သိုး၊ ဆိတ် အသည်းစားပိုး

23/08/2022 18:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

မြန်မာနိုင်ငံရှိ ရေလွှမ်းမိုးမှုရှိသောဒေသများတွင် အတွေ့ရများသော ကိုယ်တွင်းကပ်ပါးကောင်တစ်မျိုးမှာ ရွက်ပြားသန်ကောင်(အသည်းစားပိုး)ဟု ခေါ်သော Fasciola hepatica ဖြစ်သည်။

အခြားမျိုးစိတ်တစ်မျိုးဖြစ်သော Fasciola gigantica ကို တွေ့ရှိရသေးသော်လည်း ၎င်းတို့၏ ဘဝစက်ဝန်းနှင့် တိရစ္ဆာန်များအား တိုက်ခိုက်ပုံတို့မှာမူ အတူတူပင်ဖြစ်သည်။

ရောဂါဖြစ်ပွားစေသည့် အကြောင်းရင်းမှာ -

  • Fasciola hepatica နှင့် Fasciola gigantica မျိုးစိတ် ရွက်ပြားသန်ကောင်များကြောင့် ဖြစ်ပွားပါသည်။
  • ရွက်ပြားသန်ကောင် ၂ မျိုးလုံးကို တစ်နေရာတည်းတွင် တွေ့နိုင်ပြီး ၎င်းတို့သည် ခရု၏ ခန္ဓာကိုယ်ထဲတွင် ကြားခံလက်ခံကောင်အဖြစ် နေထိုင်ပြီးမှ ဆက်လက်ဖွံ့ဖြိုးကြီးထွားနိုင်သဖြင့် ခရုရှိသောဒေသများတွင် အတွေ့ရများပါသည်။

ကူးစက်ပုံမှာ -

  • သက်ကြီးကောင်များသည် သည်းခြေအိတ်နှင့် အသည်းတို့အား တွယ်ချိတ်ထားသောပြွန်ငယ် (သည်းခြေရည်ပြွန်) (Bile duct)တွင် နေထိုင်ပြီး သွေးများစုပ်ယူကာ သည်းခြေရည်ပြွန်ကို အကြီးအကျယ်ပျက်စီးစေပြီး ဥများဥချကြပါသည်။
  • ယင်းဥများသည် ပြင်ပသို့ တိရစ္ဆာန်၏မစင်မှတဆင့် ရောက်ရှိသွားကြပါသည်။
  • ရွက်ပြားသန်ကောင်ဥများသည် ရေထဲသို့ကျသွားပါက ဥမှပေါက်ပြီး ရေကူးကာ ခရုတစ်မျိုးကို ရှာဖွေကြပါသည်။
  • ၄င်းတို့နှစ်သက်သောခရုအမျိုးအစားကို ရှာဖွေတွေ့ရှိသည့်အခါ ခရုခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ပွားများကြပြီး cercaria ခေါ် ရွက်ပြားသန်ကောင်သားလောင်းအဆင့်သို့ ရောက်ရှိကြပါသည်။  
  • ထို့နောက် အဆိုပါ cercaria ရွက်​ပြားသန်ကောင်လေးများသည် ခရု၏ကိုယ်မှ ပြင်ပသို့ထွက်လာပြီး ရေကူးကာ ကမ်းစပ်နားရှိ အပင်များတွင် တွယ်ကပ်ကာ metacercaria ရွက်ပြားသန်ကောင်ရောဂါပိုးများအဖြစ် ဖွံ့ဖြိုးလာပါသည်။
  • Metacercaria ပိုးများသည် ရေအိတ်ငယ်ကလေးများနှင့်တူပြီး ရေကျသွားချိန်တွင် ခြောက်သွေ့ပြီး မသေသွားအောင် ကာကွယ်ပေးထားပါသည်။
  • အကယ်၍ Metacercaria များကို လက်ခံကောင်များ(လူအပါအဝင်နို့တိုက်သတ္တဝါများ)က စားသောက်မိပါက အူထဲသို့ရောက်ရှိသွားပြီး အသည်းကပ်ပါးပိုးသားလောင်း(Juvenile flukes) များအဖြစ် အူနံရံကိုထိုးဖောက်ကာ အသည်းသို့ သွားရောက်ကြပါသည်။
  • အသည်းအတွင်းတွင် (၈-၁၂)ပတ်ကြာအောင် သွားလာထိုးဖောက်နေကြပြီး ဥများကို ဥချကြပါသည်။

