ခြောက်သယောင်းမြေကြီးပေါ်မှာ ရေသီးစေခဲ့တဲ့ အိန္ဒိယအမျိုးသမီးသူရဲကောင်းများ

15/07/2022 14:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

မုတ်သုံကာလရဲ့ မုန်တိုင်းတွေ အိန္ဒိယနိုင်ငံဆီ တည့်တည့်ဝင်ရောက်လာချိန် ရပ်ကျိုးရွာကျိုး စိတ်နှစ်ကိုယ်နှစ် သယ်ပိုးနေကြတဲ့ အမျိုးသမီးတစ်စုဟာ သူတို့တွေ နှစ်များစွာတိုင် ဝါယမစိုက်ထုတ်ခဲ့ကြတဲ့ အကျိုးရလဒ်အဖြစ် ဒီတစ်ချီတော့ သူတို့ရွာ ရေပြတ်လပ်ပြီး ကူကယ်ရာမဲ့ ဖြစ်မကျန်ရစ်တော့ဘူးလို့ မျှော်လင့်ထားကြပါတယ်။

ကမ္ဘာ့ဒုတိယမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံဟာ ပြည်သူပြည်သား သန်းထောင့်လေးရာ (၁ ဒသမ ၄ ဘီလျံ) ရဲ့ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးရေး ရုန်းကန်နေရပါတယ်။ ရာသီဥတုပြောင်းလဲမှုက မိုးလေဝသပုံစံတွေကို ခန့်မှန်းရခက် ဖြစ်လာစေတာနဲ့အမျှ ဒီပြဿနာကလည်း ပိုပိုဆိုးလာနေပါတယ်။

အဲဒီအထဲမှာမှ တာ့ဂျ်မဟာရ်ရဲ့ တောင်စူးစူးအရပ်မှာရှိတဲ့ ဘန်ဒယ်ခန်းနယ် ရေပြတ်လပ်ပုံဟာ ကျန်နယ်တွေထက်တောင် ဆိုးနေပါတယ်။ ရေရှားပါးလွန်းပြီး မျှော်လင့်ချက်ပျောက်ဆုံးကုန်တဲ့ အဆိုပါမြေပြန့်ဒေသရှိ တောင်သူတွေဟာ လယ်ယာမြေတွေကို စွန့်ပစ်ထားခဲ့ပြီး မြို့ပေါ်တက်ကာ ကြုံရာကျပန်းအလုပ်တွေ ရှာဖွေရတဲ့အထိ ဖြစ်နေပါတယ်။

"လူကြီးတွေ ပြောတာတော့ အရင်ကဆိုရင် ဒီစမ်းချောင်းလေး တစ်နှစ်ပတ်လုံး ရေစီးဆင်းနေခဲ့တာတဲ့။ ဒါပေမဲ့ အခုတော့ ရေတစ်စက်မှ မရှိတော့ဘူး" လို့ ရွာခံအမျိုးသမီး ဘာဘီတာ ရာဂျ်ပွတ်က သူမရွာအနီး မြေပက်ကြားအက်တွေကြား အေအက်ဖ်ပီသတင်းသမားတွေကို လမ်းပြခေါ်ဆောင်လာရင်း ပြောပါတယ်။

"ကျွန်မတို့ ဒေသမှာ သောက်သုံးရေအကျပ်အတည်း ဖြစ်ပေါ်နေပါတယ်။ ရေတွင်းတွေအားလုံးလည်း ရေခန်းခြောက်ကုန်ပြီ"

ရာဂျ်ပွတ်ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက စပြီး "ရေမိတ်သဟာ" ဆိုတဲ့ အဖွဲ့နဲ့ ပူးပေါင်းခဲ့ပါတယ်။ "ရေမိတ်သဟာ" အဖွဲ့ဆိုတာ ဘန်ဒယ်ခန်းနယ်ထဲက စေတနာ့ဝန်ထမ်း အမျိုးသမီး ၁၀၀၀ လောက် ပေါင်းစုပြီး ကွယ်ပျောက်သွားတဲ့ ရေအရင်းအမြစ်တွေကို ပြန်လည်ဖော်ထုတ်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

