံ့ပိုးကူညီ မှုတွေ ရရှိနိုင်လာမယ့် တစ်နေ့ကို အမြန်ဆုံးရောက်ရှိလာနိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းနေမိတာပါပဲ။
ကိုးကား
Chongqing says 'yes' to farmers carrying bamboo baskets on the subway (CGTN: April 15, 2024)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်