ရာသီဥတုပြောင်းလဲမှုပြင်းထန်လာလေ လူသားများအတွက် သောက်ရေသုံးရေရှားပါလာမှုပြဿနာတွေကြီးလာလေလေ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာတော့ အခုအချိန်ထိ ဒီပြဿနာမကြုံရသေးပေမဲ့ ကိုယ်နဲ့မဆိုင်ပါဘူးဆို ပြီး လျစ်လျူရှုထားရင်တော့ တချိန်ချိန်မှာ ကြုံလာနိုင်ပါတယ်။
ဒါကြောင့် ဂေဟစနစ်ပျက်ယွင်းမှုကို အချိန်မီ ပြန်လည်ပြင်ဆင်ထိန်းသိမ်းနိုင်အောင် သိထားရမဲ့အချက်များကို အပိုင်း(၁) မှာ အချက်ငါးချက်နဲ့ ဖော်ပြခဲ့ပြီးပါပြီ။
အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://greenwaymyanmar.com/posts/Climate_change_and_water_crisis_1
အခု အပိုင်း(၂) မှာတော့ ကျန်ရှိနေတဲ့ အချက်ငါးချက်နဲ့ အိမ်နီးချင်းနိုင်ငံတွေက ကြိုးပမ်းဆောင်ရွက်နေမှုအချို့ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
(၆)
သက္ကရာဇ် ၂၀၀၀ ခုနှစ်အတွင်း အာရှဒေသအတွင်းမှတ်တမ်းပြုစုထားချက်များအရ ရေလွှမ်းမိုးခြင်းနှင့်ဆက်စပ်သောသဘာဝဘေး(Flood-related disasters) အန္တရာယ်တွေက ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၃၄% မြင့်တက်ခဲ့ကြောင်းတွေ့ရပါတယ်။
ရေလွှမ်းမိုးမှုကြောင့် သေဆုံးဒဏ်ရာရမှုနဲ့ စီးပွားရေးဆုံးရှုံးပျက်စီးမှု အများအပြားရှိခဲ့ပါတယ်။ ဒါကြောင့် ရေ လွှမ်းမိုးမှုကို ဖြစ်ပေါ်စေတဲ့ မိုးလေဝသအခြေအနေ၊ ဆည်မြောင်းတာတမံများ ကျိုးပေါက်နိုင်မှုအခြေအနေတွေနဲ့ ရေလွှမ်းမိုးမှုဒဏ်ခံရနိုင်မဲ့ဒေသမှာ နေထိုင်သူပြည်သူများအနေနဲ့ အသက်ဆုံးရှုံးမှုမဖြစ်အောင် ဘယ်လိုအချိန်တွေမှာ ဘယ်လိုနေရာတွေကို ရှောင်တိမ်းသင့်ကြောင်း၊ စီးပွားရေးဆိုင်ရာ ဆုံးရှုံးပျက်စီးမှုတွေဖြစ်လာရင် ဘယ်လိုပြန်ထူထောင်သင့်ကြောင်း၊ စသည်ဖြင့်အသိပညာပေးရုံမျှမက ဘယ်လိုဝိုင်းဝန်းကူညီပေးကြမလဲဆိုတဲ့အစီအစဉ်တွေကိုလဲ ဒေသခံပြည်သူလူထုနဲ့အတူပူးပေါင်းစီစဉ်ထားကြဖို့ လိုပါမယ်။
(၇)
လေထုအတွင်း ညစ်ညမ်းမှုဖြစ်စေပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်(CO2)ဓာတ်ကိုစုပ်ယူသိုလှောင်နိုင်စွမ်းမြင့်မားတဲ့ ဒီရေတောတွေ၊ ပင်လယ်ကြမ်းပြင်နားမှာပေါက်ရောက်ကြတဲ့ ပင်လယ်မြက်(seagrasses)တွေ၊ ရွှံ့ညွံထူထပ်သောစိမ့်/စိမ့်မြေတွေရှိတဲ့ ပင်လယ်ကမ်းနားက"ရေတိမ်ဒေသတွေ"ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလည်း ထိန်းသိမ်းပေးပါတယ်။