ရောဂါလက္ခဏာများမှာ -

အဆိုပါရွက်ပြားသန်ကောင်များအနေဖြင့် အသည်းအား မည်မျှဖျက်ဆီးပစ်သည်ဆိုသည့်အချက်နှင့် သွေးမည်မျှဆုံးရှုံးသွားသည်ဆိုသည့်အချက်များအပေါ် မူတည်နေပါသည်။ လက္ခဏာများအနေဖြင့်...

  • သွေးအားနည်းခြင်း၊
  • အသားဝါခြင်း၊
  • ခန္ဓာကိုယ်အချို့အစိတ်အပိုင်းများတွင် ရေစုခြင်း၊
  • တစ်ခါတစ်ရံ ဝမ်းလျှောခြင်း စသည့်လက္ခဏာများကို တွေ့ရှိရပါသည်။
  • အသဲကပ်ပါးပိုးသားလောင်း(Juvenile Flukes) များ အသည်းတွင် ထိုးဖောက်သွားလာထားသော လမ်းကြောင်းများတွင် သွေးစီးကြောင်းများနှင့် ဒဏ်ရာများ၊ အမာရွတ်များကို တွေ့ရတတ်ပါသည်။ 
  • ထို့ပြင် သည်းခြေရည်ပြွန်ထဲတွင် အရွယ်ရောက် ရွက်ပြားသန်ကောင်များကို တွေ့ရမည်ဖြစ်ပါသည်။
  • ရွက်ပြားသန်ကောင် ပမာဏများပါက တိရစ္ဆာန်သေဆုံးသည်အထိ ပြင်းထန်နိုင်ပြီး ရွက်ပြားသန်ကောင်ပမာဏ နည်းပါက ထုတ်လုပ်မှု ကျဆင်းစေနိုင်ပါသည်။

အသေကောင်အား ခွဲစိတ်စစ်ဆေးပါက -

  • အသည်းသည် ပျက်စီးနေပြီး ရွက်ပြားသန်ကောင်များကို တွေ့ရှိရနိုင်ပါသည်။

ရောဂါအားစစ်ဆေးခြင်း

  • တိရစ္ဆာန်များ၏ မစင်တွင် သန်ဥပါဝင်မှုကို စစ်ဆေးခြင်းဖြင့်လည်းကောင်း၊ အသေကောင်ခွဲစိတ်စစ်ဆေးမှုအရလည်းကောင်း ရောဂါရှာဖွေဖော်ထုတ်နိုင်ပါသည်။

ကာကွယ်ခြင်း

  • ရွံ့ညွှန်ထူထပ်သော နေရာများတွင် သိုး၊ ဆိတ်များအား မလွှတ်ကျောင်းသင့်ပါ။
  • နယ်မြေတစ်ခုလုံးသည် ရွံ့ညွှန်ထူထပ်ပြီး ရေလွှမ်းသောဒေသဖြစ်ပါက စားကျက်ဧရိယာအား ထိန်းချုပ်ခြင်းဖြင့် ရောဂါထိန်းချုပ်ရန် မဖြစ်နိုင်ပါ။
  • ရောဂါထိန်းချုပ်ရန် အခြားနည်းလမ်းတစ်ခုမှာ တိရစ္ဆာန်များအား လွှတ်ကျောင်းခြင်းမပြုဘဲ ခြံလှောင်မွေးမြူသည့်နည်းစနစ်(Zero-grazing)နည်းစနစ်ဖြင့် မွေးမြူကာ အစာကိုရိတ်ကျွေးခြင်း၊ အပင်ကြီးများမှ အရွက်များကျွေးမွေးခြင်းနည်းလမ်းပင် ဖြစ်ပါသည်။
  • အစာများအား အခြောက်ခံခြင်း (သို့မဟုတ်) အချဥ်ဖောက်ခြင်း (ဥပမာ-မြက်ချဥ်ဖတ်)တို့ ပြုလုပ်ပါက metacercaria ပိုးများကို သေဆုံးစေနိုင်ပါသည်။
  • သို့ရာတွင် F-hepatica ကို ထိန်းချုပ်ရန်အတွက် အသုံးများသောနည်းလမ်းမှာ ရွက်ပြားသန်ကောင်များ ပေါများသော အချိန်တွင် သန်ချဆေးတိုက်ကျွေးသည့်နည်းလမ်းပင် ဖြစ်ပါသည်။

