စားအုန်းဆီထုတ်လုပ်မှုအများဆုံးပေမယ့် စားသုံးဆီအကျပ်အတည်းဖြစ်နေတဲ့ အင်ဒိုနီးရှား

07/04/2022 15:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

မတ်လ အလယ်လောက်ကပေါ့။ ကလေးတစ်ယောက်အမေ အီဇာဝါတီဒေဝီဟာ ဂျာဗားပြည်အလယ်ပိုင်းက မြို့တစ်မြို့ရဲ့ ကုန်စုံဆိုင်တစ်ဆိုင်မှာ ဆီဝယ်ဖို့ မနက် လေးနာရီကတည်းက တန်းစီနေခဲ့ရတယ်။ 

ဆိုင်လည်းဖွင့်ရော လူတန်းကြီးက နှစ်ကီလိုမီတာ (တစ်မိုင်ကျော်) လောက်အထိ ဖြစ်နေပြီ။ ကံကောင်းထောက်မစွာနဲ့ပဲ သူမ ဆီတစ်ပုံး ဝယ်နိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှား စားအုန်းဆီ ငါးပုံနှစ်ပုံနီးပါးကို ထုတ်လုပ်နေတဲ့ ဘော်နီယိုကျွန်း၊ အရှေ့ကာလီမန်တန်မှာတော့ ဒီလထဲမှာ ဆီဝယ်ဖို့ တန်းစီစောင့်ဆိုင်းရင်း အိမ်ရှင်မ အနည်းဆုံး နှစ်ယောက်လောက် သေဆုံးခဲ့ရပြီးပါပြီ။

အင်ဒိုနီးရှား အစိုးရဟာ ဖေဖော်ဝါရီလထဲမှာ (စားအုန်းဆီက ထုတ်တဲ့) ဟင်းချက်ဆီ လက်လီဈေးကို အကောင်းစားဆီအတွက် တစ်လီတာ ၁၄၀၀၀ ရူပီးယား (တစ်ဒေါ်လာ) နှုန်း၊ အခြား ဈေးသက်သာအမျိုးအစားအတွက် ၁၁၅၀၀ ရူပီးယားနှုန်း ကန့်သတ်လိုက်ပါတယ်။ ဒီလိုကန့်သတ်လိုက်ပြီး ညတွင်းချင်းပဲ လူဦးရေ ၂၇၃ သန်း နေထိုင်ရာ နိုင်ငံအနှံ့ရှိ ဈေးဆိုင်တွေပေါ်က ဆီတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါတယ်။ အင်ဒိုနီးရှားနိုင်ငံသားအများစုအဖို့ တင်သွင်း စားသုံးဆီဆိုတာကလည်း ဝယ်ဖို့မတတ်နိုင်တဲ့ ပကာသနကုန်စည်တစ်မျိုးပါ။ မတ်လ ၁၆ ရက်ရောက်တော့ အစိုးရက ဈေးနှုန်းကန့်သတ်ချက်ကို ဖယ်ရှားလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ဆိုင်တွေပေါ်က ပျောက်သွားတဲ့ ဆီတွေ အံ့ဩလောက်စွာ ပြန်ပေါ်လာပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်စဉ်အတွင်း ဆီဈေးက သုံးဆကျော်လောက် တက်သွားခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ ဈေးပေါင်း ၂၇၄ ခုက စားဆီဈေးတွေကို လိုက်ကြည့်နေတဲ့ အစိုးရရဲ့ စစ်ဆေးရေးအရာရှိ ယေဒါဟန်ဒရာကတော့ ယခုလို ဈေးတက်လာတာ ယူကရိန်းစစ်ပွဲကြောင့်၊ ကပ်ရောဂါကြောင့်လို့ ယိုးမယ်ဖွဲ့ပါတယ်။ ဖေဖော်ဝါရီလထဲ ဝင်လာတဲ့အခါ စားအုန်းဆီကြမ်း CPO ဈေး နှစ်အလိုက် ၄၀ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ အစိုးရက ဒီအရေးကြီးကုန်စည်ရဲ့ လက်လီဈေးတွေ ကျ‌လာဖို့ မျှော်လင့်ချက်နဲ့ ဇန်နဝါရီလထဲမှာ ထုတ်လုပ်သူတိုင်း ပြည်ပမတင်ပို့မီ ပြည်တွင်းဈေးကွက်အတွင်း ရောင်းပေးရန်ပမာဏ (DMO) ကို ၂၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။ မတ်လဆန်းမှာတော့ DMO ကို ၃၀ ရာခိုင်နှုန်းထိ တိုးမြှင့်ခဲ့ပြန်တယ်။ ဒါကို ထုတ်လုပ်သူတွေဘက်က အပြင်းအထန် ဆန့်ကျင်လာကြတော့ အစိုးရဟာ နောက်တစ်ပတ်အကြာမှာ DMO သတ်မှတ်တာကို ပြန်ရုပ်သိမ်းပြီး ပို့ကုန်ခွန်ကိုပဲ မြှင့်တင်စည်းကြပ်လိုက်ပါတယ်။

