စွန့်လွှတ်ဝံ့သူဘလက်စ်မန်းနှင့် ကြက်ဥကိုစား အားရှိပါ၏

04/08/2023 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

လွန်ခဲ့သည့် အနှစ် ၂၀။ 

အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်မှ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာဂျင်မ်ဘလက်စ်မန်း (Dr Jim Blessman) သည် သူ၏ မိသားစုအတွက် ထူးခြားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့သည်။ 

ချမ်းသာကြွယ်ဝသည့် အမေရိကန်ပြည်ထောင်စုတွင် ရရှိထားသော အောင်မြင်နေသည့်ဆရာဝန်ဘဝကို စွန့်လွှတ်ခဲ့ကာ အာဖရိကတိုက်ရှိ ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသလေးသို့ ပြောင်းရွှေ့အခြေချကြရန်ဖြစ်သည်။ သူက ငွေကြေးအတွက် ပူပန်စရာမလိုသည့် ဆရာဝန်ဘဝတွင် အသက်မွေးနေခြင်းထက်၊ အာဟာရပြည့်ပြည့်ဝဝ မ ရရှိနိုင်သည့် အာဖရိကလေးငယ်များကို လုံလောက်သည့်အာဟာရထောက်ပံ့ကျွေးမွေးနိုင်ရန် အာသီသ ရှိနေသည်။ 

ကံကောင်းသည်မှာ သူ၏ ခက်ခဲလှသော ဆုံးဖြတ်ချက်ကို မိသားစုကပါ လက်ခံပြီး သူနှင့်အတူ ပါရမီ ဖြည့်ခဲ့ခြင်းဖြစ်သည်။ 

သည်လိုနှင့် Dr Blessman တို့ မိသားစုကလေး တောင်အာဖရိကနိုင်ငံ၊ လင်ပိုပို (Limpopo) ဆိုသော အရပ်ဒေသလေးသို့ ရောက်ရှိကာ ဆင်းရဲနွမ်းပါးပြီး စားနပ်ရိက္ခာမလုံလောက်သည့် ကလေးငယ်များအတွက် အစားအ သောက်ထောက်ပံ့သည့် လုပ်ငန်းကို စတင်ဖြစ်ခဲ့သည်။

သူတို့မိသားစုလေးသည် Blessman International ဟု အမည်ရသည့် အဖွဲ့လေးကို တည်ထောင်လိုက်သည်။ ထို့နောက် Convoy of Hope နှင့် Meals from the Heartland ဟူသော အဖွဲ့နှစ်ဖွဲ့နှင့် လက်တွဲကာ အာဟာရထောက်ပံ့မှုကို စတင်ခဲ့ခြင်းဖြစ်သည်။ အစပိုင်းတွင် ကောက်ပဲသီးနှံ တစ်မျိုးမျိုး၊ ပဲပုတ်၊ ဟင်းသီးဟင်းရွက်နှင့် ဗီတာမင်များ ပါဝင်သည့် ထမင်းပွဲများကို ကလေးငယ်များထံ နေ့စဉ် ဖြန့် ဝေပေးခဲ့သည်။ 

Dr Blessman ၏ စီမံကိန်းမှာ ယခုဆိုလျှင် စားနပ်ရိက္ခာဖြန့်ဈေရေးစခန်း ၁၀ ခုမှ ကလေးဦးရေ ၆၀,၀၀၀ အတွက် အစားအသောက်များကို နေ့စဉ် ဖြန့်ဝေပေးနိုင်နေပြီဖြစ်သည်။

ယခုနှစ်တွင်တော့ Dr Blessman ၏ စားနပ်ရိက္ခာထောက်ပံ့မှု အစီအစဉ်ကို တိုးချဲ့လိုက်သည်။ ကလေး တစ်ယောက်လျှင် “တစ်ရက် ကြက်ဥတစ်လုံး စားနိုင်ရမည် (an egg a day)” ဆိုသည့် ရည်မှန်းချက်ကို အကောင် အထည်ဖော်နိုင်ရန် ဖြစ်သည်။ ထို့အတွက် Dr Blessman သည် ကြက်ဥများ လိုအပ်လာတော့သည်။

