သံပခြုပ်များက စိန်ခေါ်ခြင်း

07/06/2023 16:40 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ကီးစတုန်းမျိုးစိတ်များ မိတ်ဆက်- ၆

ပင်လယ်ရေသည် “သောက်လေ၊ သောက်လေ ငတ်မပြေ” ဟူသော သဘောရှိပါသည်။ သုတေသီတို့၏ စူးစမ်းလေ့လာစိတ်သည်လည်း ထိုနည်းအတိုင်းပင်ဖြစ်မည် ထင်ပါ၏။ 

ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေကျောက်ဆောင်များမှ ကြယ်ငါးကလေးများက မှန်ကန်ကြောင်း သက်သေပြခဲ့သော Green World အယူအဆသည်လည်းကောင်း၊ ထိုကြယ်ငါးလေးများဖြင့် ဖော်ထုတ်တွေ့ရှိခဲ့သည့် ကီးစတုန်းမျိုးစိတ်သဘောတရားသည်လည်းကောင်း သုတေသီစစ်စစ်ဖြစ်သော ပါမောက္ခဒေါက်တာရောဘတ်ပိန်း၏ စူးစမ်းလေ့လာလိုစိတ်ကို ရပ်တန့်ခြင်းငှာ မစွမ်းနိုင်ခဲ့ပါ။ သူသည် ကီးစတုန်းမျိုးစိတ်များနှင့်ပတ်သက်၍ လေ့လာမှုများကို ဆက်တိုက် ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ 

ကြယ်ငါး‌လေးများကို ဂေဟစနစ်အတွင်းမှ ဖယ်ရှားပစ်ကာ လေ့လာသုတေသနပြုခဲ့သည့် ငါးနှစ်တာအတွင်း ကမ်းခြေကျောက်ဆောင်များအကြားတွင် ဒေါက်တာရောဘတ် စိတ်ဝင်စားခဲ့သည့် အရာတစ်ခု ရှိ‌နေပြန်ပါသည်။ 

ဒီရေတက်ချိန်တွင် ကမ်းခြေရှိ ကျောက်ဆောင်များကို ပင်လယ်ရေ ဖုံးလွှမ်းသွားပြီး ဒီရေကျချိန်တွင် ကျောက်ဆောင်များအကြားတွင် ရေအိုင် (tide pool) များ ကျန်ရှိနေသည်။ ထင်ထင်ရှားရှား သတိပြုမိစရာကား သံပခြုပ် (Urchins) လေးများဖြစ်သည်။ အချို့ရေအိုင်များတွင် သံပခြုပ်များ ပေါပေါများများ ရှိနေသည်။ အချို့ ရေအိုင်များတွင်တော့ ထိုသို့မဟုတ်။ သံပခြုပ် အနည်းငယ်သာ ရှိနေသည်။ 

ဒေါက်တာရောဘတ်သည် သံပခြုပ်များသည့် ရေအိုင်များနှင့် သံပခြုပ်နည်းသည့် ရေအိုင်များ အကြား ကွာခြားချက်ကို စိတ်ဝင်စားနေမိသည်။ သံပခြုပ် ပေါပေါများများ တွေ့ရသည့် ရေအိုင်ငယ်များတွင် ပင်လယ်ရေမှော်(Kelp) များ သိပ်များများစားစား မတွေ့ရဘဲ သံပခြုပ်အကောင်ရေနည်းသော ရေအိုင်ငယ်များတွင်မူ ပင်လယ်ရေမှော်များ ပေါပေါများများ ပေါက်ရောက်ရှင်သန်နေကြသည်ကို သူသတိပြုမိသည်။ 

ထိုတွေ့ရှိချက်ပေါ်မူတည်ကာ "သံပခြုပ်များက ပင်လယ်ရေမှော်များ ပွားများမလာစေရန် ထိန်းချုပ်ထားသည်" ဟု သူက ယူဆခဲ့သည်။ ဂေဟဗေဒကို လက်တွေ့စမ်းသပ်မှုဖြင့် လေ့လာနိုင်ခဲ့သူ တစ်ဦးအနေဖြင့် ယခုတစ်ကြိမ်တွင်လည်း သူ့ယူဆချက် မှန်၊ မမှန် လက်တွေ့ စမ်းသပ်မှု ပြုလုပ်ဖို့ ပါမောက္ခရောဘတ်တစ်ယောက် စိတ်အားထက်သန်နေသည်။ 