ဒါကြောင့် ပင်လယ်ကမ်းခြေတွေ၊ ဒီရေတောပေါများတဲ့မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ စိမ့်မြေများရှိတဲ့မြေနိမ့်ပိုင်း ရေတိမ်ဒေသကပြည်သူလူထုကို ဒီရေတောတွေ၊ ပင်လယ်ကြမ်းပြင်မှာပေါက်ရောက်တဲ့ပင်လယ်မြက်(seagrasses)တွေ၊ ရွှံ့ညွံထူထပ်သောစိမ့်/စိမ့်မြေတွေရှိတဲ့ ပင်လယ်ကမ်းနားက ရေတိမ်ဒေသတွေကို ထိန်းသိမ်းစောင့်ရှောက်ရမဲ့အကြောင်း အသိပညာပေးဖို့ လိုပါမယ်။
ဒီရေတောတွေပွားများလာအောင်စိုက်ပျိုးပြုစုတဲ့လုပ်ငန်း၊ ပင်လယ်ကြမ်းပြင်က သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းတွေလုပ်ဆောင်ပုံနဲ့ အကောင်အထည်ဖေါ်ဆောင်ရွက်မဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ကြအောင်လည်း အသိပညာပေးကြဖို့လိုပါမယ်။
(၈)
ဒီရေတောပေါများတဲ့မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ စိမ့်မြေများရှိတဲ့ မြေနိမ့်ပိုင်း ရေတိမ်ဒေသတွေဟာ ပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တွေကိုဆန့်ကျင်သော ကြားခံအဖြစ်(buffer against extreme weather events)လည်း ဆောင်ရွက်ပေးပါတယ်။
မုန်တိုင်းဒီရေတက်ခြင်း - Storm Surge ကိုကာကွယ်ပေးတဲ့ သဘာဝအကာအရံတွေအဖြစ်တည်ရှိနေပြီး မိုးရွာသွန်းခြင်းကိုမြင့်တက်စေတဲ့အပြင် မိုးရေများကို စုပ်ယူထိန်းသိမ်းပေးတာလည်း လုပ်ပေးပါတယ်။ စိမ့်မြေနဲ့ မြေနိမ့်ပိုင်း ရေတိမ်ဒေသတွေက အပင်တွေနဲ့ အဏုဇီဝပိုးမွှားတွေဟာ အဲ့ဒီမြေထုအတွင်း ရေသိုလှောင်ခြင်းနဲ့ရေသန့်စင်ခြင်းများအတွက်လည်း အထောက်အကူပြုပေးကြပါတယ်။
ဒါကြောင့် ဒီရေတောများထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ တိုးပွားလာအောင် ထပ်မံစိုက်ပျိုးခြင်းများလုပ်ကြရန်၊ ဒီရေတောတွေကို ခုတ်ထွင်ရှင်းလင်းခြင်း/အသုံးပြုခြင်းမှ ရှောင်ကြဉ်ကြရန် ဒေသခံပြည်သူတွေကို အသိပညာပေးပြီး အတူတကွအကောင်အထည်ဖော် ဆောင်ရွက်ကြရပါမယ်။
(၉)
ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ခြင်းစတဲ့ ရေနဲ့ဆက်စပ်ဖြစ်ပေါ်သော သဘာဝဘေးများအတွက် ကြိုတင်သတိပေးစနစ်များထူထောင်ခြင်း၊ ဒေသခံပြည်သူများမှ ကြိုတင်သတိပေးနည်းများကို လေ့လာဆည်းပူးကာ အောင်မြင်စွာကြိုတင်သတိပေးနိုင်ခြင်းဖြင့် ကိုယ်ဒေသအတွင်းက စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ အရင်အချိန်များထက် ၁၀ ဆ ကျော်ပြန်တက်လာနိုင်ပါမယ်။
ဒေသတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်တာတွေကို ကြိုတင်သတိပေးနိုင်တဲ့ ပညာရှင်တွေနဲ့နည်းစနစ်ကောင်းကောင်းတွေ ရှိလာတဲ့အခါ ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် အခြားဒေသတွေမှ လာရောက်ပြီးရင်းနှီးမြှုပ်နှံလိုသူတွေရဲ့ ယုံကြည်စိတ်ချမှု မြင့်တက်လာစေနိုင်တာကြောင့်ပါပဲ။
