အိန္ဒိယလယ်သမား ချာပီဟာနုမိုင်ယာတစ်ယောက် သူ့လယ်ကွက် သေးသေးလေးပေါ်မှာ ဘာသီးနှံမှ စိုက်မဖြစ်ခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါတယ်။ ဘေးပတ်ချာလည် သံရိုင်းသတ္တုမိုင်းတွင်းက ထွက်လာတဲ့ မြေနီကျစ်ခဲတွေဟာ သူ့လယ်ကွက်ပေါ်မှာ ကျပ်ပိတ်နေခဲ့တာပါ။
ဒီနေ့တော့ ဟာနုမိုင်ယာနဲ့ သူ့ဇနီးတို့ သူတို့အခင်းကနေ လူးဆပ်နဲ့ နှမ်းသီးနှံတွေ ရိတ်သိမ်းရတော့မယ်။ အိန္ဒိယရဲ့ သံရိုင်းသတ္တု အဓိကထွက်ရှိရာ ဟိုဆာပီတီမြို့နယ်တစ်ဝိုက်မှာ နယ်ပြောင်းအလုပ်ရှာရတာတွေ၊ စားနပ်ရိက္ခာမဖူလုံတာတွေကို လျှော့ချဖို့ ကြိုးစားတဲ့ ရှေ့ပြေးစီမံချက်တစ်ခုရဲ့ အသီးအပွင့်တွေပေါ့။
"အရင်နှစ် သုံးလေးဆယ်တုန်းကတော့ အဖေက ဒီမြေပေါ်မှာ လူးဆပ်နဲ့ ဝါတွေ စိုက်ခဲ့တယ်" လို့ သူပိုင်ဆိုင်ထားတဲ့ တစ်ဧက မြေကွက်အနီးက သစ်ပင်ရိပ်မှာ ထိုင်ရင်း ဟာနုမိုင်ယာက ပြောတယ်။
"နောက်ပိုင်းတော့ မိုင်းတွင်းတွေ များများလာတယ်။ နှစ်တွေ ကြာလာတဲ့အခါ ကျွန်တော်တို့တွေ အခင်းထဲကို သွားတာနဲ့ အဝတ်အစားတွေရော၊ သီးနှံတွေရော မိုင်းမှုန်တွေ ပေပွနေတော့တယ်။ တဖြည်းဖြည်းနဲ့ လယ်လုပ်ငန်း ကိုပါ စွန့်လွှတ်ခဲ့ရတာပါပဲ"
အိန္ဒိယဟာ ကမ္ဘာမှာ သံရိုင်းထုတ်လုပ်မှု စတုတ္ထအများဆုံးပါ။ ဒါဟာ စတီးလ်ထုတ်လုပ်တဲ့အခါ မပါမဖြစ်ကုန်ကြမ်း ဖြစ်တယ်။ ကိုဗစ်ကပ်ကာလအလွန်မှာ ကမ္ဘာ့ဆောက်လုပ်ရေးလုပ်ငန်း ပြန်ခေါင်းထောင်လာတော့ သံရိုင်းဝယ်လိုအားက တိုးလာဖို့ရှိတယ်။ ဒါကြောင့် သံရိုင်းထုတ်လုပ်မှုလည်း ထောင်တက်လာတော့မယ်။ ဒေသခံလယ်သမားတွေအပေါ် ဝန်ထပ်ပိဦးမှာဖြစ်သလို မိုင်းတွင်းဝန်းကျင်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလည်း တိုးလာနေဦးမှာပါပဲ။
အိန္ဒိယမှာ သတ္တုမိုင်းတွင်းတွေကြောင့် ပျက်စီးရတဲ့ လယ်ဧကပေါင်း ၁၅၀၀၀ ကျော်လောက် ရှိပြီ။ ပုဂ္ဂလိကပိုင်၊ အများပိုင် နှစ်ခုပေါင်းပေါ့။ ဒီကနေ လူဦးရေ ၃၀၀၀၀ နီးပါးအပေါ် ဆိုးကျိုးသက်ရောက်တယ်လို့ Land Conflict Watch သုတေသနအဖွဲ့က ပြောတယ်။
ဟာနုမိုင်ယာရဲ့ မြေကွက်ဟာ အမြတ်အစွန်းမရည်ရွယ်တဲ့ Sakhi Trust အဖွဲ့ကလုပ်တဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး လယ်ယာစိုက်ပျိုးရေးစီမံချက်အောက်ကနေ ပြန်ပြင်ထားတာပါ။ အဲဒီအဖွဲ့က မိုင်းတွင်းဧရိယာထဲက ဆိုးကျိုးသင့် ဒေသခံတွေနဲ့ ပူးပေါင်းပြီး အော်ဂဲနစ်လယ်ယာကို အားပေးမြှင့်တင်နေတာပါ။
