ဆန်ရောင်းလိုအားများ ကျဆင်းနိုင်၍ ကမ္ဘာ့ဆန်ဈေးလည်း တက်ဖွယ်ရှိနေ

08/08/2022 17:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ကမ္ဘာ‌ပေါ်မှာ ဆန်တင်ပို့မှုအများဆုံး ဖြစ်တဲ့ အိန္ဒိယအပါအဝင် ဆန်အဓိက တင်ပို့နေတဲ့ အခြားအာရှနိုင်ငံတွေမှာ ဆိုးရွားလွန်းတဲ့ ရာသီဥတုတွေ ကြုံနေရတာကြောင့် ကမ္ဘာရဲ့ အခြေခံအကျဆုံးအစားအစာ ဖြစ်တဲ့ ဆန်ရောင်းအားတွေ ကျဆင်းလာဖို့ ရှိနေသလို နဂိုကတည်းက အမြင့်ဆုံးနှုန်းအနီး ရောက်ရှိနေပြီးဖြစ်တဲ့ ကမ္ဘာ့စားသောက်ကုန်ဈေးတွေကိုလည်း ထပ်တိုးမြင့်တက်လာစေပါတော့မယ်။

ကိုဗစ်ကပ်ရောဂါ၊ ကမ္ဘာ့ရောင်းအားပြတ်တောက်မှုနဲ့ မကြာသေးခင်က ဖြစ်လိုက်တဲ့ ရုရှား-ယူကရိန်းစစ်ပွဲတို့ကြောင့် တခြားသော စားသောက်ကုန်ဈေးနှုန်းတွေ ပိုမိုကြီးမြင့်လာခဲ့ချိန်မှာ ကုန်လက်ကျန်များနေခဲ့တဲ့ ဆန်ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တခြားစားသောက်ကုန်ဈေးနှုန်းတွေလောက် မမြင့်တက်ဘဲ ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ဆန်အထွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတဲ့ အာရှဆန်တင်ပို့နိုင်ငံတွေမှာ ထူးထူးခြားခြား ဆိုးရွားတဲ့ ရာသီဥတုကို ကြုံနေရတာကြောင့် ဆန်ဈေးအပြောင်းအလဲတွေ ဖြစ်လာဖို့ရှိတယ်လို့ ကုန်သည်နဲ့ ဈေးကွက်စောင့်ကြည့်သူတွေက ပြောပါတယ်။

"အဓိက ဆန်တင်ပို့နေတဲ့ နိုင်ငံတွေမှာ ဆန်စပါးထုတ်လုပ်မှု ကျဆင်းလာနိုင်တာနဲ့အညီ ဆန်ဈေးတွေ မြင့်တက်လာဖို့ အလားအလာ ရှိနေပါတယ်" လို့ National Australia Bank ရဲ့ လယ်ယာစီးပွားပညာရှင် Phin Ziebell က ပြောပါတယ်။

"ဆန်ဈေး မြင့်တက်လာခြင်းဟာ စားစရာ ဝယ်ယူနိုင်ဖို့ အခက်အခဲတွေ့နေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုသစ်တစ်ခု ထပ်တိုးဖြစ်ပေါ်စေပါလိမ့်မယ်" လို့ Ziebell က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အိန္ဒိယဆန်စပါးဒေသတွေမှာ မိုးမမှန်တာ၊ တရုတ်မှာ အပူလှိုင်းဖြစ်တာ၊ ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးတာနဲ့ ဗီယက်နမ်မှာ ဆန်အရည်အသွေး ထိခိုက်ကျဆင်းတာ စတာတွေတို့ကြောင့် ကမ္ဘာ့ဆန်ထုတ်လုပ်မှုအများဆုံး နိုင်ငံငါးခုအနက် လေးနိုင်ငံမှာ အထွက်တွေ ကျဆင်းလာနိုင်တယ်လို့ တောင်သူတွေ၊ ကုန်သည်တွေနဲ့ ဈေးကွက်စောင့်ကြည့်သူ‌တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

"နှစ်ဆန်းပိုင်းတုန်းက တခြားစားသောက်ကုန်ဈေးတွေ မြင့်တက်နေခဲ့ပေမဲ့ ဆန်ဈေးကတော့ ဝယ်နိုင်ခြမ်းနိုင်အခြေအနေမှာ ရှိခဲ့ပါတယ်" လို့ ကုလသမဂ္ဂစားနပ်ရိက္ခားနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ စီးပွားရေးပညာရှင် Shirley Mustafa က ပြောပါတယ်။