“ဒါ ငါ့အတွက် နောက်ထပ်လုပ်ရမယ့် စမ်းသပ်ချက် တစ်ခုပဲ” 

သူကိုယ်သူ ပြောရင်း သံပခြုပ်များနှင့် ပင်လယ်ရေမှော်တို့၏ အဆက်အစပ်ကို ယခင်တစ်ခေါက်အတိုင်း လက်တွေ့စမ်းသပ်ချက်ဖြင့် အဖြေရှာရန် ဆုံးဖြတ်ချက်ချခဲ့သည်။ 

ဒေါက်တာရောဘတ်ပိန်းသည် ရေအိုင်ငယ်တချို့ကို စမ်းသပ်ကွက်အဖြစ် သတ်မှတ်ကာ ယင်းစမ်းသပ်ကွက်အတွင်းမှ သံပခြုပ်များကို တစ်ကောင်ချင်းစီ လက်ဖြင့် ဖယ်ရှားပစ်ခဲ့သည်။ သည်တစ်ခေါက်မှာ ကြယ်ငါးလေးများကို ဖယ်ရှားပစ်စဉ်ကထက် များစွာ ပို၍ လက်ဝင်ခက်ခဲမည်မှာ ပြောစရာ မလိုတော့ပါ။ စမ်းသပ်ကွက် အနီးတွင်လည်း စံကွက် ရေအိုင်ငယ်တချို့ကိုလည်း သတ်မှတ်ပြီး သံပခြုပ်များကို မဖယ်ရှားပစ်ဘဲ နဂိုအရှိအတိုင်းထားကာ နှိုင်းယှဉ်လေ့လာခဲ့သည်။ 

ယင်းစမ်းသပ်မှု၏ ရလဒ်ကို အချိန်တိုအတွင်းမှာပင် တအံ့တဩ တွေ့ခဲ့ရသည်။ သံပခြုပ်များကို ဖယ်ရှားလိုက်သည့် ရေအိုင်များတွင် ပင်လယ်ရေမှော်များ အလျင်အမြန်ပင် ရှင်သန်ပွားများလာကြသည်ကို တွေ့ရှိခဲ့ရသည်။ 

ဒေါက်တာရောဘတ်ပိန်း၏ ယူဆချက်မှာ မှန်ကန်နေခဲ့ပေပြီ။ 

“သံပခြုပ်တွေက ပင်လယ်ရေမှော်တွေကို ထိန်းချုပ်ထားတာဗျ။ ဒီတွေ့ရှိချက်က Green World အယူအဆကို လုံးဝ ချိုးဖောက်ပစ်ထားတဲ့ အခြေအနေပဲ” ဟု သူက ပြန်ပြောင်းပြောပြသည်။ 

Green World အယူအဆအရဆိုလျှင် အရွက်စားသတ္တဝါများသည် အပင်များကို ကုန်စင်အောင် မစားပစ်နိုင်ကြပါ။ သို့မှသာ ကမ္ဘာမြေကြီးက အပင်များဖြင့် စိမ်းလန်းနေမည် မဟုတ်ပါလား။ ယခုတော့ဖြင့် ထိုသို့မဟုတ်ပါ။ သံပခြုပ်ဟူသော ရုပ်ဆိုးဆိုး သတ္တဝါငယ်လေးများသည် ရေအိုင်အောက်မှ ပင်လယ်ရေမှော်များကို ကုန်စင်အောင်ပင် စားသောက် ပစ်နေကြသည်။ တနည်းအားဖြင့် ရေအိုင်အောက်က ဂေဟကမ္ဘာငယ်လေးမှာ မစိမ်းလန်းနိုင်တော့ပါ။ 