ကနဦး DMO အစီအမံအောက်မှာ ဟင်းချက်ဆီကို သတ်မှတ်ဈေးအတိုင်း ရောင်းစေခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ ထုတ်လုပ်စရိတ်ကို ကာမိဖို့မလွယ်ဘူးလို့ ထုတ်လုပ်သူတွေက ပြောပါတယ်။ စားအုန်းဆီကြမ်းတင်ပို့ဈေးနဲ့ ပြည်တွင်းသတ်မှတ်ဈေး ကွာခြားလွန်းနေတာက အကြောက်လွန်ဝယ်ယူမှုတွေနဲ့ ကုန်လှောင်မှုတွေကို မြင့်တက်စေခဲ့တာလို့ မစ္စတာ ယေဒါက ပြောပါတယ်။

Greenpeace Indonesia သဘာဝပတ်ဝန်းကျင်အဖွဲ့ရဲ့ တာဝန်ရှိ အေရီးရွမ်ပက်စ်ကတော့ အစိုးရအနေနဲ့ ရောင်းကုန်တွေ လှောင်ထားနေကျဖြစ်တဲ့ လုပ်ငန်း ချုပ်ကိုင်ထားသူ လူတစ်စုကိုသာ သေချာကြပ်မတ်သင့်တယ်လို့ ပြောပါတယ်။ အင်ဒိုနီးရှားဟာ ၂၀၁၉ ထဲမှာ စားအုန်းဆီကြမ်း တန်ချိန် ၄၇ ဒသမ ၁ သန်း ထုတ်လုပ်ခဲ့ပြီး အဲဒီထဲက ၇၆ ရာခိုင်နှုန်းကို ပြည်ပပို့ခဲ့ပါတယ်။ GAPKI လို့ ခေါ်တဲ့ အင်ဒိုနီးရှားစားအုန်းဆီအသင်း တာဝန်ရှိ အက်ဒီဟာတိုနိုက DMO သတ်မှတ်ချက် ၂၀ ရာခိုင်နှုန်းဟာ ပြည်တွင်းလိုအပ်ချက်ကို အလွယ်တကူ ကျော်လွန်ပေမဲ့ ဆီတွေဟာ ဖြန့်ချိရေးဈေးကွက်ရဲ့ တနေရာရာမှာ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ အမှန်တကယ်လည်း အစိုးရကော်မရှင်အဖွဲ့တစ်ခုက မတ်လလယ်လောက်မှာ စုံစမ်းစစ်ဆေးတော့ လုပ်ငန်းစုကြီးတွေဟာ ဟင်းချက်ဆီ တန်ချိန် သန်းပေါင်းများစွာကို လှောင်ထားကြောင်း တွေ့ရှိခဲ့ပါတယ်။

ဘာကြောင့်ပဲ ဆီပြတ်ပြတ်၊ ဘာကြောင့်ပဲ ဈေးတက်တက် ဆီလျှော့သုံးလိုတဲ့ သူက သိပ်မရှိလှပါဘူး။ အင်ဒိုနီးရှားတွေဟာ ဆီသုံးများတဲ့ ပဲပုပ်စေ့ကြော်နဲ့ ရွက်စုံကြော်တို့ကို သိပ်ကြိုက်ကြတယ်။ သမ္မတဟောင်းလည်း ဖြစ်သလို လက်ရှိသမ္မတရဲ့ပါတီ အကြီးအကဲအဖြစ် ထမ်းဆောင်နေသေးတဲ့ မီဂါဝါတီ ဆူကာနိုပူထရီ က "သက်ရှည်ကျန်းမာ" အကြောင်းအရာနဲ့ ပတ်သက်လို့ အွန်လိုင်းကနေ စကားပြောဆိုခဲ့ပြီး အချက်အပြုတ်ရေးရာ ပြုပြင်ပြောင်းလဲကြဖို့ တိုက်တွန်းခဲ့ပါတယ်။ "ပြုတ်စား ပေါင်းစားဖို့ နည်းလမ်းတွေ ရှိတယ်မဟုတ်လား။ ဒါ အင်ဒိုနီးရှားတွေ စားနေကျ အစားအစာပဲလေ။ ဘာကြောင့် ပြောင်းလဲဖို့ ဒီလောက် ခက်ခဲနေကြတာလဲ" လို့ သူက ပြောပါတယ်။

အင်ဒိုနီးရှားတွေကတော့ သူမ မှတ်ချက်စကားကို နာခံလိုခြင်း မရှိကြပါဘူး။ အင်တာနက် သုံးစွဲသူတစ်ယောက်က ငါးမုန့်ခြောက်တွေ ပြုတ်ထားတာ၊ ပဲပုပ်စေ့တွေ ပေါင်းထားတာ ဗွီဒီယိုရိုက်ပြီး တင်ထားပါတယ်။ နောက်တစ်ယောက်ကလည်း အသီးအရွက်စုံတွေ ပေါင်းထားတဲ့ပုံ တင်ပြီး "ဒါလားဟဲ့ ငါတို့ အနာဂတ်" လို့ စာရေးထားပါတယ်။ သူတို့ တင်ထားတာတွေက အရသာ ရှိမယ့်ပုံတော့ မပေါ်ပါဘူး။

ဝေယံဟိန်း (B.Ag)

Ref: Indonesia, the world’s biggest producer, has a palm-oil crisis - The economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်