သတ္တုလေးများနှင့် လူတို့၏ ကျန်းမာရေး

20/10/2020 19:00 PM တွင် May Phyo Wai May Phyo Wai မှ ရေးသား

      Heavy Metal ဟုခေါ်သော သတ္တုလေးများသည် လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း အများသတိပြုမိပြီး ဖြစ်ပါသည်။ အများအားဖြင့်တွေ့ရသော Heavy Metal များသည် Iron (Fe), lead (Pb), Chromium (Cr) Arsenic (As) , Zinc (Zn), Cadmium (Cd), Copper (Cu), Mercury (Hg) နှင့် Nickel (Ni) တို့ဖြစ်သည်။  ပတ်ဝန်းကျင်ရှိအသုံးဆောင် ပစ္စည်းများ၊ မြေထု၊ လေထုနှင့် သောက်သုံးရေများတွင် ပါဝင်နေနိုင်ပါသည်။ ။ အချို့သော Heavy Metal များသည် လူနဲ့အပင်တို့အတွက် မရှိမဖြစ်အရေးပါသော်လည်း (ဥပမာ ဇင့်၊ သံဓါတ်) အကန့်အသတ်တစ်ခုကျော်လွန်ပါက အဆိပ်သင့်စေနိုင်ပါသည်။ အချို့ Heavy Metal များသည် အဆိပ်သင့်မှုဆိုးဝါးပြီး ကင်ဆာအပါအဝင် အဆုပ်၊အသည်းနှင့်ကျောက်ကပ်ရောဂါကို ဖြစ်စေသည်။ အာဆင်းနစ်၊ ကတ်မီယံ၊ ခရိုမီယံနှင့် နီကယ်တို့သည် ကင်ဆာဖြစ်စေနိုင်မှုအမြင့်ဆုံးဖြစ်သည်ဟု International Agency for Research on Cancer က အတည်ပြု ထားပါသည်။

      Heavy Metal များ ရောနှောညစ်ညမ်းစေခြင်းအကြောင်းအရင်း ၂ မျိုးရှိပါသည်။ ပထမတစ်မျိုးသည် လူတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး နောက်တစ်မျိုးသည်  သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ စက်ရုံအလုပ််ရုံများတိုးချဲ့လာခြင်း၊ သတ္တုတူး ဖော်ခြင်းလုပ်ငန်းများ၊ သတ္တုများပါဝင်သောစွန့်ပစ်ပစ္စည်းများအား စနစ်တကျမစွန့်ပစ်ခြင်း၊ ခဲပါဝင်သော လောင်စာဆီ များနှင့်အိမ်သုတ်ဆေးများအား စနစ်တကျအသုံးမပြုခြင်း၊ တိရိစ္တာန်နှင့်လူတို့၏ စွန့်ပစ်အညစ် ကြေးများအား စိုက်ပျိုးရေးတွင် ပြန်လည်အသုံးပြုခြင်း၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို အသုံးပြုခြင်း၊စွန့်ပစ်ရေများအား စိုက်ပျိုးရေးသုံးသွင်းရေအဖြစ်အသုံးပြုခြင်း၊ ကျောက်မီးသွေး များ လောင်ကျွမ်းစေခြင်းဖြင့် မြေဆီလွှာအတွင်းသို့ Heavy Metal များ ရောက်ရှိသွားပါသည်။ ထိုမှတဆင့်မြေအောက်ရေအတွင်းသို့ရောက်ရှိကာ ညစ်ညမ်းမှုများဖြစ်ပေါ် လာစေမည်ဖြစ်သည်။ ထို့အပြင် စွန့်ပစ်ပစ္စည်းစုပုံရာမှ တဆင့် လေထုအတွင်းသို့ Heavy Metal များရောက်ရှိသွားကာ ပျံ့နှံ့သွားနိုင်ပါသည်။ အချို့သောသတ္တုများ ဖြစ်သည့် As, Cd, Pb တို့သည် အပူချိန်မြင့်သော အချိန်တွင် အငွေ့ပျံနိုင်ပါသည်။ ထို့နောက်ဓါတ်တိုးခြင်းဖြစ်ပေါ်ကာ သေးငယ်သောအမှုန်အလေး များအဖြစ်ပြောင်းလဲသွားကာလေထုအတွင်းသို့ရောက်ရှိညစ်ညမ်းစေပါသည်။ ဒုတိယ တစ်နည်း ဖြစ်သော  သဘာဝအတိုင်းမိခင်ကျောက်သားများ ကြေမွပျက်စီးရာမှတဆင့်လည်း Heavy Metal  များသည် မြေဆီလွှာအတွင်းရောနှောလာနိုင်ပါသည်။ သို့သော် လူတို့၏ဆောင်ရွက်ချက်များ ကြောင့်ဖြစ်ပေါ်လာရသော Heavy Metal များသည်ရွေ့လျားနိုင်မှုပို၍များသည်။ ကာလကြာမြင့် သောအခါ  ကျေးလက်ဒေသရှိ မြေဆီလွှာနှင့် မြို့ပြဒေသပတ်ဝန်းကျင်တွင် Heavy Metal များ စုပုံလာကာလူနှင့်တိရိစ္တာန် တို့၏ကျန်းမာရေးကိုထိခိုက်သောအဆင့်သို့ ရောက်ရှိလာရပါ သည်။ 