ကုသခြင်း

  • သန်ချဆေးအတော်များများသည် အသည်းတွင် ရွေ့လျားသွားလာနေကြသော သန်ကောင်များအား ထိရောက်စွာ သတ်နိုင်စွမ်းမရှိပါ။
  • သန်ချဆေးများကို ထိရောက်စွာတိုက်ကျွေးနိုင်ရန် သန်ကောင်၏ဘဝစက်ဝန်းကို သိရှိနားလည်ထားရန် လိုအပ်ပါသည်။
  • မိုးရာသီကာလတွင် ခရုများပေါ်လာပြီး ရွက်ပြားသန်ကောင်များရှိသော တိရစ္ဆာန်မှ ဥများက ၄င်းခရုများထံသို့ ကူးစက်သွားမည်ဖြစ်သည်။
  • ထို့နောက် metacercaria များသည် တိရစ္ဆာန်အစာပင်များထံသို့ ရောက်ရှိသွား​ကြပြီး အခြားတိရစ္ဆာန်များသို့ ကူးစက်ကြသည်။
  • ထို့နောက် juvenile flukes များသည် အသည်းတွင် (၂-၃)လခန့် ရွေ့လျားသွားလာနေကြမည်ဖြစ်သည်။ 
  • ထို့ကြောင့် သည်းခြေရည်အိတ်တွင် နေထိုင်ကြသော သက်ကြီးရွက်ပြားသန်ကောင်များကိုသာ သတ်နိုင်သောဆေးများ (dorsilon, albendazole)ကို အသုံးပြုမည်ဆိုပါက metacercaria များကို နောက်ဆုံးစားမိပြီး နောက် ၃ လကြာမှသာ အသုံးပြုသင့်ပါသည်။
  • ရာသီဥတုသည် ကာလအတော်ကြာ ပူပြင်းခြောက်သွေ့သွားပါက ခရုများသည် တွင်းအောင်းသွားကြပြီး ခရုတွင် ကူးစက်ထားသော cercaria များ သေဆုံးကုန်ပါသည်။
  • နောက်ထပ်တစ်ကြိမ် ခရုများ ပြန်ထွက်မလာမီ ခြောက်သွေ့ရာသီကုန်ဆုံးချိန်သည် သန်ချဆေးတိုက်ကျွေးရန် အကောင်းဆုံးဖြစ်ပါသည်။
  • ထို့နောက် ခြောက်သွေ့ရာသီအစတွင် ဒုတိယတစ်ကြိမ် သန်ချဆေးတိုက်ကျွေးပါက ပိုမိုကောင်းမွန်ပါသည်။
  • နောက်ထပ်နည်းလမ်းတစ်ခုအဖြစ် triclabendazole ကို ခြောက်သွေ့ရာသီအစတွင် တိုက်ကျွေးနိုင်ပါသည်။
  • ၎င်းဆေးသည် သက်ကြီးကောင်နှင့် အသည်းတွင်ရွေ့လျားနေသော juvenile flukes များကိုပါ သေဆုံးစေနိုင်ပါသည်။
  • ထို့နောက် ခြောက်သွေ့ရာသီအဆုံးတွင် Albendazole or Dorsilon ကို ဆက်လက်တိုက်ကျွေးပေးခြင်းဖြင့် triclabendazole တိုက်ကျွေးစဥ်က လွတ်သွားသော သန်ကောင်များကိုပါ သေဆုံးစေနိုင်ပါသည်။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်