ရွှေငါးလေးများ သဘာဝထဲရောက်သွားတဲ့အခါမှသည်.. အိပ်မက်ဆိုးများဆီသို့

30/06/2023 11:00 AM တွင် Shin Paing @ Piscey Wang Shin Paing @ Piscey Wang မှ ရေးသား

ရွှေငါးလေးတွေရဲ့ ချစ်စဖွယ်ရာ အပြင်ပန်း ပုံပန်းသဏ္ဍာန်က သင့်ကိုကောင်းကောင်း လှည့်စားနိုင်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင် ဒီ ရောင်စုံတောက်ပနေတဲ့ အလှမွေးရွှေငါးလေးတွေက ချစ်စဖွယ်ပုံစံလေးတွေရှိလို့ မှန်ကန်ကျဉ်းကျဉ်းလေးတွေထဲမှာ ကူးခပ်နေရတဲ့ သူတို့လေးတွေကို ကျယ်ကျယ်ဝန်းဝန်းဖြစ်စေဖို့ သင့်စိတ်ထဲကရော၊ သင့်ဘေးနားမှာရှိတဲ့ မိရိုးဖလာ အစဉ်လာများနဲ့ လူများကပါ သင့်ကို ဒီငါးလေးတွေကို အခါကြီးရက်ကြီးတွေမှာ ဘုရားငါးကန်ထဲမှာ ဘေးမဲ့ပေးဖို့၊ သင့်ပတ်ဝန်းကျင်က ရေကန်များဆီ ဘေးမဲ့ပေးဖို့ တွန်းအားပေးကြမှာပါ။ 

စဉ်းစားကြည့်ပါ။ ကြာပန်းတွေနဲ့ လှပနေတဲ့ ရေကန်လေးတစ်ကန်ကို သင်တွေ့တဲ့အခါတိုင်းမှာ ဒီကန်လေးထဲမှာသာ ရွှေငါးရောင်စုံလေးတွေကူးနေတဲ့အခါ ဘယ်လောက်တောင်လှမလဲဆိုတဲ့အတွေး လူတိုင်းနီးပါးမှာရှိတာ ရှောင်လွှဲလို့မရပါဘူး။

" သင့်အနေနဲ့ အမှုမဲ့အမှတ်မဲ့ အလှမွေးတဲ့ ရွှေငါးလေးတွေကို သဘာဝထဲ ဘေးမဲ့ပေးခဲ့မိတဲ့အခါ၊ ချစ်စဖွယ်ရာ ရွှေငါးလေးတွေကနေ ဂေဟစနစ်ကို အကြီးကျယ် ထိခိုက်ပျက်စီးစေနိုင်တဲ့ အဖျက်သမားကြီးများ အဖြစ်ပြောင်းလဲသွားနိုင်တာ သင်သိပါသလား? "

ဒီလိုအဖြစ်အပျက်မျိုး Australia (ဩစတေးလျ) နိုင်ငံမှာ ဖြစ်ပြီးပါပြီ။ လွန်ခဲ့သော နှစ် ၂၀ ခန့်က ဩစတေးလျနိုင်ငံ အနောက်တောင်ဘက်မှာရှိတဲ့ ချောင်းငယ်အတွင်းထဲသို့ လူအချို့က မမွေးချင်တော့တဲ့ အလှမွေးရွှေငါးတွေကို လွှတ်​​ပေးခဲ့ရာကနေ ဒီရွှေငါးတွေက ကြီးလာကြပြီး ရေစီးအတိုင်း စုန်ဆင်းသွားကြတယ်၊ ပြီးတော့ သွားလေရာနေရာက ရေတွေကို ညစ်ညမ်းစေခဲ့ပြီး အကြီးအကျယ် သားပေါက်ခဲ့ကြရာ မကြာခင်မှာပဲ မြစ်တစ်ခုလုံး သူတို့တွေနဲ့ ပြည့်နှက်သွားခဲ့ပါတော့တယ်။