ဒါ့အပြင် ဖြစ်လာနိုင်မဲ့ မုန်တိုင်းတစ်လုံးအတွက် ၂၄ နာရီ ကြိုတင်သတိပေးချက် တိကျမှုရှိရင် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ၃၀% အထိ လျှော့ချပေးနိုင်တယ်လို့ ပညာရှင်များကတွက်ချက်သုံးသပ်ထားကြပါတယ်။
ဒေသခံပြည်သူများထဲက သဘာဝဘေးကြိုတင်သတိပေးခြင်းကို စိတ်ဝင်စားသူများအတွက် လေ့လာဆည်းပူးနိုင်အောင်ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့ လိုပါမယ်။
(၁၀)
ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို ခံနိုင်တဲ့ ရေပေးဝေမှုစနစ်နဲ့ ရေသန့်စင်တဲ့လုပ်ငန်းတွေ သက်ဆိုင်ရာဒေသတွေအတွင်း တိုးတက်ဖွံ့ဖြိုးလာအောင်အထောက်အကူပြုပေးတာ၊ ဒီလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံသူတွေဘက်က ယုံကြည်စိတ်ချနိုင်စွမ်းတိုးမြင့်လာအောင် ဒေသခံပြည်သူတွေကဝိုင်းဝန်းဆောင်ရွက်တာတွေ စုပေါင်းလုပ်နိုင်ကြမယ်ဆိုရင် ကမ္ဘာတဝန်းက အနာဂတ်မွေးကင်းစကလေးငယ် ၃ သိန်းခြောက်သောင်းကျော်(၃၆၀,၀၀၀)ရဲ့ အသက်တွေကို ကယ်တင်ပေးနိုင်မှာဖြစ်ပါတယ်။
ဒေသခံပြည်သူတွေကလုပ်နိုင်ရင်လုပ်၊ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်တာလုပ်ရင်လုပ် ဒီ ၂ ခုထဲက တစ်ခုခုလုပ်နိုင်အောင် အထက်မှာဖော်ပြခဲ့ပြီးတဲ့ ရေနဲ့ဆက်စပ်တဲ့သဘာဝဘေးတွေ လျှော့ချနိုင်မဲ့လုပ်ငန်းစဉ်တွေကို ဒေသခံပြည်သူလူထုပူးပေါင်းလက်တွဲပြီး အရင်အကောင်အထည်ဖော်ကြဖို့ လိုပါတယ်။
အိမ်နီးချင်းနိုင်ငံများမှ ဆောင်ရွက်နေမှုအချို့
အိန္ဒိယနိုင်ငံမှာ ဂင်္ဂါမြစ်ဝှမ်းတစ်လျှောက် မြစ်ကမ်းဘယ်-ညာ၂ ဖက်က မြစ်ကမ်းပါးထိန်းသိမ်းမှုကို အထောက် အကူဖြစ်စေတဲ့ မြက်မျိုးတွေနဲ့ မြစ်ကမ်းပါးတစ်လျှောက်က သစ်တောတွေပြန်လည်စိုက်ပျိုးပြီး ဂင်္ဂါမြစ်ဝှမ်းတစ်လျှောက်မှာနေထိုင်ကြတဲ့ ပြည်သူတွေအတွက် သင့်တင့်မျှတတဲ့ရာသီဥတုအခြေအနေပြန်လည်ရရှိအောင်၊ ပျက်စီးယိုယွင်းလာတဲ့ ဂေဟစနစ်ပြန်လည်ထိန်းသိမ်းနိုင်အောင် နှစ်ရှည်စီမံကိန်းကြီးတွေချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြပါတယ်။
ထို့ပြင် ပညာရှင်တွေက အဖွဲ့ငယ်လေးတွေခွဲပြီး မြစ်တစ်လျှောက်က တံငါသည်များကို ဂင်္ဂါမြစ်အတွင်းက လင်းပိုင်များအသက်အန္တရာယ်မဖြစ်စေရေး ကာကွယ်စောင့်ရှောက်ပေးရန်၊ မြစ်ကမ်းပါးအနီးက လုပ်ငန်းရှင်များကို သူတို့လုပ်ငန်းတွေက စွန့်ထုတ်လိုက်တဲ့ရေဆိုးတွေ မြစ်အတွင်းစီးဝင်မှုနည်းပါးအောင် ပညာပေးတာ၊ ကန့်သတ်တာ၊ တားဆီးအရေးယူတာတွေကို လက်ရှိအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။
