သဘာဝကန်စနစ်ဖြင့် ငါးရှဉ့်ငါးမွေးမြူနည်း အပိုင်း(၁)

18/10/2022 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

ငါးရှဉ့်ငါးမှာ စျေးကွက်တွင်ဝယ်လိုအားကောင်းသော ငါးတစ်မျိုးဖြစ်ပြီး အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များကြပါသည်။ ထို့အပြင် ဆေးဖက်ဝင်သော ငါးအမျိုးအစားတွင်လည်း ပါဝင်ပါသည်။

ငါးရှဉ့်ငါးမှာ ကြီးထွားမှုလျင်မြန်ခြင်း၊ မျိုးပွားနှုန်းမြင့်မားခြင်း၊ အာဟာရဓာတ်အနည်းငယ်ပါသောအစာဖြင့် ရှင်သန်ကြီးထွားနိုင်ခြင်း၊ ရေညစ်မှုဒဏ်ကို ခံနိုင်ရည်ရှိခြင်း စသည့်အချက်တို့ကြောင့် မွေးမြူမှု များကြပါသည်။

ငါးရှဉ့်ငါးသည် သွေးလည်ပတ်မှုများသဖြင့် လေကိုတိုက်ရိုက်ရှူလေ့ ရှိကြပါသည်။ အသက်(၂)လမှစ၍ ၂ လ ၁ ကြိမ် ဥမှ သားပေါက်လေ့ရှိသည်။  ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ အသက်ပြင်းခြင်းတို့ကြောင့် ငါးရှဉ့်တို့၏ သဘောသဘာဝကို လိုက်လျောညီထွေစွာ ပြင်ဆင်မွေးမြူပါက အခြားသော ငါး၊ ပုစွန် မွေးမြူခြင်းထက် လွယ်ကူပြီး ကုန်ကျစရိတ်နည်းပါး၍ အမြတ်အစွန်းများစွာ ရရှိနိုင်ပါသည်။ 

သဘာဝကန်စနစ်ဖြင့် ငါးရှဉ့်မွေးမြူခြင်း

သဘာဝကန်ဆိုသည်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေသော အင်း၊ အိုင်၊ ချောင်း၊ မြောင်း၊ ကန်စွန်းခင်းနှင့် အခြားစိုက်ခင်းများအပြင် သဘာဝနှင့် ကိုက်ညီအောင် တူးဖော်ထားသော ကန်များကို ဆိုလိုပါသည်။ 

ငါးရှဉ့်ကို ရေအနက်(၁)ပေခန့်ရှိသော ကန်စွန်းခင်းထဲတွင်ပင်လျှင် မွေးမြူနိုင်ပါသည်။ စီးပွားဖြစ်မွေးမြူလိုသူများသည် ရေအနက် (၁)ပေထက်မပိုသော သဘာဝအင်းအိုင်၊ လူလုပ်ကန်များတွင် မွေးမြူနိုင်ပါသည်။မွေးမြူနည်းစနစ်မှာလည်း လွယ်ကူရိုးရှင်းလှပါသည်။

  • ၁။ ငါးရှဉ့်သည် ရေသေ/ရေရှင်နေရာမရွေး ရှင်သန်နိုင်ကြပါသည်။
  • ၂။ ရေဝင်၊ ရေထွက်ရှိသော နေရာများတွင် ရေအနက်(၁)ပေကို ထိန်းထားနိုင်ရန်၊ ရေတံခါးနှင့် ပြင်ပသို့ ငါးရှဉ့်များအလွယ်တကူ မထွက်နိုင်စေရန် ရေတံခါးတွင် ဝါးခြမ်း၊ ပိတ်၊ယင်းလိပ်များ ကာရံပေးထားရပါမည်။
  • ၃။ ငါးရှဉ့်သည် အောက်ခံမြေသားပေါ်တွင် အမြီးထောက်၍ အသက်ရှူလေ့ရှိခြင်း၊ ရေအပူချိန်တိုးလာသော အခါ နုန်းတိုးလေ့ရှိခြင်းတို့ကြောင့် အောက်မြေကြမ်းပြင်သည် နုန်းပျော့မြေသား ဖြစ်ရပါမည်။
  • ၄။ တိုက်ရိုက်နေရောင်ခြည်ကြောင့် ရေအပူချိန်မြင့်တက်မှုမှ ကာကွယ်ရန် နေကာဖျင်မိုးခြင်း၊ ရွက်ပြန့်ဗေဒါ၊ ကန်စွန်း၊ ကနဖော့၊ ထိကရုန်း စသည့်အပင်များကို ကန်အတွင်း စိုက်ပျိုးပေးထားရပါမည်။
  • ၅။ ငါးရှဉ့်ငါးသည် အစားမက်သောကြောင့် သဘာဝကန်တွင် မွေးမြူသူများမှာ သူခိုးရန်ကိုတော့ သတိထားရပါမည်။