သို့သော် Green World အယူအဆအရဆိုလျှင် သံပခြုပ်ကောင် အရေအတွက်ကို အခြားမျိုးစိတ်တစ်ခုခုက ထိန်းသိမ်းပေးရမည် ဖြစ်သည်။ တနည်းအားဖြင့် သံပခြုပ်ကို ဖမ်းယူစားသောက်မည့် သားရဲသတ္တဝါ (predator) ရှိသင့်သည်။ ယခုတော့ ထိုသားရဲသတ္တဝါကို ရှာမတွေ့ရ။ သံပခြုပ်တွေသာ ပွားများချင်တိုင်း ပွားများနေသည်။ သံပခြုပ်များသည် ပင်လယ်ရေမှော်ပင်များကို ကိုက်ဖြတ်စားသောက်ရင်း သိပ္ပံပညာရှင်များ မှန်ကန်သည်ဟု အတည်ပြုထားခဲ့သည့် Green World အယူအဆကို စိန်ခေါ်ကာ လှောင်ပြောင်နေကြပေပြီ။ 

ဆရာဖြစ်သူ မစ်ချီဂမ်တက္ကသိုလ် သတ္တဗေဒ ပါမောက္ခ ဒေါက်တာဖရတ်စမစ်၏ Green World အယူအဆအရဆိုလျှင် သံပခြုပ်များ၏ အရေအတွက်ကို ထိန်းသိမ်းပေးမည့် သားရဲသတ္တဝါ ရှိရမည်ဖြစ်ရာ ထိုသတ္တဝါကို ရှာဖွေဖို့တာဝန်မှာ ရောဘတ်ပိန်း၏ ပခုံးပေါ်သို့ ရောက်ရှိလာပြန်ပြီ ဖြစ်သည်။ 

သံပခြုပ်တို့ကို ထိန်းသိမ်းကာ ဂေဟစနစ်ကို ပြန်လှန်ချိန်ညှိပေးမည့်သတ္တဝါသည် အဘယ်နည်း။ ဤနေရာတွင် အဘယ်ကြောင့် မရှိနေရသနည်း။ ဘယ်ဆီဘယ်ဝယ်သို့ ရောက်ရှိနေပါသနည်း။ ထိုမေးခွန်းများ၏ အဖြေကို ရှာတွေ့ဖို့ လိုအပ်နေပါသေးသည်။

ရောမခေတ် အမိုးခုံးတစ်ခု ပြိုပျက်နေသည်ကို တွေ့ရသည် ဆိုပါစို့။ ယခင်က ထိုအမိုးခုံးမှာ ကောင်းစွာရှိခဲ့ပြီး အမိုးခုံးအလယ်တွင် ကီးစတုန်းတစ်ခုရှိခဲ့ကြောင်း အလိုလိုသိနိုင်ပါသည်။ ထိုအမိုးခုံးကို ရောမခေတ်လက်ရာအတိုင်း ပြန်လည်တည်ဆောက်ဖို့ဆိုလျှင် ကီးစတုန်းကို တွေ့အောင်ရှာရမည် ဖြစ်ပါသည်။ ရောဘတ်ပိန်းသည် ပြိုကျနေသော ရောမခေတ်အမိုးခုံးမှ ပျောက်ဆုံးနေသော ကီးစတုန်းမျိုးစိတ်ကို ရောဘတ်ပိန်းတစ်ယောက် ကြိုးစားရှာဖွေနေခဲ့ပါသည်။ 

#ကီးစတုန်းရှာပုံတော်

၁၉၇၁ ခုနှစ်။ 

အလက်စကားပြည်နယ်လက်အောက်ခံ အလျူးရှန်း (Aleutian) ကျွန်းစုများသည် ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ တစ်ခုနှင့်တစ်ခု မနီးမဝေး ချိတ်ဆက်တည်ရှိနေကြသည်။ ထိုကျွန်းစုများထဲက ပြည်မနှင့် အဆက်အသွယ်နည်းလှသည့် ကျွန်းငယ်လေးတစ်ခုတွင် ထိုဒေသနှင့်ပတ်သက်သည့် သုတေသနများကို သိပ္ပံပညာရှင်များ လာရောက်လုပ်ဆောင်နေကြသည်။ 

သံပခြုပ်များ၊ ပင်လယ်ရေမှော်များနှင့်ပတ်သက်၍ ရောဘတ်ပိန်းတွင်ရှိနေသော မေးခွန်းများ၏ အဖြေကို ရှာဖွေတွေ့ရှိဖို့လမ်းစသည် ထိုကျွန်းလေးပေါ်က လူနှစ်ဦး၏ အမှတ်မထင်တွေ့ဆုံမှုမှ စတင်ခဲ့သည်။ 