သူတို့တွေဟာ ကျောက်ခဲတွေ အတူတကွ သယ်၊ ကွန်ကရစ်တွေ ဖျော်ပြီး ဆည်၊ ရေကန်နဲ့ တာတမံတို့ ဆောက်လုပ်ကာ ဇွန်လက စတင်ရွာသွန်းတဲ့ မုတ်သုံမိုးရေကို ဖမ်းယူသိုလှောင်နေကြပါတယ်။ တကယ်တော့ အိန္ဒိယမှာ တစ်နှစ်တာမိုးရေချိန်ရဲ့ ၇၅ ရာခိုင်နှုန်းကို မုတ်သုံမိုးရာသီအတွင်း ရွာသွန်းပေးတာ ဖြစ်ပါတယ်။

ရာဂျ်ပွတ်တို့ အေဂရိုသာကျေးရွာဟာ အမျိုးသမီးတွေ စုပေါင်းအားကို သုံးပြီး မိုးရေခံနေရာသစ်တွေ၊ ရေလှောင်ကန်တွေနဲ့ ရေစီးရေလာလမ်းကြောင်းတွေ ဖော်ထုတ်ဖို့ အစီအစဉ်ရေးဆွဲနေကြတဲ့ ကျေးရွာ ၃၀၀ ကျော်ထဲက တစ်ရွာ ဖြစ်ပါတယ်။

သူတို့ရဲ့ ကြိုးပမ်းချက်ကြောင့် မုတ်သုံမိုးရေကို အချိန်ကြာကြာ ထိန်းသိန်းထားနိုင်လာပြီး ကျေးရွာတစ်ဝိုက်မှာလည်း ရေသိုလှောင်ထိန်းသိမ်းနေရာတွေ ဒါဇင်ဝက်လောက်ထိ ပြန်လည်ဖော်ထုတ်ထားနိုင်ပြီလို့ ရာဂျ်ပွတ်က ပြောပါတယ်။

အလုံးစုံ ဖူလုံပြီလို့ မဆိုနိုင်သေးပေမဲ့ အေဂရိုသာရွာဟာ အစိုးရအကြံပေးအဖွဲ့တွေ ထုတ်ပြန်ထားသလို နေစဉ် ရေပြတ်လပ်မှု ကြီးကြီးမားမား ကြုံတွေ့နေရတဲ့ အိန္ဒိယပြည်သူ သန်း ၆၀၀ ထဲမှာ မပါဝင်တော့ပါဘူး။

နိုင်ငံအနှံ့ ရေပြတ်လပ်မှု  ပိုဆိုးနေချိန်မှာ ဒီအမျိုးသမီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုဟာ ရေးရေးမျှသော မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်ပေါ်လာစေပါတယ်။

မြို့တော် နယူးဒေလီမှာဆိုရင် ရေပေးဝေရေးဝန်ဆောင်မှုလုပ်ငန်းတွေက နွေကာလအတွင်း လိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း မရှိတာကြောင့် ပိုက်လိုင်းကနေ ရေရယူနိုင်ခြင်းမရှိတဲ့ ဆင်းရဲသားရပ်ကွက်တွေထဲကို ရေကားတွေ မပြတ် လာရောက်ပေးဝေနေခဲ့ရပါတယ်။

အိန္ဒိယလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ လာမယ့်ဆယ်စုနှစ်အကုန်ရောက်ရင် သောက်ရေမရရှိနိုင်တဲ့အခြေ ဆိုက်ရောက်လာနိုင်တယ်လို့လည်း အိန္ဒိယမူဝါဒသုံးသပ်ရေးအဖွဲ့ NITI Aayog က ခန့်မှန်းထားပါတယ်။

'အစိုးရဘက်က ပျက်ကွက်ခဲ့တယ်'

