ကျူးဘားမှာ ကြက်သွန်ဖြူတစ်ဥ ဝယ်ဖို့ ဘာကြောင့် ဒီလောက် ခက်ခဲရသလဲ..?

14/02/2022 17:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

" ကျူးဘားမှာတော့ ငွေလိုချင်ရင် ကြက်သွန်ဖြူ ဝယ်ရောင်းလုပ်" ဆိုပြီး နိုင်ငံအနောက်ပိုင်း အာတီမီစာပြည်နယ် က လယ်သမားတစ်ယောက်က ပြောပါတယ်။ ဈေးကြီးလွန်းတာကြောင့် "ရွှေဖြူ" လို့တောင် ခေါ်ကြတဲ့ ကြက်သွန် ဖြူဟာ ကျူးဘားဟင်းလျာမှာ အစပ်အဟပ်တည့်တည့် ထည့်ချက်ရတဲ့ မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးပါ။

ဒီကွန်မြူနစ် ကျွန်းစုနိုင်ငံလေးမှာ ရှားပါးပြတ်လပ်တာတွေက များလှပါတယ်။ ဒီထဲမှာ ကြက်သွန်ဖြူလည်း အပါအဝင်ပါပဲ။ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးက ရှားတော့ စိုက်ရေးပျိုးရေး ပိုပြီး အခက်တွေ့ရတယ်။ ဒါ့အပြင် ကြက်သွန်ဖြူက တစ်နှစ်မှတစ်ကြိမ် ဇန်နဝါရီတစ်လတည်းမှာပဲ ပေါ်တာပါ။

နှစ်စဉ်နှစ်တိုင်း မြို့တော် ဟာဗာနာရဲ့ လမ်းမတွေပေါ်မှာ ကြက်သွန်ဖြူကို ကျောပိုးအိတ်ထဲ ထည့်လွယ်ပြီး ပတ်ရောင်းနေတဲ့ လမ်းဘေးဈေးသည်တွေ အများကြီးရှိတယ်။ မသိရင် ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ ရောင်းနေကြတဲ့ ဈေးသည်တွေအတိုင်းပါပဲ။

ကြက်သွန်ဖြူဈေးဟာ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ဆို ထိုးတက်နေပြီ။ ကုန်အများစုက မှောင်ခိုဈေးကွက်ထဲကို ရောက်နေတာပါ။ ဟာဗာနာမြို့ရဲ့ ရပ်ကွက်တစ်ခုမှာနေတဲ့ ပင်စင်စားတစ်ယောက်က ကြက်သွန်ဖြူ တစ်ဥကို ၂၅ ပီဆို (ကျပ် ၂၀၀၀ နီးပါး) လောက် ပေးနေရပြီလို့ ငြီးတွားတယ်။ ကြက်သွန်ဖြူ ပေါင်ထုပ်တစ်ထုပ်ကို ၂၄၀ ပီဆို (ကျပ် ၁၈၀၀၀ နီးပါး) ဆိုတော့ စက်တင်ဘာလတုန်းကထက် လေးဆလောက် ခုန်တက်သွားတာပါ။

ကြက်သွန်ဖြူ ဝယ်ယူလို့ရတဲ့ နောက်နည်းလမ်းတစ်ခုက ဝယ်ရောင်းသမားတွေဆီကတစ်ဆင့်ပါ။ ဝယ်ရောင်း လက်ကြီးသမားတွေက ကြက်သွန်ဖြူစိုက်ပျိုးသူတွေကို ဒေါ်လာ ငါးသောင်းကနေ တစ်သိန်းလောက်အထိ ပုံပေး ထားပြီး ပေါ်သမျှ ကြက်သွန်ကို အကုန်သိမ်းတယ်။ ပြီးတော့မှ ဝယ်ရောင်းကွန်ရက်ကြီးထဲကို ပြန်ရောင်းတယ်။ သူတို့တွေကနေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း လက်ဆင့်ကမ်း ရောင်းချသွားကြတာပါပဲ။