ပါမောက္ခ ဒေါက်တာရောဘတ်ပိန်းနှင့်ဘွဲ့ရပြီးခါစ တက်ကြွလန်းဆန်းနေသော သုတေသီလူငယ်လေး ဂျိမ်းစ်အက်စတီ (James Estes) တို့ ထိုကျွန်းလေးပေါ်က အရက်ဘားတစ်ခုမှာ ဆုံတွေ့ခဲ့ကြခြင်းဖြစ်သည်။

“သူနဲ့ ကျွန်တော် တွေ့ချိန်မှာ ကျွန်တော်က ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာကို စဉ်းစားနေတုန်းဗျ” ဟု ဂျိမ်းစ်က ပြန်ပြောင်းပြောပြခဲ့သည်။

သူတို့နှစ်ဦးတွေ့ဆုံချိန်တွင် ရောဘတ်သည် သံပခြုပ်များမှ ထွက်ပေါ်လာသည့် မေးခွန်းများကို ဖြေဆိုဖို့ ကြိုးစားနေချိန်ဖြစ်သည်။ ဂျိမ်းစ်ကမူ ပင်လယ်ဖျံ (Sea Otter) များ၏ ဇီဝကမ္မဗေဒကို လေ့လာနေချိန်ဖြစ်သည်။ 

ဂျိမ်းစ်က သူ သုတေသနပြု လေ့လာလိုသည့် အကြောင်းအရာတစ်ခုကို ရောဘတ်ပိန်းအား ရှင်းပြခဲ့သည်။ သူက အလျူးရှန်းကျွန်းစုအတွင်းရှိ ကျွန်းငယ်တစ်ခု ဖြစ်သော အမ်ချီကာ (Amchica) ကျွန်းကို ဥပမာပေးသည်။ ထိုကျွန်းရှိ ဂေဟစနစ်များကို လေ့လာကြည့်ပါက သားရဲတိရစ္ဆာန်များ ပေါများစွာရှိနေသည်ကို တွေ့ရသည်။

သူစိတ်ဝင်စားသည်က ထိုသို့ သားရဲ တိရစ္ဆာန်များ ပေါများစွာရှိနေရန်အတွက် ဂေဟစနစ်အတွင်းက မည်သူတို့က မည်သို့ ထောက်ပံ့ပေးထားသည် ဆိုသည့် အချက်ဖြစ်သည်။ တနည်းအားဖြင့် အစာကွင်းဆက်ကို အောက်မှ အပေါ်သို့ ချဉ်းကပ်လေ့လာကြည့်သည့် (Bottom Up) ပုံစံ အစဉ်အလာအယူအဆကို အခြေခံထားသည်။ 

“ကျွန်တော်ရှင်းပြတော့ ဘော့ (ရောဘတ်ပိန်း) ရဲ့ တုံ့ပြန်မှုက တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ် ကျွန်တော်ပြောတဲ့ သုတေသနမျိုးက သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းဘူးကွာ ဆိုတဲ့ အဖြေမျိုးပဲဗျ။” 

ဒါက ဂျိမ်းစ် ပြန်ပြောပြသော သူတို့နှစ်ဦး၏ တွေ့ဆုံမှုဖြစ်သည်။ 

တကယ်တော့ ရောပတ်ပိန်းသည် ဂျိမ်းစ်ပြောနေသောကိစ္စကို အခြားချဉ်းကပ်ပုံတစ်မျိုးဖြင့် စဉ်းစားကြည့်နေခြင်းဖြစ်သည်။ ပြီးတော့ ဂျိမ်းစ်ကို မေးခွန်းတစ်ခုထုတ်လိုက်သည်။ 

“ဂေဟစနစ်ကြီးက အဲဒီ သားရဲတိရစ္ဆာန်တွေကို ဘယ်လို ပံ့ပိုးကူညီပေးနေတယ်ဆိုတဲ့အစား သားရဲတိရစ္ဆာန်တွေက ဂေဟစနစ်ကို ဘယ်လိုအကျိုးပြုနေတယ်ဆိုတာမျိုး ခင်ဗျား စဉ်းစားကြည့်ဖူးလား”