သူ၏ ကြိုးပမ်းအားထုတ်မှုအပေါ် ဥစားကြက်မျိုးများ ထုတ်လုပ်သည့် ကမ္ဘာကျော် Hy-line ကုမ္ပဏီကြီးက မျက်စိကျခဲ့သည်။ ထို့ကြောင့် an egg a day အစီအစဉ်တွင် ပါဝင်လာခဲ့သည်။ Hy-line brown နှင့် Hy-line silver မျိုး ဥစားကြက်မဒမ်းများကို ယခုနှစ် ဇန်နဝါရီလတွင် စတင်မွေးမြူခဲ့ရာ၊ သုံးလအကြာတွင် ဥနှုန်း ၉၀ ရာခိုင်နှုန်းကျော် ရရှိပြီး ရှင်သန်နှုန်းမှာလည်း ၁၀၀ ရာခိုင်နှုန်းနီးပါး ရရှိသည်ဟု ဆိုသည်။ 

 

အာဖရိကရင်သွေးငယ်များအား အရည်အသွေးပိုမိုပြည့်ဝသည့် အသားဓာတ်အရင်းအမြစ်အဖြစ် ကြက်ဥများ တစ်နေ့တစ်လုံး ကျွေးနိုင်တော့မည့်အပေါ် Dr Blessman တစ်ယောက် ပီတိများဖြင့် စိတ်လှုပ်ရှားနေတော့သည်။ 

 

ယင်းစီမံကိန်းတွင် သုတေသနလုပ်ငန်းတစ်ရပ်ကိုလည်း ပူးတွဲအကောင်အထည်ဖော်သွားမည်ဟု Bless-man International က ဆိုသည်။ ကြက်ဥကျွေးမွေးကာ အာဟာရပိုမိုဖြည့်စွက်ပေးလိုက်ခြင်းဖြင့် ကလေးငယ်များ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုများအား လေ့လာသွားရန် ဖြစ်သည်။

Mokopone ဆိုသော အရပ်ဒေသရှိ အာဟာရချို့တဲ့မှုဒဏ် အပြင်းအထန်ခံနေရသော ကလေးငယ်များကို တစ်ရက်လျှင် ကြက်ဥ ၂ လုံးနှုန်း ကျွေးမွေးကာ သုတေသနပြုလုပ်သွားမည်ဟု ဆိုသည်။ ယင်းသုတေသလုပ်ငန်းကို Blessman Inter-national နှင့်အတူ Limpopo တက္ကသိုလ်၊ အိုင်အိုဝါတက္ကသိုလ်၊ Venda တက္ကသိုလ်တို့မှ ဆေးပညာကောလိပ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ရလဒ်များကို ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန်နိုင်လိမ့်မည်ဟု ဆိုသည်။ သုတေသနစီမံကိန်း၏ ရှင်းလင်းပြတ်သားသည့် ရည်ရွယ်ချက်မှာ အာဟာရချို့တဲ့မှုကို ကြက်ဥဖြင့် ဖြေရှင်းနိုင်ခြင်း ရှိ၊ မရှိ ဖော်ထုတ်ကာ လက်တွေ့ပြသနိုင်ရန်နှင့် Blessman International ၏ အစားအသောက်ထုတ်လုပ်ကာ စားနပ်ရိက္ခာထောက်ပံ့ပုံ နမူနာကို အခြားသော စားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ်များအား မျှဝေပေးနိုင်ရန်ဖြစ်သည်ဟု ဆိုသည်။ 

 

Dr. Blessman မိသားစုသည် ချစ်ခြင်းမေတ္တာတရား၏ သက်သေဖြစ်ပါသည်။ Blessman ဟူသော သူတို့ မိသားစု၏ မိသားစုနာမည်ကို တိုက်ရိုက်လုံးကောက် ဘာသာပြန်ကြည့်လျှင်လည်း “Bless - ကောင်းမြတ်ခြင်း” နှင့် “man - လူသား” ဟူ၍ တွေ့ရပါလိမ့်မည်။ သူတို့မိသားစုကို “ကောင်းမြတ်သောလူသား” တွေဟုသာ ညွှန်းဆိုလိုက်ချင်ပါသည်။ 

စားနပ်ရိက္ခာသည် လူသားတစ်ရပ်လုံး၏ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပါသည်။ ကြက်ဥသည် စားနပ်ရိက္ခာ နှင့် အာဟာရဓာတ် လိုအပ်ချက်အတွက် အဖြေ ဖြစ်ပါသည်။ 

Dr. Blessman သည် သူတို့၏ ကောင်းမွန်သော စိတ်ထားဖြင့် လုပ်ဆောင်ခဲ့သော ကောင်းမွန်သည့် လုပ်ရပ်များနှင့် ရလဒ်များအတွက် ပီတိကိုစားကာ အားရှိနေပါလိမ့်မည်။ အာဖရိက ရင်သွေးငယ်များသည်လည်း ကြက်ဥတစ်လုံး နေ့စဉ်စားသုံးကာ အားရှိနိုင်ကြပါတော့မည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်