အခုအထိတော့ စီမံချက်ကနေ ကျတ်တီးမြေ ဟက်တာ ၂၀၀ ကျော်လောက်ကို သီးနှံပြန်စိုက်လို့ရအောင် လုပ်ပေးထားတယ်။ မိုင်းလုပ်ငန်း မကောင်းချိန်မျိုးမှာ ဒေသခံတွေအတွက် လက်လည်စာရအောင် ဖန်တီးပေးတဲ့ သဘော ပါပဲ။
"မိုင်းတွင်းတွေက ပိတ်၊ သီးနှံကလည်း စိုက်မဖြစ်ဆိုရင် အကုန် တခြားနယ်ပြောင်းပြီး အလုပ်လုပ်ကြရတယ်" လို့ Sakhi Trust အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး နာဂျက်ရှ် အာဆန်နာဗာက ပြောပါတယ်။
"လူတွေဟာ စားနပ်ရိက္ခာဖူလုံရေးကို ရှာကြံကြရတယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို စိုက်ရေးပျိုးရေး ပြန်လုပ်နိုင်အောင် ကူညီပေးတာပါ။ အရင်ဆုံး လယ်ယာမြေတွေ သီးနှံစိုက်လို့ရအောင် လုပ်ပေးတာကနေ လယ်ယာမဲ့တွေအတွက် ပေါင်းစည်းလယ်ယာ ဖော်ဆောင်ပေးတဲ့အထိပေါ့" လို့ သူက ပြောတယ်။
မြေနီအရပ်
သံသတ္တု ကြွယ်ဝတဲ့ နီရဲရဲမြေတွေ ရှိရာ ဟာနုမိုင်ယာတို့ရဲ့ ခရိုင်အတွင်းမှာ ကိုလိုနီခေတ်ကတည်းက သတ္တု တူးဖော်လာခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး တရားမဝင် သတ္တုတူးတာတွေ ဟန့်တားဖို့လို့ ဆိုကာ နိုင်ငံတော်တရားရုံးချုပ်က ဒေသရဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများစွာကို ပိတ်လိုက်တယ်။ ဟာနုမိုင်ယာတို့ စိုက်ခင်းနားက လုပ်ကွက်တွေအပါအဝင် မိုင်းတွင်းတွေ အများကြီး ပိတ်သွားတယ်။
မိုင်းတွင်းတွေ စည်ကားစဉ်းက စက်ရုံတွေဆီကို သံတွေ သယ်ပို့တဲ့ စက်ခါးပတ်တွေဟာ တောင်ကုန်းတွေကို ဖြတ်လို့။ သတ္တုကုန်တွဲတွေဟာလည်း မိုင်းတွင်းတွေထဲကနေ ထွက်လာလိုက် ဝင်သွားလိုက်နဲ့ တသီတသန်းကြီး ပါပဲ။
ဟာနုမိုင်ယာလည်း ခရိုင်ထဲက တခြားလယ်သမားတွေလိုပဲ မိုင်းလုပ်ငန်း ခေတ်ကောင်းနေတော့ မိုင်းတွင်းထဲမှာ အလုပ်ဝင်ခဲ့ရတယ်။ အများစုကတော့ ကုန်တင်၊ ယာဉ်မောင်း၊ စက်ကိုင် စတဲ့ အလုပ်တွေ ရကြတယ်။ တချို့လည်း မိုင်းကုမ္ပဏီတွေဆီကို စက်ရုံဆောက်ဖို့၊ မြေစာပုံဖို့ ဒါမှမဟုတ် ပစ္စည်းပစ္စယထားဖို့ မြေငှားကြတယ်။
ဒါပေမဲ့ တရားရုံးချုပ်ရဲ့ အမိန့်ကြောင့် လုပ်ငန်းတွေ ရပ်ကုန်တဲ့အခါ လယ်သမားတွေမှာ ကျတ်တီးမြေ ဖြစ်သွားတဲ့ မြေတွေပေါ် စိုက်စားလို့မရတော့ဘူး။ ဒါနဲ့ပဲ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကုန်ကြတော့တယ်။
"မိုင်းလုပ်ငန်းက တအား ကောင်းလာတယ်။ တရားဝင်တာရော တရားမဝင်တာရောပဲ။ နောက်ဆုံး စိုက်ပျိုး ဖြစ်ထွန်းတဲ့ မြေဆီသြဇာတွေကို ဖုံးလွှမ်းသွားတော့တယ်" လို့ Sakhi Trust တည်ထောင်သူ ဘာယာလာရှမီက ပြောတယ်။