အကယ်၍ သံပခြုပ်ဇာတ်လမ်း၏ အဖြေကို ပင်လယ်ရေမှော်များက စတင်၍ အစာကွင်းဆက်၏ အောက်မှ အထက်သို့ ဆန်တက်ရှာဖွေနေမည့်အစား သားရဲတိရစ္ဆာန် ဖြစ်သော ပင်လယ်ဖျံများမှ အောက်သို့ စုန်ဆင်းရှာဖွေသည့် သုတေသနလုပ်ငန်းကို ဂျိမ်းစ်က ဆောင်ရွက်နိုင်လိမ့်မည်ဟု ရောဘတ်ပိန်းက ယုံကြည်နေသည်။ ပင်လယ်ဖျံအကြောင်းကို ဂျိမ်းစ်က ကောင်းကောင်းသိထားပြီး မဟုတ်ပါလား။ အကယ်၍ ဂျိမ်းစ်ကသာ ထိုကိစ္စတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဆိုပါက သံပခြုပ်ဇာတ်လမ်းက ပိုမိုပီပြင် အသက်ဝင်နိုင်မည် ဖြစ်သည်။ 

သူ၏ သုတေသနအကြံအစည်ကိုပြောပြကာ ယင်းသုတေသနတွင် ဂျိမ်းစ်တစ်ယောက် ပါဝင်ဆောင် ရွက်လိုခြင်း ရှိ၊ မရှိ မေးမြန်းသည့်အခါ ဂျိမ်းစ်က ချက်ချင်းဆိုသလိုပင် အဖြေပြန်ပေးသည်။ 

 “ဘာလို့ မလုပ်ရမလဲဆရာ၊ စကြတာပေါ့။” 

ရောဘတ်ပိန်းက ကြယ်ငါးသုတေသနတုန်းကလိုပင် ဂေဟစနစ်ထဲက ပင်လယ်ဖျံ ကို ဖယ်ရှားပစ်ပြီး၊ ယင်းသို့ ဖယ်ရှားပစ်ခြင်းကြောင့် ဂေဟစနစ်အတွင်း ဖြစ်‌ပေါ်လာသည့် အ ပြောင်းအလဲများကို စောင့်ကြည့်ရန် စိတ်ကူးထားသည်။ သို့သော် ဂျိမ်းစ်က ထိုစိတ်ကူးကို သိပ်လက်မခံချင်ခဲ့။ သူက ပင်လယ်ဖျံများ၏ သမိုင်းကြောင်းကို ပိုသိသူ မဟုတ်ပါလား။ 

တချိန်က ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းတွင် ပင်လယ်ဖျံများ အမြောက်အများ ရှင်သန်ကျက်စားခဲ့ကြသည်။ သို့သော် ၁၇၄၁ ခုနှစ်ကစတင်ကာ ပစိဖိတ်သမုဒ္ဒရာအတွင်း ကုန်သွယ်ရေကြောင်း စတင်ခဲ့သည်။ ထိုသို့ ပင်လယ်ရေကြောင်း ကူးသန်းသွားလာမှု စတင်ပြီး အနှစ် ၁၅၀ အတွင်း ပင်လယ်ဖျံများမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။ ၁၉၁၁-၁၂ ခု နှစ်ခန့်ရောက်မှ ပင်လယ်ဖျံဖမ်းဆီးမှုကို စတင်တားမြစ်ခဲ့ရသည်။ ထိုအချိန်တွင် ကျန်ရှိခဲ့သည့် ပင်လယ်ဖျံများကို မျိုးအဖြစ် ထိန်းသိမ်းစောင့်ရှောက်ကာ မျိုးဆက်ပွားပြီး ကောင်ရေတိုးပွားဖို့ ကြိုးစားခဲ့ကြရခြင်း ဖြစ်သည်။ 

သို့သော် ပင်လယ်ဖျံမျိုးစိတ် ပြန်လည်ရှင်သန်လာမှုမှာ နေရာကွက်ကျားမျှသာဖြစ် သည်။ အလျူးရှန်းကျွန်းစုထဲက အချို့နေရာများ၊ ဥပမာ အမ်ချီကာကျွန်းပတ်ဝန်းကျင်တွင် ပင်လယ်ဖျံတွေ အမြောက်အများ ပြန်လည်ပွားများလာသည်။ သို့သော် ပင်လယ်ဖျံများ လုံးဝမရှိသေးသည့်နေရာများလည်း အများအပြား ကျန်ရှိနေဆဲ ဖြစ်သည်။ 

