ရေချိုပုစွန်သားဖောက်နည်းနှင့် သားပေါက်ပြုစုနည်း

07/04/2022 14:31 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ပုစွန်ကို အခြေခံအားဖြင့် ရေချိုပုစွန်နှင့် ရေငန်ပုစွန် ဟူ၍ (၂)မျိုးခွဲခြားထားပြီး ရေချိုပုစွန်ရော၊ ရေငန်ပုစွန်ပါ မွေးမြူမှုများရှိလို့ ရေချိုပုစွန်သားဖောက်နည်းကို ဦးစွာ ပထမဖော်ပြပေးပါမယ်။

ရေချိုပုစွန်ကို သားဖောက်ရာမှာ အခြားမွေးငါးများ သားဖောက်ခြင်းနှင့် ပုံစံမတူကြပါ။

(က)ရေချိုပုစွန်သားဖောက်ဖို့အတွက် သားလောင်းကန်ပြုလုပ်ခြင်း

- သားလောင်းကန်အကျယ်အဝန်းကို သင့်တော်သလိုထား၍ စတုဂံပုံစံပြုလုပ်ကာ ရေသွင်းခြင်း၊ ရေထုတ်ခြင်းအတွက် ကန်အောက်ခြေတွင် အပေါက်တစ်ပေါက် ဖောက်ထားရပါမယ်။ ထိုရေထုတ်ပေါက်ရှိတဲ့ဘက်သို့ အနည်းငယ်နှိမ့်ထားရပါမယ်။

- ရေချိုပုစွန်သားဖောက်ရာမှာ ရေနှင့်လေသန့်ရှင်းမှုသည်လည်း အလွန်အရေးကြီးလှတာမို့ သား လောင်းကန်အတွင်း သင့်တော်သောလေဖိအား ၂၄ နာရီ ရရှိဖို့လည်း လိုအပ်လှပါတယ်။

- ရေကန်အတွင်းသို့ လိုအပ်သောလေ အလုံအလောက်မရပါက သားလောင်းများသေကြေပျက်စီးတတ်ပါတယ်။

- ရေချိုပုစွန်သားပေါက်ထုတ်လုပ်ရာမှာ အဓိကအရေးကြီးဆုံးမှာ နေရာဒေသကိုလိုက်၍ ရေကြည်ရေသန့်ရရှိစေဖို့ ဖြစ်ပါတယ်။ 

(ခ) ဥကပ်ပုစွန်အမ ရွေးချယ်ခြင်းနှင့် သားဖောက်ခြင်း

- ရေချိုပုစွန်၏သဘာဝမှာ ဥမှသားလောင်းအဆင့်ဆင့်ဘဝဖြင့် အကောင်ပေါက်ခြင်း ဖြစ်ပါတယ်။ 

- ဒါကြောင့် ရေချိုပုစွန်သားဖောက်ဖို့အတွက် အလေးချိန် ၅၀ ဂရမ်အထက်ရှိပြီး ဥပြည့်ကာ ဥအညို ရင့်ရောင်ရှိသော ဥကပ်ပုစွန်အမကို ရွေးချယ်ရပါမယ်။

- ထိုဥကပ်ပုစွန်အမအား အောက်ဆီဂျင်(လေ)ဖြည့်ပေးခြင်း၊ ရေသန့်စင်စေရန် ရေလဲလှယ်ပေးခြင်းတို့ပြုလုပ်ပေးရပါမယ်။

- ဥကပ်ပုစွန်အမအတွက် လိုအပ်သောရေထုမှာ ၁ ကောင်လျှင် ၂ လီတာမှ ၅ လီတာ လိုအပ်ပါတယ်။

- ဥကပ်ပုစွန်အမအား ထိခိုက်မှုမရှိစေရန် ဂရုစိုက်ရပါမယ်။ဥကပ်ပုစွန်မကြီးအား သယ်ယူတဲ့အခါမှာလည်း ထိခိုက်မှုမရှိအောင် ဂရုတစိုက်သယ်ဆောင်ရပါမယ်။