ဘန်ဒယ်ခန်းနယ်ထဲမှာ မိုးမမှန်တာ၊ အပူလွန်ကဲတာ စတဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်တဲ့ဖြစ်ရပ်တွေ ဖြစ်ပွားနေပြီး ရာစုနှစ်သစ်ထဲ ဝင်လာပြီးနောက်ပိုင်း ကြာညောင်းတဲ့ ခြောက်သွေ့ကာလတွေ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရပါတယ်။

အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုက တက်ကြွလှုပ်ရှားသူ ဆန်ဂျေးဆင်းမ်ဟာ မိုးခေါင်မှုကြောင့် အေဂိုသာကျေးရွာအနီးအနား မြေကြီးတွေ ခြောက်သွေ့အက်ကွဲနေတာ တွေ့ရပြီးနောက် ရွာခံအမျိုးသမီးတွေကို မိုးရေခံပုံ၊ သိုလှောင်ပုံနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားရေး ကူညီပေးခဲ့ပါတယ်။

ဒီလိုလုပ်ပေးခြင်းအားဖြင့် ကျေးရွာအနေနဲ့ ရေအရင်းအမြစ်စီမံမှုကို အိန္ဒိယအစိုးရထံ မလွှဲပြောင်းရသေးခင် ဟိုးယခင် ဆယ်စုနှစ်များစွာအကြာက အသိဗဟုသုတတွေကို ပြန်လည်ဖော်ထုတ်လေ့လာခွင့် ရရှိခဲ့ကြပါတယ်။

"အစိုးရဘက်က နိုင်ငံသားတိုင်းအတွက် ရေရရှိအောင် ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့တယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာဆိုရင် ရေမရတာကြောင့် ကျေးရွာသားတွေဟာ ဟိုးရှေးယခင်က နည်းဟောင်းတွေကို ပြန်အသုံးပြုလာကြရတယ်" လို့ ဆင်းမ်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

အေဂိုသာကျေးရွာရဲ့ ရေကန်တူးဖော်ရေးစီမံကိန်း မစတင်ရသေးခင်တုန်းက အမျိုးသမီးတွေဟာ ရေမခန်းသေးတဲ့ ရေတွင်းတစ်တွင်း တွေ့လိုတွေ့ငြားနဲ့ မိုင်ပေါင်းများစွာ ခြေကျင် ရေခပ်သွားခဲ့ကြရပါတယ်။

အိန္ဒိယကျေးရွာတွေမှာ ‌ရေခပ်တဲ့အလုပ်ဟာ အမျိုးသမီးတွေရဲ့ တာဝန်လို့ ရှေးအစဉ်အဆက် ခံယူလာခဲ့ကြပြီး မိသားစုအတွက် ရေလုံလုံလောက်လောက် မရှာဖွေနိုင်တဲ့အမျိုးသမီးတွေဟာ လင်ယောကျ်ားရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံရတာမျိုးလည်းရှိတယ်လို့ ဆင်းမ်က ပြောပါတယ်။

မိုးခေါင်မှုဟာ ဒေသရဲ့ လူမှုဘဝကို ကြီးကြီးမားမား ပြောင်းလဲစေခဲ့ပြီး အမျိုးသားတွေက အိုးပစ်အိမ်ပစ်နဲ့ မြို့တက် အလုပ်လုပ်လာကြရတယ်လို့ ၎င်းက ပြောပါတယ်။

ဒါပေမဲ့ စတင်တည်ထောင်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကနေပြီး ဆင်းမ်းတို့ရဲ့ Jal Saheli လူမှုအဖွဲ့ဟာ ကျေးရွာပေါင်း ၁၁၀ ကျော် ရေလိုအပ်ချက် ဖူလုံအောင် ကူညီခဲ့ပြီး နယ်က ထွက်ခွာသွားသူတွေ ပြန်လာစေအောင်လည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုခဲ့ပါတယ်။

'ဖုတ်တောမှသည် အိုအေစစ်ဆီ'