လက်ကြီးသမားကြီးတွေကတော့ ဒီလွှဲပြောင်းရောင်းချမှုတွေကနေ ငွေတော်တော် ခိုင်ကြပါတယ်။ တချို့ မြို့ငယ် တွေမှာ ကြက်သွန်ဝယ်ရောင်းသမားကြီးတွေ ဘဏ်ကို ငွေအသွင်းအထုပ် လာလုပ်ပြီးဆိုရင် ဘဏ်ကိုတောင် ခဏပိတ်ပြီး ဝန်ဆောင်မှုပေးကြရတယ်။ ငွေတွေ အထုပ်လိုက်အထည်လိုက်နဲ့ လာတာကြောင့်ပါ။ "သူတို့ကား တွေကို တွေ့လိုက်တာနဲ့ ဘဏ်မှာ ကြက်သွန်ဝယ်ရောင်းသမားတွေ ရောက်နေပြီဆိုတာ သိလိုက်ပါပြီ" လို့ အာတီမီဆာပြည်သား လယ်သမားက သက်မချရင်း ပြောတယ်။

 ကြက်သွန်နဲ့ ထောကြတာ အခုမှတော့ မဟုတ်ပါဘူး။ ကျူးဘားအာဏာရှင် ဖီဒယ်ကက်စထရို လက်ထက် ၁၉၈၆ လောက်တုန်းကတည်းကပါ။ အစိုးရဆီ မဖြစ်မနေ ပေးသွင်းရတဲ့ ကြက်သွန်ဖြူကို ပေးသွင်းအပြီး လက်ကျန်ကို လက်သိပ်ထိုး ရောင်းချတာနဲ့တင် လယ်သမားတစ်ယောက်ဟာ တစ်နှစ်ကို ဒေါ်လာ ၅၀၀၀၀ လောက် ကျန်တယ်တဲ့။ ဒါဟာ အဲဒီကာလတုန်းက ခွဲစိတ်ဆရာဝန်တစ်ယောက်ရတဲ့ လုပ်ခထက် ၁၀ ပိုများပါတယ်။ နောက်ပိုင်း တော့ ကွန်မြူနစ်အစိုးရက သိသွားတယ်။ အရင်းရှင်ဆန်ဆန် ပြုမူကြလေခြင်းရယ်လို့ ယမ်းပုံမီးကျဖြစ်ပြီး တောင်သူတွေ လက်သိပ်ထိုး ရောင်းချနေတဲ့ ကြက်သွန်ဖြူဈေးကွက်တွေကို ပိတ်ပစ်လိုက်ပါတယ်။

 ယနေ့မှာတော့ ကပ်ရောဂါဟာ အခြေခံကုန်စည် ပြတ်လပ်နေတဲ့ ကျူးဘားအခြေအနေကို ပိုဆိုးရွားစေခဲ့ပါပြီ။ ဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေး၊ မျိုးစေ့၊ တိရစ္ဆာန်အစာ/ဆေး အစစအရာရာ ပြတ်လပ်နေတယ်။ အရင်နှစ် နွေတုန်းက ယုန်တွေမှာ ရောဂါတစ်မျိုး ကျရောက်ပြီး ကောင်ရေ ထောင်သောင်းချီ သေဆုံးသွားခဲ့တယ်။ ဒီတစ်ခါ ဝက်တွေအလှည့် ရောက်လာတော့မယ်။ မလှမ်းမကမ်းက ဒိုမီနီကန်သမ္မတနိုင်ငံမှာ ASF အာဖရိကဝက်နာရောဂါ ကပ်အသွင်ကျရောက်နေတာကြောင့် ကျူးဘားမှာလည်း သတိကြီးကြီး ထားနေရပြီ။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကျူးဘားအစိုးရက တောင်အမေရိကတိုက် ဒေသတွေမှာ အကြိုက်စားကြသလို ပူးတွေကို အသားရင်းမြစ်အဖြစ် စားကြဖို့ အကြုံပြုဖူးပါတယ်။ ဒါဟာလည်း အများစု နှာခေါင်းရှုံ့တာ ခံရတဲ့ စိတ်ကူးတစ်ခုပါပဲ။

ပြောရရင်တော့ ကျူဘားမှာ ကြက်သွန်ဖြူတွေ ပေါပေါများများ ရနေရင်တောင် ပြဿနာက မကုန်သေးပါဘူးလေ။

ဝေယံဟိန်း (B.Ag)

Ref: The Economist

Why it is so tricky to buy a bulb of garlic in Cuba

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်