- ဥကပ်ပုစွန်မရဲ့ ဥဖောက်ချိန်ကာလမှာ ၁၈ ရက်မှ ၂၁ ရက်ရှိပြီး တစ်ပတ်အတွင်း ဥမှသားလောင်းလေးများ ပေါက်လာပါမယ်။

- ထိုအချိန်မှာ ပုစွန်မကြီးအား အုန်းသီး၊ အာလူး၊ ကန်စွန်းဥအစိမ်း စတာတွေကိုကျွေး၍ အစာကျန်များကိုရှင်းလင်းပေးခြင်းနှင့် ရေ ၂၅ ရာခိုင်နှုန်းခန့်ကိုလည်း လဲလှယ်ပေးရပါမယ်။

- အဲ့ဒီနောက်မှာတော့ သားလောင်းများ ၃ ရက်အတွင်း အကောင်ပေါက်လာလေ့ရှိပြီး ၂၄ နာရီ အတွင်း အကုန်ပေါက်လေ့ရှိပါတယ်။ 

- ရေချိုပုစွန်အမတစ်ကောင်လျှင် သားလောင်း(၄၀၀၀၀-၅၀၀၀၀)အထိ ပေါက်ကြပါတယ်။ယင်းသားလောင်းများကို အစာမကျွေးဘဲ မှန်အိမ်ထဲမှာ ၂ ရက်၊ ၃ရက်ထားရမှာဖြစ်ပြီး ၃ရက်ပြည့်ပါက အစာကျွေးကာ သားလောင်းပြုစုမယ့်ကန်အတွင်းသို့ ထည့်၍ပြုစုရပါမယ်။

(ဂ) သားလောင်းပြုစုကန်

သားလောင်းလေးများကို စနစ်တကျပြုစုဖို့လိုပါတယ်။ သားလောင်းပြုစုရာမှာ အဓိကအရေးကြီးဆုံးမှာ သားလောင်းကန်၊ ရေစစ်ကန်၊ ရေစပ်ကန်၊ ရေ၊ လေနှင့်သားလောင်းပြုစုရာမှာ လိုအပ်သောကိရိယာများအားလုံး သန့်ရှင်းနေဖို့ပါပဲ။

သားလောင်းပြုစုရာမှာ ပထမ ၁ရက်၊ ၂ရက်အတွင်း အစာကျွေးခြင်းနှင့် ရေလဲလှယ်ခြင်းတို့ မလိုအပ်ပေ။နောက်ရက်များတွင် ၁၀-၅၀ ရာခိုင်နှုန်း အထိ အသင့်ဖော်စပ်ထားသောရေကို လဲပေးရပါမယ်။

- အစာကို နံနက် ၆ နာရီ၊ နေ့လယ် ၁၂ နာရီ ၊ ညနေ ၆နာရီ သတ်မှတ်၍ ကျွေးရပါမယ်။ အစာကျွေးပြီးနောက် အစာအကြွင်းအကျန်များကို ရေစုပ်ကိရိယာဖြင့် စုပ်ထုတ်ပေးရပါမယ်။ ထိုသို့ရေစုပ်ထုတ်ရာမှာ သားလောင်းများ ပါမသွားအောင် ဂရုစိုက်ရပါမယ်။

- သားလောင်းအဆင့် ၁ မှ အဆင့် ၁၂ သို့ ရောက်ပါက သားလောင်းဘဝမှ သားပေါက်အဆင့်သို့ အဆင့်ဆင့် ကူးပြောင်းရောက်ရှိလာကြပါတယ်။

- ထိုသားပေါက်များအား သားလောင်းကန်အတွင်းရှိရေကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချပြီး ကန်အတွင်းသို့ ၂.၂ ပေရှိ နိုင်လွန်ရေစစ်ဖြင့်စစ်ယူကာ ဇလုံအတွင်းကတစ်ဆင့် သားပေါက်ပြုစုကန်အတွင်းသို့ ရွှေ့ပြောင်းပေးနိုင်ပါတယ်။