ငါးရှဉ့်များ အပြင်သို့ထွက်မသွားစေရန်နှင့် လွယ်ကူစွာ ဖမ်းဆီးနိုင်ရန် အလုံပိတ်စနစ်သည် ကုန်ကျစရိတ်များခြင်း၊ ကြီးထွားနှုန်းနှေးနိုင်ခြင်းတို့ကြောင့် သဘာဝရေအိုင်စနစ်ကို မယှဉ်နိုင်ပါ။

အလုံပိတ်စနစ်ဆိုသည်မှာ- အုတ်ကန်၊ တာပေါ်လင်ကန်တို့ဖြင့်  မွေးမြူခြင်းကို ဆိုလိုပါသည်။ အုတ်ကန်၊တာပေါ်လင်ကန်တို့၏ အားနည်းချက်များမှာ ငါးရှဉ့်များပြားစွာ မမွေးနိုင်ခြင်း၊ လေဝအောင် မရှူနိုင်သဖြင့် သန်စွမ်းမှုကို ထိခိုက်စေရုံမျှမက အသက်ပင် သေစေနိုင်ပါသည်။

အလုံပိတ်စနစ်သည် ကန်ရေအပူချိန်တက်လွယ်သဖြင့် (၂၈)ဒီဂရီစင်တီဂရိတ်ကို ကျော်လာပါက ငါးရှဉ့်များသေဆုံးနိုင်ခြင်း၊ လျင်မြန်စွာ ရေညစ်ညမ်းနိုင်ခြင်းတို့ကြောင့် ရေသန့်လဲလှယ်စနစ်အတွက် ကုန်ကျစရိတ်ပိုကုန်နိုင်သည်။ ထို့ပြင် သဘာဝအကာအကွယ်ဖြစ်သော ငါးရှဉ့်ကိုယ်မှထွက်သော အချွဲများကို ဆုံးရှုံးနိုင်သလို အစာစားနှုန်း လျော့ကျနိုင်ခြင်းတို့ကြောင့် အမြတ်နည်းရုံမျှမက ဆုံးရှုံးမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။

သဘာဝကန်စနစ်ဖြင့် မွေးမြူရာတွင် သိထားရမည့် ကန်အကျယ်အဝန်း၊ ငါးထည့်သွင်းနှုန်းနှင့် အစာကျွေးနည်း

ကန်အကျယ်အဝန်းနှင့် ငါးထည့်သွင်းနှုန်းမှာ-

  • ငါးရှဉ့်မွေးမည့်ကန် (၁၀) ပေပတ်လည်အကျယ်ရှိသော ကန်အတွင်းသို့ အမဲနံရိုး(၁၀)ကျပ်သားနှုန်း စဉ်း၍ထည့်ပေးပါ။
  • အမဲရိုးပုပ်လာသောအခါ အောက်ကြမ်းပြင်ရွှံ့နွံများတွင် အနံ့စွဲသွားပြီး ငါးရှဉ့်များကန်အပြင်သို့မထွက်ရန် ဆွဲဆောင်ထားပါလိမ့်မည်။
  • (၁၀) ပေကန် ၁ ကန်လျှင် အရွယ်စုံငါးရှဉ့် (၂)ပိဿာခန့် ထည့်ပေးရပါမည်။ 

အစာကျွေးနည်း

  • ငါးရှဉ့်များသည် လတ်ဆတ်သော အသားဓာတ်(protein) နှင့် ကာဗိုဟိုက်ဒြိတ်(carbohydrate)ပါဝင်သော အစာများကို စားလျှင် အံ့သြဖွယ်ရာကြီးထွား၍ အသား၊ ငါး၊ ပုစွန်၊ ဖွဲ၊ ဆန်ကွဲ၊ ပဲဖတ်၊ အုန်းသီးဖတ် အပုပ်များ၊ အင်းဆက်များကို စားသုံးရုံမျှဖြင့် ကြီးထွားနိုင်ပေသည်။
  • ပင်လယ်ငါး၊ ဖွဲနု၊ ပဲဖတ်တို့ဖြင့် ထုတ်လုပ်ထားသော ငါးစာသည် ငါးရှဉ့်အတွက် အထူးသင့်လျော်သောအစာဖြစ်သည်။
  • လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကပင် ပရိုတင်း(အသားဓာတ်)အဖြစ် ယင်ကောင်သားလောင်းများကို ထုတ်လုပ်၍ ငါးရှဉ့်များကိုကျွေးလျှင် ကြီးထွားနှုန်းမြန်ကြောင်း လေ့လာတွေ့ရှိရပေသည်။

Ref: သင်တန်းမှတ်စုများ။

(အပိုင်း-၂ တွင် ပရိုတင်းပြည့်ဝသည့် အစာပြုလုပ်နည်း၊ ကြီးထွားနှုန်းနှင့် ဖမ်းဆီးနည်းများကို ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်