        အဓိကအားဖြင့်လူတို့ခန္ဒာကိုယ်အတွင်းသို့ဝင်ရောက်သောနည်းလမ်းမှာ အစာကွင်းဆက်မှ တဆင့်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်သော မြေဆီလွှာတွင် Heavy Metal များရှိနေပါက အဆိုပါ သီးနှံများကိုစားသုံးခြင်းအားဖြင့်လည်းကောင်း၊ ၄င်းတို့ စိမ့်ဝင်သွားသောမြေအောက်ရေကို သောက်သုံးမိခြင်းအားဖြင့်လည်းကောင်း ခန္ဒာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ပါသည်။ လူ နှင့် တိရိစ္ဆာန် တို့၏အစာကွင်းဆက် အတွင်းသို့ရောက်ရှိသွားသော Heavy Metal များသည် ကာလ ကြာရှည်စွာမပျက်စီးပဲ တည်ရှိနေနိုင်ပါသည်။

        ဘေးကင်းလုံခြုံသော သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန်အတွက် မြေဆီလွှာသည် Heavy Metal များကင်းရှင်းရန်လိုအပ်ပါသည်။ သီးနှံပင်များသည် Heavy Metal များဖြစ်သော Co, Cu, Fe, Mn, Mo, Ni and Zn တို့ကို အနည်းလိုအဟာရများအဖြစ် မရှိမဖြစ်လိုအပ်သည့်အတွက် မြေဆီလွှာအတွင်းသို့ထည့်ပေးခြင်းသော်လည်းကောင်း ရွက်ဖျန်းဖြစ်သော်လည်းကောင်းအသုံးပြု လျက်ရှိရာ အဆိုပါ Heavy Metalများပါဝင်သော မြေဩဇာများကို ဆက်တိုက်သုံးစွဲခြင်းဖြင့် မြေဆီလွှာတွင်အဆိပ်သင့်ခြင်းများဖြစ်ပေါ်လာမည်ဖြစ်သည်။   အချို့သော ဖော့စဖရပ်မြေသြဇာ များတွင် Cd  ပါဝင်ခြင်းကြောင့် ရေရှည်သုံးစွဲပါက ညစ်ညမ်းမှုဖြစ်လာမည်ဖြစ်သည်။ တို့အပြင် သီးနှံကာကွယ်ရေးအတွင် အသုံးပြုသော ပိုးသတ်ဆေးများတွင် Heavy Metal များပါဝင်ပါသည်။ ပိုးသတ်ဆေးများ၏ ၁၀ ရာခိုင်နှုန်း သည် Heavy Metal များဖြစ်သော Cu, Hg, Mn, Pb, Zn တို့ကိုအခြေခံ၍ ထုတ်လုပ်ထားသည်။ အချို့ဆေးများတွင် အာဆင်းနစ်ပါဝင်သည်ဟုဆိုသည်။ အဆိုပါသွင်းအားစုများကိုသုံးစွဲပါက သီးနှံများမှတဆင့်သော်လည်းကောင်းတိုက်ရိုက်ထိတွေ့မှု ကြောင့်သော်လည်းကောင်း လူတို့၏ခန္ဒာကိုယ်အတွင်းသို့ရောက်ရှိသွားမည်ဖြစ်သည်။ 

        ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေဆီလွှာကောင်းမွန်စေရေးအတွက် လူနှင့် တိရိစ္ဆာန်တို့၏ စွန့်ပစ်စ္စည်းများကိုအသုံးပြုလေ့ရှိပါသည်။ ထို့သို့ထည့်သွင်းခြင်းများသည် နှစ် ကာလကြာမြင့်ပက Heavy Metal များဖြစ်သော As, Cd, Cr, Cu, Pb, Hg, Ni, Se, Mo, Zn, Tl, Sb အစသည်တို့စုပုံများပြားလာနိုင်ပါသည်။ ထိုစွန့်ပစ်ပစ္စည်းများသည် မြေဆီလွှာ၏ မြေသြဇာ ထက်သန်မှုအတွက် ကောင်းမွန်သည်ဆိုသော်လည်း အချို့သော ဝက်နှင့်ကြက်မွေးမြူရေး များတွင်  ကော့ပါးနှင့်ဇင့်ကို ကြီးထွားမှုအထောက်အကူပြုစေရေးအတွက် အသုံးပြုပြီး အာဆင်းနစ်ကို ကြက်မွေးမြူရေးဆေးများတွင် အသုံးပြုထားသည့်အတွက်  အဆိုပါတိရိစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများကို အသုံးပြုပါကမြေဆီလွှာတွင် As, Cu, Zn များစုပုံလာကာ စိုက်ပျိုးသီးနှံများမှ တဆင့် လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ 

        တစ်ကမ္ဘာလုံးရှိ စိုက်ပျိုးမြေ ဟက်တာသန်း ၂၀ ခန့်သည် စွန့်ပစ်ရေများကိုသုံးကာ စိုက်ပျိုး လျက်ရှိသည်ဟုဆိုပါသည်။ အာရှနှင့် အာဖရိက နိုင်ငံအများစုတွင် မြို့ပြနေလူထုစားသုံးလျက်ရှိ သော ဟင်းသီးဟင်းရွက်များ၏ ၅၀ရာခိုင်နှုန်းသည် စွန့်ပစ်ရေများဖြင့် စိုက်ပျိုးထားခြင်းဖြစ် သည်။ စွန့်ပစ်ရေများတွင် Heavy Metal ပါဝင်မှုသည် နည်းစေကာမူ ဆက်တိုက်သွင်းရေအဖြစ် အသုံးပြုခြင်းဖြင့် မြေဆီလွှာများတွင် စုပုံလာနိုင်ပါသည်။ ထို့အပြင် သတ္တုတွင်းများမှစွန့်ပစ်ရေ များသည် လူတို့၏ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး စိုက်ပျိုးမြေများ သို့ဝင်ရောက်လာပါကလည်း ပြန်လည်ပြုပြင်ဆောင်ရွက်ရာတွင် ကာလရှည်ကြာခြင်း၊ ကုန်ကျ စရိတ်များသည့်အပြင် စိုက်ပျိုးထုတ်လုပ်နိုင်သောမြေများအဖြစ်သို့ ပြန်လည်ရောက်ရှိရန် မလွယ် ကူချေ။ 