"ယခုတော့ ဆန် အဓိက ထုတ်လုပ်တဲ့ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတွေမှာ ရာသီဥတုဖောက်ပြန်မှုတွေ တွေ့မြင်လာရပါတယ်။ လာမဲ့သီတင်းပတ်တွေအတွင်း အခြေအနေ တိုးတက်မလာဘူးဆိုရင် အထွက်နှုန်းကျဆင်းမှု ဖြစ်လာနိုင်ပါတယ်" လို့ Mustafa က ပြောပါတယ်။

'အထွက်ကျမှာ သေချာတယ်'

အိန္ဒိယရဲ့ ဆန်အဓိက ထွက်ရှိရာ ပြည်နယ်တွေ ဖြစ်တဲ့ ဘီဟာ၊ ဂျဟာခန်း၊ အနောက်ဘင်္ဂလားနဲ့ ဥတ္တရဒေသပြည်နယ်တွေမှာ ယခုနှစ်အတွင်း မိုးရေချိန် ပုံမှန်ထက် ၄၅ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့တယ်လို့ အိန္ဒိယအစိုးရမိုးလေဝသဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။

မိုးနည်းတာကြောင့်လည်း ယခုနှစ်အတွင်း ဆန်စပါးစိုက် ဧရိယာ ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အထွက်နှုန်းဟာ ယခင်နှစ်ထက် ရှစ်ရာခိုင်နှုန်း ဒါမှမဟုတ် တန်ချိန် ၁၀ သန်းလောက် ကျဆင်းလာနိုင်တယ်လို့ အိန္ဒိယဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ B.V. Krishna Rao က ပြောပါတယ်။

တောင်သူတချို့ဟာ ပဲနဲ့ ဆီထွက်သီးနှံ ပြောင်းစိုက်ကြတာကြောင့်လည်း စပါးစိုက်ဧရိယာ ကျဆင်းလာရတာလို့ Rao က ပြောပါတယ်။

အိန္ဒိယရဲ့ မိုးစပါးဟာ တစ်နှစ်တာ ဆန်စပါးအထွက်ပမာဏအနက် ၈၅ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနေပြီး ၂၀၂၂ ဇွန်လအထိဖြစ်တဲ့ ယခင်သီးနှံနှစ်တုန်းကဆိုရင် အထွက်တန်ချိန် ၁၂၉ ဒသမ ၆၆ သန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

"အထွက်ကျမှာကတော့ သေချာတယ်။ မေးခွန်းထုတ်စရာက အစိုးရ ဘယ်လို တုံ့ပြန်မလဲဆိုတာပဲ" လို့ မွန်ဘိုင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

အိန္ဒိယရဲ့ ဆန်နဲ့ စပါးလက်ကျန်ဟာ ဇူလိုင် ၁ ရက်နေ့စာရင်းအရ စုစုပေါင်း တန်ချိန် ၅၅ သန်း ရှိခဲ့ပြီး မျှော်မှန်းချက် ဖြစ်တဲ့ တန်ချိန် ၁၃ ဒသမ ၅၄ ထက် ပိုများပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့နှစ်မှာ အိန္ဒိယဆန်ဈေးတွေ ကျဆင်းခဲ့ပြီး ပြည်ပတင်ပို့မှု တန်ချိန် ၂၁ ဒသမ ၅ သန်းနဲ့ စံချိန်တင်ခဲ့ပါတယ်။ ဒီပမာဏဟာ အခြားဆန်တင်ပို့မှု ထိပ်သီးတွေ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နဲ့ အမေရိကန်ပြည်ထောင်စု လေးနိုင်ငံ စုစုပေါင်းတင်ပို့မှုထက်တောင် ပိုများခဲ့ပါတယ်။

"ဒါပေမဲ့ အစိုးရဟာ ကုန်ဈေးနှုန်းနဲ့ ပတ်သက်လာရင် အကဲဆတ်လွန်းတယ်။ ဈေးနည်းနည်း ထပ်တက်လာတာနဲ့ ပို့ကုန်ပိတ်လိုက်တာမျိုး လုပ်လာနိုင်တယ်" လို့ အိန္ဒိယကုန်သည်က ပြောပါတယ်။

