သြဂဲနစ်စိုက်ပျိုးရေးတွင် အသုံးပြုသော စိုက်ပျိုးနည်း စနစ်များ

17/01/2018 16:44 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ မြေဆီလွှာ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်း
သြဂဲနစ် စိုက်ပျိုးရေးတွင် ဓာတုမြေသြဇာများ မြေထဲသို့ မထည့်ရသဖြင့် ပထမဦးစွာ မြေကြီး အား အာဟာရဓာတ်ပြည့်ဝပြီး မြေဆီသြဇာ ထက်သန်ကောင်းမွန်သော မြေကြီးဖြစ်နေရန် အမြဲထိန်းသိမ်း စောင့်ရှောက်ထားရမည် ဖြစ်သည်။ မြေကြီးကို မြေသြဇာကောင်းအောင် စောင့်ရှောက်နေသူများမှာ မြေထဲရှိ အဏုဇီဝလေးများ ဖြစ်သဖြင့် ၎င်းတို့ကောင်းစွာ ပွားများ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရမည်ဖြစ်ပြီး အစွမ်းထက်သော အဏုဇီဝများကိုလည်း မြေထဲထပ်ထည့်ပေးရန်လိုပါသည်။ စိုက်ပျိုးမြေတွင် သတ္တုဓာတ်များ ၂၅ ရာခိုင်နုန်း၊ သြဂဲနစ် ပစ္စည်း ၅ ရာခိုင်နုန်း၊ ရေ ၂၅ ရာခိုင်နုန်း၊ လေ ၂၅ ရာခိုင်နုန်း ပါဝင်ပါသည်။ အဏုဇီဝများသည် မြေလေနှင့် ရေကို အမှီပြု၍ သြဂဲနစ်ပစ္စည်းများကို စားသုံးပြီး ပွားများ အလုပ်လုပ်ပါသည်။ ထို့ကြောင့် မြေကြီးကို သြဂဲနစ်ပစ္စည်း ၅ ရာခိုင်နုန်း အထက် အမြဲရှိနေပြီး အစိုဓာတ်နှင့် လေဝင် လေထွက်ကောင်းအောင် ဆောင်ရွက်ထားရမည်။ မြေကြီးကို တက်နိုင်သမျှ အနည်းဆုံး ထွန်ယက်ပါ။ သြဂဲနစ်စိုက်ခင်းတွင် ညက်ညက်ထွန်ရန် မလိုပါ။ လူကနည်းနည်းထွန်ပြီး၊ ညက်ညက်ထွန်ရန်တာဝန်ကို အဏုဇီဝများက လုပ်ဆောင်ပါလိမ့်မည်။ သို့သော် သူတို့ အလုပ် လုပ်ချင်အောင် အစာ နှင့် ရေ၊ လေ လုံလောက်အောင် ပေးထားရပါမည်။ အစိုဓာတ်နှင့် လေဝင် လေထွက်ကောင်းရန် စပါးခွံမီးသွေးကဲ့သို့သော ပစ္စည်းများ ထည်းပေးရမည်။ ယာမြေတွင် ရေထိန်းစွမ်းအားကောင်းရန် ထယ်ရေးနက်ရန် လိုသော်လည်း လယ်မြေတွင် ထယ်ရေးနက်နက် မထိုးရပါ။ သီးနှံပင်များ ရိတ်သိမ်းပြီးပါက သီးနှံပင် အကြွင်းအကျန်များ နှင့် ပေါင်းမြက်များကို ထယ်ထိုးမြေမြုပ်ခြင်းဖြင့် မြေဆီလွှာ ဖွံ့ဖြိုးစေပြီး ပေါင်းမြက်များ ကင်းစင်ကာ ရောဂါနှင့် ပိုးမွှာများလည်း မခိုအောင်းနိုင်ပါ။ ထို့ပြင် မြေဆီလွှာကို လေဝင်လေထွက် ကောင်းမွန်စေပြီး အပင်အကြွင်းများ ဆွေးမြေ့မှု မြန်စေကာ မိုးရေကိုလည်း မြေတွင်းတွင် စုဆောင်းမိစေပါသည်။ သို့သော် မလိုအပ်ဘဲ ပေါင်းမရှင်းပါနှင့် ကြိုတင်ထယ်ထိုးမထားပါနှင့်။ တက်နိုင်သ၍ သဘာဝအတိုင်း ရှိပါစေ။ မြေဆီလွှာကို အမြဲတစ်ခုခုနှင့် ဖုံးအုပ်နေပါစေ။ သီးနှံပင်မရှိက မြေဖုံးပင် စိုက်ထားရမည်။ မြေဖုံးပင်အဖြစ် သစ်စိမ်းမြေသြဇာ အပင်များ စိုက်ပျိုးထားနိုင်ပါ သည်။ အပင်စိုက်ရာတွင်လည်း မြေပင်ပန်းမှု သက်သာစေပြီး မျိုးစေ့အနည်းငယ်သာ သုံးရသည့် မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်အစေ့ချစိုက်စနစ်၊ ပျိုးပင်တစ်ပင်ချင်း စိုက်ရသည့် အက်(စ်) အာ အိုင် (SRI) စနစ်တို့ကို သုံးပါ။

