စျေးကွက်ဝင် တန်ဖိုးကြီး ကျောက်ငါး မွေးမြူနည်း (အပိုင်း-၁)

04/08/2022 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

စျေးကွက်ဝင်ပြီး တန်ဖိုးကြီးမားသော ရေငန်ငါးအမျိုးအစားတစ်မျိုးဖြစ်သည့် ကျောက်ငါး(Grouper)ကို မြန်မာနိုင်ငံတွင် မြိတ်ဒေသ၌ မွေးမြူနေကြသည်။ "ငါးဝက်မ" မျိုးစိတ်ဝင် ကျောက်ငါးကို ရခိုင်တွင် ' ငါးတောက်တူ' ဟုလည်း ခေါ်ဆိုကြပါသည်။ 

အခြားသောနိုင်ငံများတွင်လည်း သဘာဝအတိုင်း ရရှိရန် ရှားပါးလာခြင်းကြောင့် တွင်ကျယ်စွာမွေးမြူနေကြသော ငါးအမျိုးအစားတစ်မျိုး ဖြစ်ပါသည်။

ကျောက်ငါးကို ကကတစ်ငါးကဲ့သို့ပင်-

  • (က) ကန်ဖြင့်သော်လည်းကောင်း၊
  • (ခ) လှောင်အိမ်မွေးမြူနည်းစနစ်ဖြင့်သော်လည်းကောင်း မွေးမြူနိုင်ပါသည်။

(က) ကျောက်ငါးအား ကန်ဖြင့်မွေးမြူနည်း

ကျောက်ငါးအား ကန်ဖြင့်မွေးမြူရာတွင်..

  • ၁။ ရေချိုရေငန်စပ်၊ ရေငန်အလွယ်တကူ ရရှိနိုင်သည့်နေရာ၊
  • ၂။ အငန်နှုန်း(၁၀-၃၀) PPT ရရှိနိုင်သည့်နေရာ၊
  • ၃။ ကုန်းမြေ မနိမ့်လွန်း၊ မမြင့်လွန်းသောနေရာ၊
  • ၄။ မြေအချဥ်ဓာတ်နည်းသည့် နေရာ၊
  • ၅။ ရွှံ့စေး(သို့မဟုတ်) ရွှံ့နုန်းမြေနေရာ၊
  • ၆။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောနေရာ၊
  • ၇။ ရေပြင်ညစ်ညမ်းမှု ကင်းသည့်နေရာ၊
  • ၈။ ငါးစာများဝယ်ယူရန် လက်လှမ်းမှီသည့်နေရာ၊
  • ၉။ လုံခြုံစိတ်ချရသည့်နေရာ စသည့်နေရာများဖြစ်ရန် သတိပြု ရွေးချယ်ရပါမည်။

ကျောက်ငါးအား ကန်ဖြင့် မွေးမြူရာတွင် ကကတစ်ငါးကဲ့သို့ပင် အများအားဖြင့် တီလားပီးယားငါးနှင့် ရောနှော၍ မွေးမြူလေ့ရှိကြပါသည်။ ကျောက်ငါးမွေးမြူရန် အလျားရှည်၍ အနံတိုသောကန်အား ရေအနက် ၄ ပေ တူးဖော်ရပါမည်။

 တစ်ပိုင်တစ်နိုင်ကန်အတွက် -

  • ၅၀ ပေ x ၂၅ ပေ x ၄ ပေ
  • ၁၀၀ ပေ x ၁၀၀ ပေ x ၄ ပေ ရှိရပါမည်။

စီးပွားဖြစ်အတွက် -

  • ၄၀၀ ပေ x ၁၀၀ ပေ x ၄​ ပေ ရှိရပါမည်။

ကန်တူးဖော်ခြင်း

  • မြေအမျိုးအစားကိုလိုက်၍ ၁ ဧကလျှင် ထုံး(၆၀-၃၀၀)ပိဿာနှုန်း၊ နွားချေး၊ ကြက်ချေးတင်း(၁၅၀)နှုန်း ထည့်သွင်း၍ရေဖြည့်ပေးရပါမည်။
  • ၁ ပတ်မှ ၁၀ ရက်အတွင်း သြဇာဓာတ်ပြည့်ဝ၍ ကန်ရေအရောင်စိမ်းလာလျှင် ငါးထည့်သွင်းမွေးမြူနိုင်ပြီ ဖြစ်ပါသည်။ 