ဗီယက်နမ်မှာတော့ စပါးရိတ်တုန်းရိတ်ဆဲမှာ မိုးရွာတာကြောင့် စပါးအရည်အသွေးတွေ ထိခိုက်ခဲ့ရပါတယ်။

"ကောက်ရိတ်နေတဲ့ကာလမှာ မိုးဒီလောက်ရွာတာ တစ်ခါမှာ မကြုံဖူးဘူး။ တော်တော်ကို မူမမှန်တာပါ" လို့ ဗီယက်နမ် မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသက တောင်သူတစ်ဦးဖြစ်သူ Tran Cong က ပြောပါတယ်။

"ဆယ်ရက်အတွင်း ရွာလိုက်တဲ့မိုးဟာ ပြီးခဲ့တဲ့ တစ်လလုံးက ရွာခဲ့တဲ့ မိုးရေချိန်နဲ့ ထပ်တူလောက်ပဲ" လို့ ၎င်းက ပြောပြီး ရေကြီးရေလျှံတာကြောင့် သူ့ရဲ့ နှစ်ဟက်တာ စပါးခင်း ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးမယ်လို့ ခန့်မှန်းပါတယ်။

ဆန်တင်သွင်းမှု ပိုများလာနိုင်

ကမ္ဘာ့ဆန်စားသုံးမှုနဲ့ တင်သွင်းမှုအများဆုံး တရုတ်နိုင်ငံမှာ စပါးစိုက်ဒေသကြီးတွေ အပူချိန်လွန်ကဲမှုဒဏ်ခံခဲ့ရတာကြောင့် သီးနှံအထွက် ထိခိုက်ပြီး ၂၀၂၂-၂၃ ရာသီမှာ ဆန်တန်ချိန် စံချိန်တင်ပမာဏ တန်ချိန် ခြောက်သန်းအထိ တင်သွင်းရနိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) က ခန့်မှန်းထားပါတယ်။

တရုတ်ဟာ အရင်နှစ်တုန်းကတော့ ဆန်တန်ချိန် ၅ ဒသမ ၉ သန်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဆန်စားသုံးမှု တတိယအများဆုံး ဘင်္ဂလားဒေ့ရှ်မှာ ဆိုရင်လည်း ရေကြီးရေလျှံတာကြောင့် အဓိကစပါးစိုက်ဒေသတွေမှာ သီးနှံတွေ ပျက်စီးခဲ့ပြီး ဒီနှစ်ထဲမှာ ဆန်ပိုမိုတင်သွင်းရနိုင်တယ်လို့ ကုန်သည်တွေက ပြောထားပါတယ်။

အိန္ဒိယကလွဲလို့ တခြားနိုင်ငံတွေရဲ့ ထွက်နှုန်းလျော့နည်းမှုပမာဏ ပြည့်ပြည့်စုံစုံကို စောင့်ကြည့်လေ့လာသူတွေရော၊ အစိုးရအေဂျင်စီတွေကပါ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ နှစ်ကုန်ပိုင်းလောက်မှသာ သိရနိုင်ပါတယ်။

မိုးလေဝသအခြေအနေမပေးတာရဲ့ သက်ရောက်မှုကို လက်တွေ့ခံစားနေရပြီဖြစ်ပြီး ယခုအပတ်အတွင်း အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ဆန်တင်ပို့ဈေးတွေ အနည်းငယ် မြင့်တက်ခဲ့တာ တွေ့ရပါတယ်။

"ဆန်ဈေးတွေဟာ အနိမ့်ဆုံးနား ကပ်လောက်တဲ့အထိ ကျပြီးခဲ့ပြီ။ အခု အဲဒီနှုန်းထားကနေ ပြန်တက်လာတာ တွေ့ရတော့မယ်" လို့ စင်္ကာပူနိုင်ငံအခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။ "ဖိလစ်ပိုင်နဲ့ တခြား အာဖရိကဝယ်လက်တွေဟာ ဆန်မှာယူဖို့ လုပ်နေကြတာကြောင့် ဝယ်လိုအားဟာ မြင့်တက်လာပါလိမ့်မယ်" လို့ သူက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Analysis: Global rice supplies at risk as harsh weather hits top exporters


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်