အနီအနားက လာလစ်ပါခရိုင်မှာလည်း သက်ကြီးပိုင်းအမျိုးသမီး စရီကူးမားက ဆင်းမ်တို့အဖွဲ့ဟာ သူမတို့ ရပ်ရွာကို ဖုတ်တောကနေ အိုအေစစ်အသွင် ပြောင်းလဲစေခဲ့တယ်လို့ ရှုမြင်ထားပါတယ်။

သူမက အဲဒီ စေတနာ့ဝန်ထမ်းအဖွဲ့အကြောင်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအကြာက ကြားသိခဲ့တာပါ။ အဲဒီအချိန် သူမတို့ ဒေသဟာ မိုးခေါင်ရေရှားမှု နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတဲ့အဆုံး လူ ၅၀၀ နေထိုင်ရာ ရွာထဲက ရေဘုံဘိုင်နဲ့ ရေတွင်းအားလုံး ခမ်းခြောက်သွားတာကို ကြုံနေခဲ့ရပါတယ်။

နယ်မြေတွင်းက စိုက်ခင်းတွေအများစုဟာ ရေမရတာကြောင့် ကျတ်တီးမြေအဖြစ် ပြောင်းလဲကုန်ပါတယ်။။ နွေရာသီအပူချိန် ၅၀ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ချိန်မှာ ကျွဲနွားအုပ်တွေ ရေငတ်ပြီး သေဆုံးခဲ့ရပါတယ်။

"အဲဒီနေ့ရက်တွေတုန်းကတော့ ရွာသားတွေ အလူးအလဲ ခံခဲ့ရတာပေါ့။ လယ်လုပ်ငန်းဟာ ဘယ်လိုမှ လုပ်မဖြစ်တော့ဘဲ အမျိုးသားတွေက အသက်ရှင်သန်ရပ်တည်ရေးအတွက် အိုးအိမ်စွန့်ခွာကာ မြို့တွေဆီ ပြောင်းရွှေ့သွားကြပါတယ်" လို့ စရီကူးမားက ပြောပါတယ်။

ဆင်းမ်တို့အဖွဲ့ရဲ့ အကူအညီနဲ့ စရီကူးမား အပါအဝင် အခြားလုပ်အားပေးတွေဟာ ဘောလုံးကွင်းအရွယ်အစား ရှိတဲ့ ရေကန်တစ်ကန်ကို ရွာအနီးမှာ တူးဖော်ခဲ့ကြပါတယ်။ အဲဒီရေကန်ဟာ မုတ်သုံမိုး ရွာသွန်းချိန်ရောက်ရင် ရေနေအနက် ၁၀ ပေအထိ ထိန်းသိမ်းသိုလှောင်ထားနိုင်ပါတယ်။

ယခုတော့ ရွာမှာ တစ်နှစ်စာအတွက် ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့အထိ အရန်ရေ ရှိနေပါပြီ။ သူတို့ စီမံကိန်း မစတင်ရသေးခင်တုန်းက ခြောက်ခမ်းနေခဲ့တဲ့ ကမ္ဘာမြေကြီးကိုလည်း ယခုတော့ ရေဓာတ် ဖြည့်တင်းပေးလာနိုင်ပါပြီ။

"အခြေအနေဟာ အကောင်းဘက်ကို ပြောင်းလဲလာပါတယ်။ ယခု ကျွန်မတို့မှာ ရေလုံလောက်ပါပြီ။ အိမ်သုံးဖို့အတွက်သာမက ကျွဲရေနွားရေပါ ဖူလုံပါပြီ" လို့ သူမက အေအက်ဖ်ပီကို ပြောပါတယ်။

"ဒီရေကန်သာ မရှိရင် ကျွန်မတို့ဘဝဟာ အတော် ဒုက္ခရောက် ကြမှာပါ။ ရှင်သန်ရပ်တည်နိုင်ဖို့ အလွန် ခက်ခဲပါလိမ့်မယ်" လို့ သူမက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: India's women water warriors transform parched lands - AFP

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်