ချင်း (ဂျင်း) စိုက်ပျိုးခြင်းနည်းလမ်းများ (၂)

08/12/2022 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ချင်း(ဂျင်း) စိုက်ပျိုးခြင်းနည်းလမ်းများထဲက မြေပြင်ခြင်း၊ စိုက်သင့်သည့် ပင်ကြား တန်းကြား အနေအထားနှင့် မျိုးတက်နှုန်းထား၊ ရေသွင်းပေးရမည့်အချိန်များအကြောင်းနှင့် မြေဆီလွှာကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ပေးခြင်းအကြောင်းများကို အပိုင်း(၁)တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Ginger_Farming

နောက်ထပ်လိုအပ်ချက်များအကြောင်းကို ယခု အပိုင်း(၂)တွင် ဆက်လက်ဖော်ပြပေးသွားပါမည်။

(င) မြေဆွခြင်း/ ဘောင်တင်ခြင်း 

မိုးရွာခြင်း (သို့) ရေသွင်းခြင်းများကြောင့် ဖြစ်ပေါ်လာသောမြေဆီလွှာမာကြောခြင်းကို ပြုပြင်ရန်အတွက်  မြေဆွခြင်းကို မဖြစ်မနေပြုလုပ်ပေးရမည်။

ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ပေါင်းပင်ကြီးထွားမှုကို ထိန်းချုပ်ပေးခြင်း၊ မြေဆီလွှာအစိုဓာတ်ကို ထိန်းထားပေးခြင်း၊ မြေဩဇာများကို မြေဆီလွှာနှင့် နှံ့စပ်စွာရောစပ်စေခြင်း၊ ပင်ပွားအရေအတွက်များခြင်း၊ ဂျင်းတက်များကို ကောင်းစွာကြီးထွားစေနိုင်ခြင်း၊ အမြစ်ကြီးထွားမှုအတွက် လုံလောက်သော လေဝင်လေထွက်ကောင်းခြင်း၊  အမြစ်များကို အင်းဆက်ပိုးမွှားများဖျက်ဆီးခြင်းမှ ကာကွယ်ပေးခြင်း စသော အကျိုးများရရှိမည်။

မြေဆွခြင်းကို ပေါင်းရှင်းခြင်း၊ မြေဖုံးခြင်းတို့ ပြုလုပ်ချိန်တွင် တစ်ခါတည်းပြုလုပ်နိုင်သည်။ မြေသြဇာ ကျွေးပြီးချိန်တိုင်းတွင်လည်း ပြုလုပ်ရမည်။ ပထမအကြိမ် မြေဆွ/ ဘောင်တင်ခြင်းကို စိုက်ပျိုးပြီး ၄၅ မှ ၉၀ ရက် အတွင်းပြုလုပ်ပြီး ဒုတိယအကြိမ် ဘောင်တင်ခြင်းကို စိုက်ပြီး ၁၃၅ ရက်တွင် ပြုလုပ်ရမည်။ နောက်ဆုံးအကြိမ် မြေဆွ/ ဘောင်တင်ချိန်တွင် ဘောင်၏အမြင့်မှာ ၁ ပေခွဲ ဖြစ်ရ မည်။ ဘောင်တင်ရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများနှင့် ဂျင်းတက်များကို မထိခိုက်စေရန် ဂရုစိုက်ရမည်။  

(စ) မြေဖုံးခြင်း

မြေဖုံးခြင်းသည် ပေါင်းပင်ပေါက်ရောက်မှုကို လျော့နည်းစေပြီး မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းပေးသည့်အပြင် မြေဆီလွှာအတွက် အော်ဂဲနစ်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးသည်။ မြေဖုံးခြင်းကို စိုက်ပျိုးပြီး ၄ ပတ်မှ ၆ ပတ်တွင် ပြုလုပ်ပေးရမည်။

စီးပွားဖြစ် ဂျင်းစိုက်ပျိုး ထုတ်လုပ်ရာတွင် ကောက်ရိုး၊ စပါးခွံနှင့် အခြားသောသစ်စိမ်းမြေဩဇာများကို တစ်ဧကလျှင် ၅ တန်နှုန်းသုံးကာ မြေဖုံးပေးသင့်သည်။

ထို့နောက် ဓာတ်မြေသြဇာကျွေးပြီးချိန်တိုင်း တစ်ဧကလျှင် ၂ တန်နှုန်းဖြင့် ထပ်ကာထပ်ကာ မြေဖုံးပေးရမည်။ မြေဖုံးရာတွင် မိမိအသုံးပြုသည့် ပစ္စည်းရရှိနိုင်မှုပေါ်မူတည်၍ အသုံးပြုမည့်ပမာဏကို ချိန်ဆအသုံးပြုနိုင်သည်။ မြေဖုံးရာတွင် အသုံးပြုသည့်ပစ္စည်းများသည် ပိုးမွှားများ၊ ရောဂါများ၊ ဓာတုပစ္စည်းများနှင့် ပေါင်းပင်များ ကင်းစင်နေရမည်။ ရေဝပ်သောမြေနှင့် ရွှံ့စေးပါဝင်မှုမြင့်မားသောမြေများတွင် မြေဖုံးခြင်းကို ရှောင်ကြဉ်သင့်သည်။

(ဆ) ပေါင်းမြက်နှိမ်နင်းခြင်း

ဂျင်းပင်သည် ကနဦးကြီးထွားနှုန်း နှေးကွေးသောကြောင့် ပေါင်းပင်များ လျင်မြန်စွာကြီးထွားမှုကို ဖြစ်စေနိုင်သည်။ ပေါင်းမြက်နှိမ်နင်းရာတွင် လူလုပ်အားဖြင့်သော်လည်းကောင်း၊ စက်ကိရိယာငယ်များ သုံး၍သော်လည်းကောင်း နှိမ်နင်းနိုင်သည်။