       အဆိုပါ Heavy Metal များအားမြေဆီလွှာအတွင်း ရောနှောတည်ရှိနေပါက ဖြေရှင်းဆောင်ရွက်နိုင်သည့်နည်းလမ်းများမှာ မြေဆီလွှာအား ဓါတုနည်းအသုံးပြု၍ ဆေးကြောခြင်း၊ သီးနှံပင် များအားအသုံးပြုခြင်းနှင့် အဏုဇီဝများကိုအသုံးပြု၍ဖယ်ရှားခြင်းတို့ဖြစ်သည်။ သို့ပါသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာ အောင်မြင်အောင်ဆောင်ရွက်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုန်ကျ စရိတ်ကြီးမြင့်ခြင်း၊ နည်းပညာလိုအပ်ချက်ရှိခြင်းနှင့် ကာလကြာရှည်ခြင်းတို့ကြောင့် အသုံးပြု ဆောင်ရွက်ခြင်းနည်းပါးလျက်ရှိသည်။ Heavy Metal များ၏ရရှိလာနိုင်သော အကျိုးဆက် အန္တရာယ်များကို ပိုမိုသိရှိနားလည်သတိပြုမိရန် လိုအပ်လျက်ရှိပါသည်။ 

       မြေဆီလွှာအတွင်းရောနှောနေသော Heavy Metal များအားအပင်များသုံး၍ ဖယ်ရှားခြင်းသည် ဆောင်ရွက်ရန်လွယ်ကူခြင်း၊ စွန့်ပစ်နေရာသီးသန့်ရှိရန် မလိုအပ်ခြင်းနှင့် ကုန်ကျစရိတ် အသက်သာဆုံးဖြစ်ခြင်းကြောင့် စမ်းသပ်ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန်လိုအပ်ပါသည်။ အပင်များအားအသုံးပြု၍ ဖယ်ရှားခြင်းဆိုသည်မှာ ဒေသတွင်ပေါက်ရောက်လျက်ရှိသော အပင် များအား  Heavy Metal ကိုစုပ်ယူစေခြင်းဖြစ်သည်။ အပင်အများစုသည် ပင်စည်၊အရွက်နှင့် နှိုင်း ယှဉ်ပါက အမြစ်သည်ပိုမို၍ Heavy Metal များကို စုဆောင်းနိုင်သည်။ အာဆင်းနစ်စုတ်ယူ စုဆောင်းနိုင်မှုကို အပင်များ(Pteris vittata နှင့် Cheysopogon zizanioides )တွင်စမ်းသပ်မှုကို အိန္ဒိယနိုင်ငံနှင့်ဘင်ဂလားဒေ့ရှ်နိုင်ငံတို့တွင်ပြုလုပ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်ဟု ဆိုပါသည်။ အရွက်၊ အမြစ်နှင့် ပင်စည်အားပုံမှန်တိုင်းတာစစ်ဆေးခဲ့ရာ အာဆင်းနစ်ကိုသိသိသာသာ စုပ်ယူနိုင်ကြောင်း တွေ့ရှိခဲ့သည်။ အပင်အမျိုးအစားပေါ်မူတည်၍ ဖယ်ရှားနိုင်သောနည်းလမ်းများ မတူညီပါ။ အချို့အပင်များသည် အင်ဇိုင်းများကို စစ်ထုတ်ပီးနောက် ဩဂဲနစ် Heavy Metal များအား ရိုးရှင်း‌သော မော်လီကျူးများအဖြစ်သို့ ပြောင်းလဲပေးသည်။ ထို့နောက် အပင်တစ်ရှုးများ နှင့်ရောနှောကာ အပင်ကြီးထွားမှုအတွက် အထောက်အကူဖြစ်စေသည်။  အချို့အပင်များသည် Heavy Metal အားစုပ်ယူ၍ ပင်ငွေ့ပျံခြင်းမှတဆင့် လေထုအတွင်းသို့ စွန့်ထုတ်ခြင်းဖြစ်စေသည်။ ပင်စည်နှင့်အရွက်များမှတဆင့် အငွေ့ပျံခြင်းဖြစ်သည်။ ထို့အပြင်အမြစ်၏ ဆောင်ရွက်မှုဖြင့်မြေဆီလွှာမှတဆင့် အငွေ့ပျံစေခြင်းဖြစ်သည်။ ထို့အပြင်မြေကာပင်များကိုစိုက်ပျိုးထားခြင်းဖြင့် Heavy Metal များကိုရွေ့လျားမှုနည်းစေပြီး အမြစ်ပတ်လည်တွင်ရှိသော အဏုဇီဝများအား ခြေဖျက် စေခြင်းဖြင့်မြေအောက်ရေအတွင်းသို့ စိမ့်ဝင်ခြင်းကို လျော့နည်းသွားစေမည်ဖြစ်သည်။ ထို့အပြင် တိုက်စားမှုလျော့နည်းစေပြီး အမြစ်ဇုံပတ်လည်တွင် အောက်စီဂျင်များရှိလာခြင်းကြောင့် ဩဂဲနစ် အကြွင်း ကျန်များပွားလာကာ Heavy Metal များကိုပိုမိုတွယ်ချိတ်ပေးထားနိုင်မည်ဖြစ်သည်။  