သူတို့ရဲ့ဆောင်ရွက်မှုရလဒ်တွေကို လာမဲ့သက္ကရာဇ် ၂၀၃၀ မှာ အပြီးသတ်ဆောင်ရွက်နိုင်အောင် ကြိုးစားအကောင်အထည်ဖော်နေကြပြီး စီမံကိန်းကြီးပြီးသွားရင် ဂင်္ဂါမြစ်တစ်လျှောက်သာယာလာမယ်၊ မြစ်ရေ(ရေချို)ကိုမှီခိုနေကြရတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေတွေ ပိုကောင်းလာမယ်၊ မြစ်အတွင်းက လင်းပိုင်သတ္တဝါတွေအပြင် အခြားငါးမျိုးစိတ်တွေလဲ ပိုမိုတိုးပွားလာပြီး နိုင်ငံအတွက် အဲ့ဒီမြစ်အတွင်းက ငါးသယံဇာတပိုမိုမြင့်မားလာမယ်လို့ စီမံကိန်းဆောင်ရွက်နေကြတဲ့ ပညာရှင်များက ဆိုပါတယ်။
ကျနော်တို့မြန်မာနိုင်ငံသားများရဲ့ ဂေဟစနစ်အမွေအနှစ်ကြီးတွေဖြစ်ကြတဲ့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်နဲ့ သံလွင်မြစ်ကြီးတွေမှာရော ...
ကျနော်တို့ဒေသခံပညာရှင်တွေက ဦးဆောင်ပြီး အသိပညာပေးတာ၊ မြစ်ကြီးများတစ်လျှောက် သဘာဝသစ်တောတွေပြန်လည်စိုက်ပျိုးတာ၊ မြစ်ကမ်းပါးတွေကို ထိန်းသိမ်းနိုင်မဲ့မြက်မျိုးတွေ စုပေါင်းစိုက်ပျိုးကြတာ၊ မြစ်ကမ်းပါးအနီးက "မြစ်အတွင်းရေဆိုးစွန့်ပစ်နေကြတဲ့ လုပ်ငန်းရှင်တွေ အသိတရားရလာအောင် ဝိုင်းဝန်းစည်းရုံးပြောဆိုကြတာ" စသည် .. စသည်ဖြင့် ဝိုင်းဝန်းဆောင်ရွက်နိုင်ကြရင် မြစ်ကြီးများတစ်လျှောက် ရာသီဥတုပြန်လည်မျှတပြီး ပျက်စီးယိုယွင်းနေတဲ့ ဂေဟစနစ်တွေပြန်လည်ထိန်းသိမ်းနိုင်လာပါမယ်။
သို့ပေမဲ့ အိန္ဒိယနိုင်ငံက ရည်မှန်းချက်ထားဆောင်ရွက်နေတဲ့ ၂၀၃၀ ခုနှစ်ကိုတော့ ကျနော်တို့ မမီနိုင်ဘူး၊ ကျနော်တို့ပြည်သူတွေမှာ "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရကောင်းမှန်းသိတဲ့ အသိပညာ"ရလာဖို့ကတော့ နှစ်ပေါင်းများစွာ နောက်ကျကျန်နေနိုင်သေးတယ်လို့ တွေးမိပါတယ်။ အရေးအကြီးဆုံး အဓိကအကျဆုံးကတော့ ဒေသခံပြည်သူတွေအားလုံး အသိပညာကြွယ်ဝလာဖို့ပါပဲ။
အခုဖော်ပြခဲ့တဲ့ အချက် ၁၀ ချက်ကို မိမိနိုင်သလောက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကုလသမဂ္ဂက ဦးဆောင်လှုပ်ရှားဆောင်ရွက်နေတဲ့ (UN Decade on Ecosystem Restoration - ဂေဟစနစ် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကုလသမဂ္ဂ ဆယ်စုနှစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာမှာ များစွာသော အထောက်အကူဖြစ်လာနိုင်မဲ့အပြင် မိမိတို့နေထိုင်ရာဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝဘေးတွေက ကာကွယ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။
Ref: https://youtu.be/kLz4vPLNHfM
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။