ထိုအခြေအနေကိုသိသော ဂျိမ်းစ်က ရိုးရှင်းလှသည့် သုတေသနမော်ဒယ်တစ်ခုကို အဆိုပြုသည်။ ပင်လယ်ဖျံရှိသော ဂေဟစနစ်နှင့် ပင်လယ်ဖျံမရှိသော ဂေဟစနစ်နှစ်ခုကို နှိုင်းယှဉ်ကြည့်ရန် ဖြစ်သည်။ ယင်းသုတေသနအတွက် ဂျိမ်းစ်၏ ဇာတိချက်မြှုပ်ဖြစ်သော အမ်ချီကာကျွန်းမှာပင် လုပ်ငန်းများ စတင်လိုက်ကြသည်။ 

အမ်ချီကာတွင် ပင်လယ်ဖျံများ အများအပြားရှိနေပြီး သံပခြုပ်များလည်း ရှိနေကြသည်။ သို့သော် ပမာဏအားဖြင့် နည်းသည်ကို တွေ့ရသည်။ 

ထို့နောက် အမ်ချီကာနှင့် မလှမ်းမကမ်းတွင်ရှိသော ကျွန်းငယ်လေးတစ်ခုဖြစ်သည့် ရှမ်မြာ (Shamya)ကျွန်းတွင် ရေငုပ်ကာ စူးစမ်းလေ့လာမှု လုပ်ကြရပြန်သည်။ ယင်းကျွန်းငယ်လေး၏ ပတ်ဝန်းကျင်တွင် ပင်လယ်ဖျံများ လုံးဝရှိမနေပါ။ 

ဂျိမ်းစ်တစ်ယောက် ရေထဲငုပ်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ဘဝတလျှောက် အထူးခြားဆုံးသော စူးစမ်းလေ့လာသင်ယူမှု အချိုးအကွေ့တစ်ခုကို ကြုံတွေ့လိုက်ရသည်ဟု ဆိုရမည်ဖြစ်သည်။ ပင်လယ်ကြမ်းပြင်တွင် အစိမ်းရောင် သံပခြုပ်တွေချည်း ပြည့်နှက်နေပြီး ပင်လယ်ရေမှော်ပင် တစ်ပင်မှ မရှိသည်ကို သူ အံ့သြဘနန်းတွေ့မြင်ခဲ့ရသည်။ 

ပင်လယ်ဖျံများ ရှိနေချိန်က သည်နေရာတွင် သံပခြုပ်များ ယခုလို များပြားနေမည် မဟုတ်ပါ။ ပင်လယ်ဖျံများက သံပခြုပ်များကို သူတို့၏အစာအဖြစ် ဖမ်းယူစားသောက်ကြသည်။ ထို့ကြောင့် သံပခြုပ်၏အစာဖြစ်သော ပင်လယ်ရေမှော်များမှာလည်း ပေါပေါများများ ပေါက်ရောက်ရှင်သန်နိုင်သည်။ ရေအောက်မှ စိမ်းလန်းသောကမ္ဘာဖြစ်ခဲ့သည်။ 

ပင်လယ်ရေကြောင်းကုန်သွယ်ရေး ဖွံ့ဖြိုးလာခြင်းနှင့်အတူ ပင်လယ်ဖျံများအား  အလွန်အကျွံ ဖမ်းဆီးမှုများကြောင့် ဂေဟစနစ်အတွင်းမှ ၄င်းတို့ မျိုးသုဉ်းပျောက်ကွယ်သွားချိန်တွင် ၄င်းတို့၏အစာဖြစ်သော သံပခြုပ်များက အထိန်းအကွပ်မဲ့ ပွားများလာကြသည်။ ထိုသို့ များချင်တိုင်းများလာသော သံပခြုပ်များက ပင်လယ်ရေမှော်များကို စားသောက်ကြခြင်းဖြင့် နောက်ဆုံးတွင် ပင်လယ်ရေမှော်ပင်များ လုံးဝပျောက်ဆုံးသွားသည့်အနေအထားသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ မျိုးစိတ်တစ်ခုကို ဖယ်ရှားပစ်လိုက်ရုံဖြင့် ဂေဟစနစ်ကြီးက လုံးဝပြောင်းလဲသွားခြင်းဖြစ်သည်။ 