- သားပေါက်များကို ရေစစ်ဖြင့်ဖမ်းယူရာမှာ ၂ ရက်မှ ၃ ရက်အတွင်း ၁ကြိမ်သာ အလျဥ်းသင့်သလို ဖမ်းယူသင့်ပါတယ်။

ရေချိုပုစွန်သားပေါက်ကန်

- ရေချိုပုစွန်လေးများမှာ သားလောင်းဘဝတွင် ရေအငန်နှုန်း ၁၀-၁၄ PPT ပါသောကန်အတွင်းနေခဲ့ရပြီး သားပေါက်ကန်အတွင်းသို့ရောက်ရှိလာသော သားပေါက်တွေကိုတော့ ရေအငန်နှုန်း ၈ PPT သို့ လျှော့ချပေးရပါမယ်။

-၂ ရက်အတွင်း ရေဟောင်းများကိုထုတ်ပေးပြီး ရေချိုအစားထိုးခြင်းဖြင့် ရေချိုအဆင့်ထိရောက်အောင် ပြုလုပ်ပေးရပါမယ်။

- ရေချိုပုစွန်သားပေါက်တွေဟာလည်း ပုစွန်ထုပ်ကြီးများကဲ့သို့ ကန်အောက်ခြေတွင် တွယ်ကပ်နိုင်သောသဘာဝရှိလို့ ကန်အတွင်း တွယ်ကပ်ကျက်စားနိုင်အောင် ဖန်တီးပေးရပါမယ်။သို့မှသာ အကောင်ပေါက်များ ရှင်သန်မှုနှုန်း ကောင်းမှာဖြစ်ပါတယ်။

- အစာအဖြစ်ငါးမှုန်များကို နံနက်(၁)ကြိမ်၊ ညနေ(၁)ကြိမ် ကျွေးပေးရပါမယ်။ စားကြွင်း၊စားကျန်များကိုမူ သားလောင်း ပြုစုခြင်းမှာကဲ့သို့ စနစ်တကျရှင်းလင်းပေးရပါမယ်။

ပုစွန်သားပေါက်လေးများကို သယ်ယူခြင်း

- ပုစွန်သားပေါက်လေးများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူရာတွင်လည်း ပုစွန်သားလောင်းလေးများကဲ့သို့ပင် ဂရုစိုက်ရပါမယ်။

- ပုစွန်သားပေါက်များကို အများအပြားသယ်ယူရာတွင် သယ်ယူမှုကြာချိန်ဟာ ၁၀ နာရီအတွင်းသာ ဖြစ်သင့်ပြီး အပူလွန်ကဲမှု မဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။

- သားပေါက်ထည့်ယူရာမှာ ရေ ၃ ပုံ ၁ ပုံထည့်ထားတဲ့ ၇၅x၅၀ စင်တီမီတာ ပလတ်စတစ်အိတ်အထူစားမှာ ထည့်ယူရပါတယ်။

- အဲ့ဒီပလတ်စတစ်အိတ်ကို အောက်ဆီဂျင်ပိုက်ထည့်ထားရပြီး အိတ်ထိပ်မှ သားရေကွင်းဖြင့် စည်းထားရပါမယ်။

- ထိုအိတ်အတွင်း ရေ ၃ ပုံ ၁ ပုံ နှင့် အောက်ဆီဂျင်ပမာဏ ၃ ပုံ ၂ ပုံထည့်၍ ပုစွန်အကောင်ပေါက် ၃၀၀ မှ ၅၀၀ အထိထည့်၍ သယ်ယူနိုင်ပါတယ်။

ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)

မှီငြမ်း-(၁)ငါးလုပ်ငန်းဦးစီးဌာန။  (၂)ဆရာကျော်စွာ(ကျိုက်ပိ)၏ “ရေချိုပုစွန် သားဖောက်ခြင်း”။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်