ဒီဖြစ်ရပ်ဟာ ဩစတေးလျနိုင်ငံအတွင်းရှိ Vasse မြစ်မှာ ဖြစ်ပျက်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်လောက်က စခဲ့တဲ့ ဒီပြဿနာဟာ ယနေ့အထိ ရှင်းမနိုင်ဖြစ်နေပါတယ်။ အာဏာပိုင်အဖွဲ့အစည်းများက အသည်းအသန် အင်တိုက်အားတိုက် သုတ်သင်ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြပေမဲ့ ရွှေငါးတွေက Vasse မြစ်ထဲမှာ ရှင်သန်နေကြဆဲဖြစ်ပါတယ်။ အလှမွေးငါးကန်ထဲမှာဆို ၄ လက်မလောက်သာကြီးကြတဲ့ ရွှေငါးတွေက သဘာဝထဲရောက်သွားတဲ့အခါ ၁၆ လက်မကျော်အထိ ကြီးသွားကြပါတယ်။

ရွှေငါးတွေက ကမ္ဘာ့အဆိုးရွားဆုံး ကျူးကျော်မျိုးစိတ်တွေထဲမှာ ပါဝင်သလို Vasse မြစ်အပြင် အမေရိကန်မှာဆို ကော်လိုရာဒို၊ နီဗားဒါး၊ အယ်ဗာတာ ပြည်နယ်တို့နဲ့ ကနေဒါနိုင်ငံမှာပါ အလားတူ ပြန့်ပွားမှုတွေဖြစ်နေပါသေးတယ်။ 

ရွှေငါးကျူးကျော်ပြန့်ပွားမှုတွေရဲ့ အစကတော့ လူတွေရဲ့ ရွှေငါးရဲ့ နေထိုင်မှုနဲ့ ပုံစံအပေါ် လျှော့တွက်ထားတာအပြင် သဘာဝထဲရောက်သွားတဲ့အခါ ဘယ်လိုတွေဖြစ်သွားနိုင်မလဲဆိုတာ မသိကြလို့ ဖြစ်ရတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ရွှေငါးပြဿနာနဲ့ ပတ်သတ်ပြီး လေ့လာဖြေရှင်းနေတဲ့ အဖွဲ့အစည်းမှ Dr. Beatty ပြောကြားခဲ့တာကတော့..

" ပြင်ပမှ ဘယ်လို သတ္တဝါကိုမဆို အလှမွေးငါးကန်ထဲက ချစ်စဖွယ် ရွှေငါးလေးကိုတောင် ဂေဟစနစ်တစ်ခုထဲကို လွှတ်ပေးလိုက်တဲ့အခါမှာ မထင်မှတ်ထားလောက်အောင် ဂေဟစနစ်အပေါ် သက်ရောက်မှုတွေ ရှိစေနိုင်ပါတယ် "

ရွေငါးတွေက တကယ်တော့ ငါးကြင်း Carp မျိုးနွယ်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ တရုတ်လူမျိုးတွေက ၁၈၀၀ ပြည့်နှစ် နှောင်းပိုင်းတွေမှာ ငါးကြင်းအမျိုးမျိုးတို့ကို ဆင့်ကဲသားဖောက်ရင်း ဖန်တီးထားတဲ့ လူလုပ်ငါးမျိုးပဲဖြစ်ပါတယ်။

ရွှေငါးကိုးကောင် လာဘ်ကိုဆောင်ဆိုတဲ့အယူနဲ့အတူ လူတွေက တန်ဖိုး အလေးပေးမွေးမြူကြရာကနေ မကြာခင်မှာ ပေါပေါများများ ကမ္ဘာအနှံ့မှာ မွေးလို့ရလာကြတာဖြစ်ပါတယ်။ 

ရွှေငါးတွေကို အချုပ်အနှောင်ကနေ သဘာဝထဲကို လွှတ်လိုက်တဲ့အခါမှာ ၃-၄ လက်မ လောက်အရွယ်သာရှိတဲ့ ငါးတွေက ၂ ပေ လောက် ကြီးသွားနိုင်ပြီး ဆင့်ကဲသားပေါက်တဲ့အခါမှာ ရွှေရောင်ကနေ သူတို့ရဲ့ ဘိုးဘေးဘီဘင်များရဲ့ ဗီဇပါဝင်တာကြောင့် အဝါနဲ့ ညိုဖန့်ဖန့် အရောင်ကို ပြန်ရောက်သွားကြပါတယ်။