ဂျိမ်းစ်အက်စတီ ပင်လယ်ရေအောက်ကြမ်းပြင်တွင် တွေ့ရှိခဲ့ရသည့် မြင်ကွင်းက မစ်ချီဂမ်တက္ကသိုလ် သတ္တဗေဒပါမောက္ခ ဖရတ်စမစ်သ် အဆိုပြုခဲ့သည့် Green World အယူအဆကို ထပ်ဆင့်အတည်ပြု ထောက်ခံပေးလိုက်သည်။ တချိန်တည်းမှာပင် ဝါရှင်တန်တက္ကသိုလ်မှ ပါမောက္ခရောဘတ်ပိန်း ရှာဖွေတွေ့ရှိထားသည့် ကီးစတုန်းမျိုးစိတ်သဘောတရားသည်လည်း ပိုမိုတောက်ပလာပါတော့သည်။ သံပခြုပ်ဇာတ်လမ်းတွင် ပင်လယ်ဖျံများသည် ကီးစတုန်းမျိုးစိတ်များအဖြစ် ပါဝင်ကပြအသုံးတော်ခံခဲ့ပြီ ဖြစ်ပါသည်။ 

#ထရိုးဖစ်ကက်စကိတ်

အစာကွင်းဆက် ပိရမစ်၏ ထိပ်ဆုံးမှ မျိုးစိတ်က အောက်ဖက်ရှိမျိုးစိတ်များကို ထိန်းသိမ်းပေးနေသည့် အခြေအနေကို တွေ့မြင်ခဲ့ရပြီဖြစ်သည်။ ယင်းမျိုးစိတ်ကို ဖယ်ရှားလိုက်ပါက အောက်ဖက်ရှိ မျိုးစိတ်များအပေါ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။

ပင်လယ်ဖျံများကို ဂေဟစနစ်အတွင်းမှ ဖယ်ရှားလိုက်ခြင်းကြောင့် တိုက်ရိုက်သက်ရောက်မှုအနေဖြင့် သံပခြုပ်များ အဆမတန်ပွားများလာသည်။ သွယ်ဝိုက်သက်ရောက်မှုအနေဖြင့် ပင်လယ်ရေမှော်များ ပျောက်ကွယ်သွားကြရသည်။ ယင်းကဲ့သို့သော အခြေအနေမျိုးကို ထရိုးဖစ်ကက်စကိတ် (Trophic cascade) ဟု ဒေါက်တာရောဘတ်ပိန်းက အမည်ပေးခဲ့သည်။ 

တကယ်တော့ ထရိုးဖစ်ကက်စကိတ်သည် ပင်လယ်ရေမှော်ပင်များနှင့်ပင် ပြီးဆုံးသွားမည်တော့ မဟုတ်ပါ။ ယင်း ပင်လယ်ရေမှော်ပင်များကို အမှီပြု၍ ရှင်သန်နေထိုင်ကြသည့် သက်ရှိမျိုးစိတ်များစွာ ရှိပါလိမ့်ဦးမည်။ ပင်လယ်ဖျံများ မျိုးသုဉ်းသွားခြင်းက ယင်းမျိုးစိတ်များအပေါ်တွင်ပါ ဆက်လက်၍ အကျိုးသက်ရောက်နေဦးမည် ဖြစ်ပါသည်။ 

အသစ်ထပ်မံတွေ့ရှိခဲ့သည့် ကီးစတုန်းမျိုးစိတ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် သိမှတ်စရာများစွာကို သင်ကြားပို့ချပေးခဲ့ပြန်ပါသည်။ ထို့အတူ လူသားတို့၏ ဂေဟစနစ်အပေါ် အဆင်အခြင်မဲ့ ပြုမူပုံများသည် ကမ္ဘာလောကကြီး၏ ဂေဟစနစ်ကို လုံးဝပြောင်းလဲသွားစေနိုင်သည်ကိုလည်း သည်ဇာတ်လမ်းက သတိပေးနေပါသည်။ 

#ခိုင်ကြည်သစ်

#keystonespecies_khaingkyithit

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်