၂။ သီးလှည့်စနစ်တကျ စိုက်ပျိုးခြင်း
သီးလှည့်စနစ်တကျ စိုက်ပျိုးခြင်းသည် အော်ဂဲနစ်စိုက်ပျိုးရေးတွင် အဓိကကျသော စိုက်ပျိုးရေး စနစ်တစ်ခုဖြစ်ပါသည်။ သီးနှံပုံစံအတွဲများကို စနစ်တကျ အလှည့်ကျ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ တိုးတက်ဖွံ့ဖြိုးစေပြီး ပဲမျိုးရင်းဝင် သီးနှံတစ်မျိုးပါဝင်ပါက မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ်ပါဝင်မှုကို ပိုမိုတိုးတက်ကောင်းမွန်စေပါသည်။ သီးနှံများ ရွေးချယ်ရာတွင် သီးနှံအလိုက် အသင့်တော်ဆုံး စိုက်ပျိုးချိန်ကို သေချာစွာ လေ့လာရန် လိုပါသည်။ ဥပမာ - ခရမ်းချဉ်၊ ငရုတ်၊ အာလူးတို့သည် မျိုးရင်းတူသဖြင့် သီးလှည့်စိုက်မရပါ။ မျိုးရင်းတူလျှင် စားသော အစားလည်းတူ၊ ကျသော ရောဂါနှင့် ပိုးလည်းတူသဖြင့် သီးလှည့်အကျိုးကျေးဇူး ခံစားရမည် မဟုတ်ပါ။
မြန်မာနိုင်ငံတွင် စိုက်ပျိုးနေသော သီးနှံအလှည့်ကျ စိုက်ပျိုးမှုပုံစံ အချို့မှ စပါး- မြေပဲ - ပဲတီစိမ်း၊ စပါး - ကုလားပဲ - နှမ်း၊ စပါး- ကြက်သွန်၊ စပါး - ခရမ်းချဉ်၊ ပဲတီစိမ်း - စပါး- ကုလားပဲ၊ ပဲတီစိမ်း- စပါး- ဂျုံ၊ နှမ်း- စပါး- ကြက်သွန်နှင့် ပဲတီစိမ်း- ခရမ်းချဉ် စသည်တို့ ဖြစ်ပါသည်။

သီးလှည့်မစိုက်ဘဲ သီးနှံတစ်မျိုးတည်းသာ ဆက်တိုက်စိုက်လိုပါက အီးအမ်နည်းပညာဖြင့် စိုက်ပျိုးနိုင်ပါသည်။ 

၃။ သီးညှပ်စိုက်ပျိုးခြင်း
သီးနှံစိုက်ခင်းတစ်ခုအတွင်း သီးနှံနှစ်မျိုး (သို့မဟုတ်) သုံးမျိုး တစ်ပြိုင်ထဲ စိုက်ပျိုးပြီး သီးနှံ တစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် အကျိုးပြုသည့် စနစ်ဖြစ်ပါသည်။ ဥပမာ - ပြောင်းဖူးနှင့် တိုင်ထောင်ပဲတွင် ပဲပင်မှ ပြောင်းဖူးပင်အတွက် နိုက်ထရိုဂျင်ဓာတ်ပေးပြီး၊ ပြောင်းဖူးပင်မှ တိုင်ထောင်ပဲအတွက် အမှီသဟဲ ဖြစ်စေပါသည်။ ငရုတ်နှင့် ကြက်သွန်ဖြူ၊ ကြက်သွန်နှင့် ခရမ်းချဉ်၊ ငရုတ်နှင့် မုန်ညင်းတို့ကို သီးညှပ်အဖြစ် စိုက်ပျိုးလေ့ရှိပါသည်။ သီးညှပ်စိုက်ပျိုးခြင်း ဖြင့် ရောဂါနှင့် ပိုးမွှားကျရောက်မှုကို နည်းအောင် လုပ်နိုင်ပြီး မြေမှ အာဟာရဓာတ် ထုတ်ယူမှုကို လည်း မျှတစေမှာ ဖြစ်ပါသည်။
သြဂဲနစ် စိုက်ပျိုးရေးတွင် ဇီဝမျိုးစုံကြွယ်ဝစေရန်အတွက် သီးနှံမျိုးစုံကို သီးလှည့်၊ သီးညှပ် စိုက်ခြင်းကို အထူးအားပေးပါသည်။ သီးနှံတစ်မျိုးတည်းကိုပင် မျိုးပြားတစ်မျိုးတည်း နှစ်စဉ် မစိုက်ဘဲ အမျိုးမျိုးပြောင်းစိုက်သင့်ပါသည်။