ဂေဟစနစ်အတွက် ကြည့်မယ်ဆိုရင် ရွှေငါးတွေက တကယ်ကို အိပ်မက်ဆိုးပါပဲ။ သူတို့တွေက မြစ်၊ ချောင်း နဲ့ ရေကန်တွေရဲ့ ကြမ်းပြင်နားကပ်ကာ ကူးခပ်တတ်ကြပြီး ရေအောက်ကြမ်းပြင်မှ အပင်များကို ကျွတ်ထွက်စေကာ ရေအောက်ကြမ်းပြင် အနည်ထိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ပြီးတော့ မြေဆီအနှစ်များကို လိုအပ်သည်ထက် ပိုမိုပျံ့နှံ့စေတာကြောင့် မလိုလားအပ်တဲ့ Algae ရေညှိ ပေါက်ဖွားမှုကိုဖြစ်စေပြီး ကန်တစ်ခုလုံးက ရေတွေစိမ်းသွားအောင် လုပ်ပါတယ်။

ဒီလိုဖြစ်တာက ကန်ရဲ့ ရေအရည်အသွေးကိုကျဆင်းစေပြီး တစ်ကန်လုံးက ငါးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ရွှေငါးတွေက အစုံစားသတ္တဝါတွေဖြစ်ပါတယ်။ ရေညှိကစလို့ ပုစွန်၊ ငါးအသေးများ နှင့် အခြားငါးများရဲ့ ဉတွေကိုပါ စားကြသလို အညစ်အကြေးစွန့်ထုတ်မှုများပြီး ရေကို ညစ်ညမ်းစေပါတယ်။

အနာပေါ်တုတ်ကျဆိုသလိုပဲ အထက်ပါဆိုးကျိုးတွေထက် ပိုဆိုးတဲ့အချက်ကတော့ ရွှေငါးတွေက ရောဂါများအပြင် ကပ်ပါးပိုးပေါင်းများစွာကို သယ်ဆောင်တဲ့ Carrier တွေဖြစ်နေတာပါ။ 

ရွှေငါးအမတွေက တစ်နှစ်ကို ဉအရေအတွက် ၄ သောင်းကျော် ဉနိုင်ပြီး ဒီအရေအတွက်ဟာ အခြားရေချိုငါးမျိုးများထက် အဆပေါင်းများစွာပိုများပါတယ်။ ရွှေငါးတွေဟာ အခြား ငါးကြင်းမျိုးများနဲ့ မျိုးစပ်ပြီး သားပေါက်နိုင်ကြပါသေးတယ်။ သားရဲမျိုးစိတ်တွေမရှိတဲ့အခါ ရေပြင်များကို ဒီရွှေငါးတွေကပဲ ကြီးစိုးနေမှာပါ။

ဒီတော့... ရွှေငါးဆိုတာနဲ့ ဖန်လုံးထဲက ရွှေငါးကိုသာပြေးမြင်ကြတဲ့အတွက် လျှော့မတွက်ကြပါနဲ့။

ရွှေငါးတွေကို သဘာဝထဲမှာ လိုက်လံလေ့လာတဲ့အခါ တွေ့ရှိချက်များကတော့ ရွှေငါးများဟာ တစ်နေ့ကို ဘောလုံးကွင်းပေါင်းများစွာ အကွာအဝေးအထိကူးခတ်နိုင်ကြပြီး တစ်နှစ်ကို ပျမ်းမျှ မိုင်ပေါင်း ၁၄၀ ကျော်အထိ သွားလာနိုင်ပါတယ်။ ဒါကြောင့် ဖန်လုံးသေးသေးလေးထဲမှာနေတဲ့ငါးက သဘာဝထဲရောက်တဲ့ အခါ ရာသီအလိုက် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ သားပေါက် ကျက်စားနိုင်ကြပါတယ်။  ပညာရှင်များကလည်း ကျူးကျော်ပြန့်ပွားနေတဲ့ ရွှေငါးများကို သုတ်သင်ရှင်းလင်းနိုင်ဖို့ နေ့စဉ်ကြိုးစားနေကြရပါတယ်။