       အချုပ်အားဖြင့်ဆိုရသော် Heavy Metal များသည် ပတ်ဝန်းကျင်အရင်းအမြစ်များဖြစ် သော မြေ၊ ရေနှင့်လေထုအတွင်းသို့ရောက်ရှိသွားပါက ပြန်လည်ပြုပြင်ရန်ခက်ခဲသောကြောင့် စိုက်ပျိုးရေးသွင်းအားစုများကိုကိုင်တွယ်အသုံးပြုချိန်တွင်ဖြစ်စေ၊ စွန့်ပစ်ပစ္စည်းများကိုစွန့်ပစ်ရာတွင်ဖြစ်စေ၊ စက်ရုံအလုပ်ရုံများကိုလည်ပတ်ရာတွင်ဖြစ်စေ မထိခိုက်စေသောနည်းလမ်းများကို သေချာရွေးချယ်ရန်လိုအပ်ပါသည်။ စိုက်ပျိးမြေများအား ဘေးကင်းလုံခြုံသောစားနပ်ရိက္ခာများ ထုတ်လုပ်နိုင်ရန် မြေဆီလွှာအတွင်းသို့ Heavy Metal များစုပုံမလာစေရေးအတွက် တားဆီး ကာကွယ်ထားရန်လိုအပ်ပါသည်။ 

       မြေကာပင်များစိုက်ပျိုးထားခြင်းနှင့် ဩဂဲနစ်အကြွင်းကျန်များထည့်သွင်းပေးခြင်းဖြင့်  အဏုဇီဝပိုးများကိုရှင်သန်စေနိုင်သော ပတ်ဝန်းကျင်ကိုဖန်တီးပေးခြင်းတို့သည် Heavy Metal များကိုဖယ်ရှားရာတွင်အကောင်းဆုံးနည်းလမ်းများဖြစ်ပါသည်။ ပုံမှန်ဆောင်ရွက်ပေးခြင်းဖြင့် မြေဆီလွှာ၏အရည်အသွေး တိုးတက်ကောင်းမွန်လာကာ အဆိပ်အတောက်များကို လည်းဖယ်ရှား ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် Heavy Metal များ၏ထိတွေ့မှုသည် မြေအောက်ပိုင်းရှိ အစိတ်အပိုင်းသည်မြေပေါ်ရှိအစိတ်ပိုင်းများထက်ပိုများပါသည်။ သို့ပါ၍ မုန်လာဥ၊ အာလူးကဲ့သို့သော သီးနှံများသည် အရွက်နှင့်အသီးကိုစားသုံးသော သီးနှံများထက်ပို၍ စိုက်ပျိုးရာတွင် ဂရုပြုရန်လိုအပ်ပါသည်။ စိုက်ပျိုးမြေများမဆုံးရှုံးစေရန်နှင့် ရေရှည်တည်တံ့စေရန် လူတို့၏ ကျန်းမာရေး အတွက် ဘေးကင်းလုံခြုံသောသီးနှံများအားစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် Heavy Metal များ၏ အန္တရာယ်ကို သိရှိနားလည်၍ ကြိုတင်တားဆီးကာကွယ်သင့်ပါကြောင်း တိုက်တွန်းရေး သားအပ်ပါသည်။

ကိုးကား။ (1) “Heavy metals in Contaminated Soils: A Review of Sources, Chemistry, Risk and Best Available Strategies for Remediation” Raymond A. Wunna and Felix E. Okieimen

(2) “Heavy Metal Contamination and Remediation of Water and Soil with case Studies from Cyprus” Mustafa Ertan Akuen

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်