"ဒေသခံတွေမှာ မိုင်းတွင်းတွေထဲ ဝင်လုပ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး။ ဒါပေမဲ့ တရားရုံးချုပ်အမိန့် နဲ့ တရားမဝင်မိုင်းတွေကို ရုတ်တရက် ပိတ်ချလိုက်တော့ လူထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ အဲဒီကနေ အသက်မွေးဝမ်းကြောင်းအကျပ်အတည်း စဖြစ်လာပြီး အခုထိလည်း မိသားစုများစွာ ဒဏ်ခံနေရ တုန်းပဲ" လို့ သူက ပြောတယ်။
'မိမိရိက္ခာ မိမိစိုက်ပျိုး'
ညစ်ညမ်းမြေတွေကို စိုက်ပျိုးလို့ရအောင် ပြန်လုပ်ရတာဟာ အချိန်ပေးရတဲ့လုပ်ငန်းစဉ်တစ်ခုလို့ လယ်ယာစိုက်ပျိုး ရေးရေရှည်တည်တံ့ခိုင်မြဲမှုစင်တာရဲ့ အမှုဆောင်ဒါရိုက်တာ ဂျီဗွီ ရာမန်ဂျနီယူလူက ပြောတယ်။
"ပြဿနာက နှစ်ခုရှိတယ်။ မြေညစ်ညမ်းတာနဲ့ အပေါ်ယံမြေဆီဩဇာ ဆုံးရှုံးတာ။ ပြဿနာနှစ်ခုလုံးက သဘာဝ နည်းနဲ့ နေ့ချင်းညချင်း ဖြေရှင်းလို့မရနိုင်ဘူး။ မြေပြန်ပြင်ဖို့က နှစ်အများကြီး အချိန်ပေးရတယ်" လို့ သူက ပြောတယ်။
လုပ်လက်စ မိုင်းတွင်းနဲ့ တော်တော်လေး လှမ်းတဲ့မြေ၊ သွင်းရေလည်း ရနိုင်တဲ့မြေဖြစ်မှ မြေပြင်စီမံကိန်းထဲ ပါလို့ ရတယ်။ စီမံကိန်းကမှ မြေပြန်ကောင်းအောင် ပြင်လိုကြတဲ့ တောင်သူတွေကို နည်းပညာ အကူအညီပေးတယ်။
သူတို့လုပ်ငန်းစဉ်တွေထဲမှာ မြေတိုက်စားမှု ကာကွယ်အောင် ကန်သင်းရိုးတွေ ဆယ်တာ၊ ပင်ရိုင်းတွေ ရှင်းလင်း တာ၊ သစ်ဆွေးမြေသြဇာတွေ မြှုပ်တာ၊ မြေဆီလွှာစစ်ဆေးမှုပုံမှန်လုပ်တာတွေ ပါဝင်တယ်။
ဟာနုမိုင်ယာနဲ့ သူ့ဇနီး နင်ဂါမာတို့လည်း သူတို့အခင်းကို ပြန်ပြင်တာ နှစ်နှစ်လောက် အချိန်ပေးလိုက်ရတယ်။ အခုတော့ သံရိုင်းသတ္တုတွေ သယ်ယူပို့ဆောင်တဲ့ ရထားလမ်းနဲ့ ခဲတစ်ပစ်လောက်အကွာက သူတို့စိုက်ခင်းကနေ သီးနှံ ထုတ်လုပ်နိုင်နေပြီ။
သူတို့လင်မယား စိုက်ခင်းထယ်ရေး ပြင်နေချိန်၊ သီးနှံအပေါ် စောင့်နေချိန်မျိုးဆိုရင် နင်ဂါမာက ဆောက်လုပ်ရေး ဆိုက်ထဲမှာ အလုပ်ဝင်တယ်။ သူရင်းငှားလိုက်တယ်။ ဒီနည်းနဲ့ ဝမ်းရေးဖြေရှင်းရတယ်။
"အခုတော့ ကိုယ့်သီးနှံကိုယ် စိုက်စားနိုင်ပြီ။ ကလေးတွေ ဆာဆာလောင်လောင်နဲ့ အိပ်ယာမဝင်ရတော့ဘူးပေါ့" လို့ သူမ ပြောတယ်။
"ကျွန်မတို့ ကလေးတွေ ကျောင်းစာသင်နေကြပြီ။ သူတို့ကို လစာကောင်းတဲ့အလုပ် ရစေချင်တယ်။ မိုင်းထဲမှာ ဝင်မလုပ်စေချင်ဘူး။ လုပ်ပေးရတာနဲ့ ရတာ မတန်ဘူး" လို့ သူမက ပြောတယ်။
- ဝေယံဟိန်း (B.Ag)
Ref: In Indian mining hub, farmers bring polluted land back to life - Reuters
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။