သားပေါက်ထည့်သွင်းခြင်း

  • သားပေါက်ထည့်သွင်းမွေးမြူရာတွင် ကျောက်ငါးသားပေါက်များအား မထည့်သွင်းမီ ၁ လကြိုတင်၍ တီလားပီးယားငါးများအား ၁ ဧကလျှင် ငါးအကောင် ၂၀၀၀ မှ ၄၀၀၀ နှုန်းဖြင့် ကြိုတင်ထည့်သွင်းရန် လိုအပ်ပါသည်။ တီလားပီးယားငါးများ ကြိုတင်သားပေါက်နိုင်ကြစေရန် ဖြစ်ပါသည်။
  • ထို့နောက် ၂ လက်မခွဲအရွယ်ထက် ကြီးမားသော ကျောက်ငါးသားပေါက်များအား ၁ ဧကလျှင် သားပေါက်ကောင်ရေ ၂၀၀၀ နှုန်းဖြင့် ထည့်သွင်းပေးရမည်ဖြစ်ပါသည်။
  • ၁ လ ကြိုတင်ထည့်သွင်းပေးထားသော တီလားပီးယားငါးများ၏ သားပေါက်များသည် ကျောက်ငါးသားပေါက်များအတွက် အစာအဖြစ် ထောက်ပံ့ပေးမည်ဖြစ်သည်။
  • သားပေါက်များထည့်သွင်းရာတွင် အပူချိန်နှင့် အခြားသော ရေအရည်အသွေးများအတွက် ကျင့်သားရစေခြင်း (acclimatization)အား အခြားငါးများကဲ့သို့ပင် ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

အစာကျွေးခြင်း

  • ကျောက်ငါးသားပေါက်များသည် တီလားပီးယားငါးသားပေါက်များအား အစာအဖြစ်ရရှိနေသော်လည်း ဖြည့်စွက်စာအနေဖြင့် ခုတ်ထစ်ထားသော ငါးအသားများအား ကျောက်ငါးသားပေါက်များ၏ အလေးချိန်စုစုပေါင်း၏ ၅ ရာခိုင်နှုန်း နှုန်းဖြင့် နေ့စဥ်ကျွေးမွေးပေးရမည် ဖြစ်ပါသည်။
  • အစာကျွေးရာတွင် မနက် ၁ ကြိမ်နှင့် ညနေပိုင်းတွင် ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ကျွေးမွေးပေးရန် လိုအပ်ပါသည်။
  • ငါးကြီးထွားမှုအား ၁ လလျှင် ၁ ကြိမ် အနည်းဆုံး တိုင်းတာပေးရမည်ဖြစ်ပါသည်။

ရေလဲလှယ်ခြင်း

ကန်ရေ၏ထက်ဝက်ဖြစ်သော ရေ  ၅၀ ရာခိုင်နှုန်းအား ၁ ပတ်လျှင် ၂ ကြိမ်လဲလှယ်ပေးရန် လိုအပ်သည့်အပြင် မွေးမြူရေးကန်၏ အရည်အသွေးများအား ပုံမှန်စစ်ဆေးနေရန် လိုအပ်ပါသည်။ 

ရှိသင့်သော ကန်ရေ၏ အရည်အသွေးများမှာ -

  • ရေအနက် - ၂ ပေ မှ  ၄ ပေ
  • ရေ၏အပူချိန် - ၂၄°C မှ ၃၁°C
  • အငန်နှုန်း - ၂၁ ppt မှ ၄၁ ppt 
  • ပျော်ဝင်အောက်စီဂျင် - ၄.၉ ppm - ၉.၃ ppm တို့ဖြစ်ပါသည်။

ကြီးထွားနှုန်း

ကျောက်ငါးကို ကန်ဖြင့် အထက်ပါနည်းစနစ်အတိုင်း မွေးမြူပါက ၅ လမှ ၇ လ အကြာတွင် စျေးကွက်ဝင်အရွယ်အစားဖြစ်သော ငါးတစ်ကောင်ချင်းအလေးချိန် ၂၅ ကျပ်သား မှ ၅၀ ကျပ်သားအရွယ်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။

Ref: ငါးလုပ်ငန်းသင်တန်းကျောင်းမှ ပို့ချသော ငါးမွေးမြူရေး နည်းစနစ်များ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်