  • ပေါင်းပင်ကြီးထွားမှုပေါ် မူတည်၍ ပေါင်းရှင်းခြင်းကို ၂ ကြိမ် မှ ၃ ကြိမ် ပြုလုပ်သင့်သည်။ 
  • မြေဖုံးခြင်းသည် ပေါင်းပင်ကြီးထွားမှုကို ဟန့်တားပေးနိုင်သည့်အပြင် သီးနှံဖြစ်ထွန်းမှု၊ ကြီးထွားမှုနှင့် အထွက်နှုန်းတို့ကို တိုးစေ သည်။ 
  • အနက်ရောင်ပလတ်စတစ်များဖုံးအုပ်ခြင်းသည်လည်း ပေါင်းပင်များကို နှိမ်နင်းရာတွင် ထိရောက်မှုရှိသည်။ 
  • စိုက်ပျိုးပြီး ၄၅ ရက် (၁ လခွဲ) အကြာတွင် ပထမအကြိမ်ပေါင်းရှင်းပြီး ဒုတိယအကြိမ်ပေါင်းရှင်းခြင်းကို စိုက်ပျိုး ပြီး ၁၂၀-၁၃၅ ရက် (၄ လ မှ ၄ လခွဲ) အကြာတွင် ပြုလုပ်ရမည်။ 
  • ဓာတုပေါင်းသတ်ဆေးများ အသုံးပြု၍ နှိမ်နင်းနိုင်သော်လည်း လူ နှင့် မြေ၊ ရေ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်စေနိုင်သဖြင့် အထူးသတိပြုသင့်ပါသည်။
  • အသုံးများသော ဓာတုပေါင်းသတ်ဆေးများမှာ အာထရာဇင်း (Atrazine)၊ ဂလိုင်ဖိုဆိတ် (Glyphosate) တို့ ဖြစ်သည်။
  • ပေါင်းသတ်ဆေးဖျန်းပြီးပါက မြေကြီးကို သစ်စိမ်းမြေဩဇာ (သို့) ကောက်ရိုးတို့ဖြင့် ဖုံးအုပ်ထားရမည်။ 

(ဇ) သီးညှပ်စိုက်ပျိုးခြင်းနှင့် အရိပ်ရပင်များ စိုက်ပျိုးခြင်း 

ဂျင်းကို သီးညှပ်စိုက်ပျိုးခြင်း (သို့) သစ်တောပင်နှင့် ရောနှောစိုက်ပျိုးခြင်းဖြင့် အရည်အသွေးနှင့် အထွက်နှုန်းကို တိုးစေသည့်အပြင် အရိပ်ရသီးနှံမှ အပိုဝင်ငွေကိုလည်းရရှိစေကာ၊ ဂျင်းမျိုးတက်နှုန်းထားကိုလည်း လျှော့ချနိုင်ပါမည်။

ဂျင်းစိုက်ခင်းတွင် ပဲစင်းငုံသီးညှပ်စိုက်ခြင်းသည် ဂျင်းပင်အတွက် အရိပ်ရစေရုံသာမက ပဲမျိုးနွယ်ဝင်ဖြစ်သောကြောင့် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကိုပါ ရရှိစေနိုင်သည်။ အရိပ် ၃၀ % ရရှိ စေရန် ဂျင်း ၄ တန်းလျှင် ပဲစင်းငုံ ၁ တန်းဖြင့် သီးညှပ်စိုက်ပျိုးနိုင်သည်။ အခြားအရိပ်ရစေနိုင်သော ပြောင်း၊ သရက်၊  ထောပတ်၊ ငှက်ပျော၊ သင်္ဘော၊ အုန်း၊ ကော်ဖီ စသည့် နှစ်ရှည်ပင်များနှင့် သီးနှံပင်များကိုလည်း တွဲဖက်စိုက်ပျိုးနိုင်သည်။ တောင်တန်းဒေသများတွင် သစ်တောနှင့် ရောနှောစိုက်ပျိုးခြင်းစနစ်သည် ဂျင်းအတွက် အထူးသင့်တော်ပြီးအရိပ်ရရှိစေသည့်အပြင် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက်  အထောက်အပံ့ဖြစ်စေသည်။ 

ထို့အပြင် ဂျင်းသည် မြေကြီးအတွင်းမှ အစာအာဟာရများကို အလွန်အကျွံစားသုံးသည့်အတွက် ဂျင်းတစ်မျိုးတည်းကို မြေကွက်တစ်ကွက်ပေါ်တွင် နှစ်စဉ်ဆက်တိုက် မစိုက်ပျိုးသင့်ပါ။ ထိုသို့ပြုလုပ်ပါက မြေဆီသြဇာခမ်းခြောက်ခြင်းများဖြစ်နိုင်ပြီး ဂျင်းတွင်ကျရောက်တတ်သောရောဂါများလည်း နှစ်စဉ်အလွယ်တကူကျရောက်နိုင်လာမည် ဖြစ်သည်။

အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ခရမ်းနှင့် ဂေါ်ဖီထုပ် စသည့်သီးနှံများသည် ဘက်တီးရီးယားရောဂါ အလွန်ကူးစက်လွယ်သောကြောင့် ထိုသီးနှံများနှင့် သီးညှပ်မစိုက်ပျိုးသင့်ပါ။ 

(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်