စိုက်ခင်းဘောင်တွင် ဖုံးအုပ်ခြင်း (Mulching)
သြဂဲနစ်စိုက်ပျိုးရေးတွင် စိုက်ဘောင်များကိုး ကောက်ရိုး၊ နှမ်းရိုး စသည့် သီးနှံပင်အကြွင်း အကျန်များ ဖုံးအုပ်ပေးခြင်းဖြင့် မြေဆီလွှာ အပူအအေး မျှတစေခြင်း၊ အစိုဓာတ် ဆုံးရှုံးမှု လျော့နည်းစေခြင်း၊ ပေါင်းမြက်များ မပေါက်နိုင်ခြင်း၊ မြေတွင်းရှိ အဏုဇီဝများ ပွားများမှု ကောင်းစေခြင်း၊ မြေဆီလွှာ တိုက်စားမှုကို ကာကွယ်ပေးခြင်း၊ မြေဆီလွှာမှ အာဟာရဓာတ် ဆုံးရှုံးမှု လျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။ ဓာတုမြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများ၊ လျော့ချရန် နည်းလမ်းမျိုးစုံ သုံးခြင်းဖြစ်ပါသည်။ ယခုအခါ သီးနှံစိုက်ပြီးလျှင် လိုအပ်သော အစေ့အဆန် အသီးအရွက်တို့ကိုသာ ဆွတ်ခူး ရိတ်သိမ်းပြီး ကျန်သောသီးနှံပင် အစိတ်အပိုင်းအားလုံးကို စိုက်ခင်းထဲတွင် ပြန်ထည့်၍ မြေဆီလွှာကို ဖုံးအုပ်ပေးထားပြီး နောက်သီးနှံစိုက်လိုသောအချိန်မှ မြေဆီလွှာကို ထယ်ထိုး၊ ထွန်မွှေခြင်းမပြုဘဲ စိုက်ပျိုးခြင်းသည် ထယ်ထိုးထွန်မွေ စိုက်ပျိုးခြင်းထက် အထွက်ပိုသည်ဟု သုတေသန တွေ့ရှိချက်များ တွေ့ရှိထားပါသည်။ မြေကြီးကို အချိန်ပြည့် ဖုံးအုပ်ပေးထားပြီး စိုက်လိုသောအချိန်မှ မျိုးစေ့ချလိုသော နေရာကို ပေါက်ပြားဖြင့်ဖြစ်စေ၊ ထယ်တစ်ကြောင်းထိုး၍ ဖြစ်စေ တူးဆွပြီး မျိုးစေ့ထည့်ပြီးနောက် ပြန်ဖုံးပေးထားခြင်းဖြင့် စိုက်ပျိုးသောစနစ်ကို စမ်းသပ် အသုံးပြုသင့်ပါသည်။ ဤစနစ်သည် တောင်ယာစိုက်ခင်းများအတွက် အထူးသင့်လျော်သော် လည်း မိုးများ၍ ပေါင်းများသောနေရာများတွင် အသုံးပြုရန် အခက်အခဲရှိပါသည်။ ထိုသို့သော နေရာများတွင် ထယ်ထိုးထွန်မွှေ၍ ဖုံးအုပ်စိုက်ပျိုးသောစနစ်ကို သုံးရပေမည်။ သြဂဲနစ် စနစ်တွင် မြေဆီလွှာဖုံးအုပ်ပေးခြင်းကို မဖြစ်မနေ ပြုလုပ်ပေးသင့်ပါသည်။ 

၅။ သန့်ရှင်းရေး
သြဂဲနစ်စိုက်ပျိုးရေးတွင် သန့်ရှင်းရေးသည် အရေးကြီးပါသည်။ စိုက်ခင်းအတွင်းတွင် သီးနှံပင် အကြွင်းအကျန်များ၊ အမှိုက်များ မရှိစေရန် ရှင်းလင်းပေးခြင်းဖြင့် ရောဂါနှင့် ပိုးမွှားများ ခိုအောင်းကူးစက်ပျံ့နှံခြင်းမှ ကာကွယ်ပေးပါသည်။ မိမိ၏ ထွက်ကုန်များကိုလည်း သန့်ရှင်း စေပြီး သြဂဲနစ်တန်ဖိုးတက်စေပါမည်။ သြဂဲနစ်စနစ်တွင် ထွက်ရှိလာသော မိမိ၏ သီးနှံများကို သန့်ရှင်းစင်ကြယ်အောင် စနစ်တကျ ဆေးကြောထုတ်ပိုးရပါမည်။ အသုံးပြုသော ရေ၊ ထုတ်ပိုး ပစ္စည်းကအစ စံချိန်မှီ သန့်ရှင်းမှု ရှိရမည် ဖြစ်ပါသည်။ အသုံးပြုသော ဂိုဒေါင် အဆောက်အဦး နှင့် ချွေလှေ့စက်၊ ကြိတ်ခွဲစက်တို့သည်လည်း စံချိန်မှီ သန့်ရှင်းမှု ရှိရပါမည်။

Source - ပါမောက္ခ ဒေါက်တာ မြင့်လွင် ၊ ဩဂဲနစ် တောင်သူလက်စွဲ စာအုပ်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်