မြန်မာနိုင်ငံလိုမျိုး သတ္တဝါတွေကို ဘေးမဲ့ပေးကြတဲ့ ဘာသာရေးအလေ့အထရှိတဲ့ တိုင်းပြည်နဲ့လှပပြီး ချစ်စဖွယ်ပုံစံလေးတွေနဲ့ ရွှေငါးတွေနဲ့က တကယ်ကို ဆိုးရွားလွန်းတဲ့ ပေါင်းစပ်မှုကြီးတစ်ရပ်ဖြစ်ပါတယ်။

ဂရုဏာပိုတတ်ကြတဲ့ လူပုဂ္ဂိုလ်များအနေနဲ့ အမြင်နဲ့သာ မဆုံးဖြတ်ကြဖို့လိုပါတယ်။ အလှမွေးကြသူများလည်း တာဝန်သိတတ်စွာ မွေးမြူကြဖို့လိုအပ်သလို ငါးများ နေမကောင်းဖြစ်တဲ့အခါ မမွေးချင်တော့တဲ့အခါ လူသားအဆန်ဆုံးလုပ်ရပ်က ရွှေငါးကို ရေခဲရိုက်ပြီး ညင်သာစွာ သေစေတာပဲဖြစ်မှာပါ။ မလိုလားအပ်တဲ့ သင့်ရဲ့ ဂရုဏာစိတ်ကြောင့် ရောဂါဖြစ်နေတဲ့ ရွှေငါးကို သဘာဝထဲလွှတ်ခဲ့မယ်ဆိုရင်တောင် ဒေသတွင်းငါးမျိုးများအတွက် အန္တရာယ်ကြီးမားပါတယ်။ 

မြန်မာနိုင်ငံအတွင်း ရွှေငါးမျိုးစိတ် ကျူးကျော်ပြန့်ပွားမှု ထင်သလောက် မကြီးမားလှခြင်းရဲ့အကြောင်းကတော့ ​မြန်မာနိုင်ငံအတွင်း ရွှေငါးထက်ဆိုးသော ကျူးကျော်မျိုးစိတ်များဖြစ်တဲ့ တီလားပီးယား၊ ငါးခူခေါင်းပွ နဲ့ စုပ်ခွက်ငါးတို့က ဂေဟစနစ်ကို ပိုမိုကြီးမားသော အဖျက်အားများဖြင့် နေ့စဉ်ပြန့်ပွားပြီး ဒုက္ခပေးနေခြင်းကြောင့်သာ ဖြစ်ပါတယ်။

ကျူးကျော်မျိုးစိတ်များဟာ တစ်နေ့တခြား ပြန့်ပွားလာပြီး ဒေသတွင်းငါးမျိုးစိတ်များမှာ ပိုမိုရှားပါးလာကာ မကြာခင် ကျူးကျော်မျိုးစိတ်များသာ အစာထိုးကျန်ရစ်မယ့် အန္တရာယ်ရှိတာကြောင့် ကျွန်တော်တို့အားလုံးအနေနဲ့ အဘက်ဘက်မှ တတ်စွမ်းသလောက် ပါဝင်၍  ကျူးကျော်မျိုးစိတ်များလွှတ်ခြင်းကို တားဆီးကာ ဖမ်းဆီးရရှိပါက သုတ်သင်ရှင်းလင်းသင့်ပါကြောင်း Piscey Aquatics က အသိပေးအပ်ပါတယ်။

Article by Shin Paing @ Piscey Wang

မူရင်းလင့် >>> https://www.facebook.com/permalink.php?story_fbid=pfbid0KfmzZT6s3JUzrmAAqzUEei6c8PgZBZnGMtyye5QakygX3kh7oNE938ahvxx7xjQgl&id=100063616784373

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်