ကီးစတုန်းမျိုးစိတ်များ မိတ်ဆက် - ၇
#သွယ်ဝိုက်သက်ရောက်မှု
သုတေသနနယ်ပယ်၏ မြတ်နိုးတန်ဖိုးထားဖွယ်ကိစ္စတစ်ခုမှာ သဘာဝတရား၏ အမှန်တရားများကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းရင်း လူ့အဖွဲ့အစည်း၏ အသိပညာ အဆင့်အတန်းကို မြှင့်တင်ယူသွားနိုင်ခြင်းဖြစ်သည်။
မစ်ချီဂမ်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဖရတ်စမစ်သ်သည် Green World အယူအဆကို တင်ပြခဲ့သည်။ သူက ထိုအယူအဆကိုအခြေခံကာ ကီးစတုန်းမျိုးစိတ် သဘောတရားကို လက်တွေ့စမ်းသပ်ဖော်ထုတ်ပြမည့် ဝါရှင်တန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာရောဘတ်ပိန်းကို မွေးထုတ်ပေးခဲ့သည်။
တဖန် ဒေါက်တာရောဘတ်ပိန်းကလည်း ဒေါက်တာဂျိမ်းစ်အက်စတီဆိုသည့် ကယ်လီဖိုးနီးယားတက္ကသိုလ် (University of California, Santa Cruz) ပါမောက္ခ၊ ထင်ရှားကျော်ကြားသည့် ဂေဟဗေဒပညာရှင်တစ်ဦးကို အလက်စကားပြည်နယ်၊ အလျူးရှန်းကျွန်းစုများပေါ်မှာ ကမ္ဘာလောကကြီးအတွက် မွေးထုတ်ပေးခဲ့ပြန်ပါသည်။
ပင်လယ်ဖျံများ၏ ဂေဟစနစ်အပေါ် ထိန်းကျောင်းပေးပုံကို လေ့လာပြီးနောက်ပိုင်းတွင် ဒေါက်တာဂျိမ်းသ်အက်စတီသည်လည်း လူသိများသည့် ပညာရှင်တစ်ဦး ဖြစ်လာသည်။ သို့သော် သုတေသီပညာရှင်တို့မည်သည်၊ မည်သည့်အဆင့်နေရာကို ရောက်ရှိစေကာမူ လေ့လာမှုကို ရပ်တန့်လိုက်ခြင်း မရှိပေ။ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် သင်ကြားရေးနှင့် သုတေသနတာဝန်များ ထမ်းဆောင်နေရင်းမှာပင် အလက်စကားပြည်နယ်သို့ နှစ်စဉ်ပြန်လာကာ သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ အထူးသဖြင့်တော့ ပင်လယ်ဖျံများကို အဓိကထား လေ့လာဖြစ်ခဲ့သည်။
အနှစ်နှစ်ဆယ်နီးပါး ကြာလာသည့်အခါ ထူးဆန်းသည့်အချက်တစ်ချက်ကို ဒေါက်တာဂျိမ်းစ် သတိပြုမိခဲ့သည်။ အခြားမဟုတ်ပါ။ သုတေသနပြုလေ့လာရန် ပင်လယ်ဖျံများ ဖမ်းဆီးသည့်အခါ ယခင်ကလောက် မလွယ်ကူတော့ခြင်း ဖြစ်သည်။
ပင်လယ်ဖျံကောင်ရေမှာ သိသိသာသာ ကျဆင်းလာနေပုံရပါသည်။ အဘယ်ကြောင့်နည်း။
ဒေါက်တာဂျိမ်းစ်သည် ပင်လယ်ဖျံများ၏ အရေအတွက် ကျဆင်းလာရခြင်းအတွက် ဖြစ်နိုင်ချေရှိသောအကြောင်းပြချက်များကို စီကာစဉ်ကာ ရှာဖွေနေမိသည်။ ပထမဆုံး ဖြစ်နိုင်ချေတစ်ခုမှာ ပင်လယ်ဖျံများအတွက် အစာရေစာ လုံလုံလောက်လောက် မရှိတော့သဖြင့် ကောင်ရေ လျော့ပါးလာခြင်း ဖြစ်နိုင်သည်။ ဒုတိယဖြစ်နိုင်ချေရှိသောအချက်မှာ ပင်လယ်ဖျံများတွင် ကူးစက်ရောဂါကျရောက်ကာ သေဆုံးကုန်ကြခြင်းဆိုသည့် အကြောင်းပြချက် ဖြစ်သည်။
တတိယဖြစ်နိုင်ချေမှာကား ...။
သုတေသန လုပ်ငန်းများနှင့် အလုပ်များနေသည့် ဆောင်းရာသီ။ တစ်ရက်သားတွင် ပါမောက္ခဂျိမ်းသ်အက်စတီ၏ ရုံးခန်းသို့ အလက်စကားမှ ဖုန်းတစ်ခု ဝင်လာသည်။
"ဟယ်လို..ဂျိမ်းစ်အက်စတီ ပြောနေပါတယ်"
"ဟယ်လို ဒေါက်တာဂျိမ်းစ်၊ ကျွန်တော် တင်မ်တင်ကာ (Tim Tinker) ပါ။ ဒေါက်တာ့ကို ပြောစရာ ရှိလို့ဗျ"
တင်မ်သည် ဂျိမ်းစ်လို ပညာရှင်တစ်ယောက်တော့ မဟုတ်ပါ။ သူသည် ဂျိမ်းစ်၏ သုတေသနလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည့် ကျွမ်းကျင်ဝန်ထမ်း ဖြစ်ပါသည်။ ဒေါက်တာဂျိမ်းစ်ကို တယ်လီဖုန်းမှတဆင့်ပြောနေသော သူ့အသံတွင် ထူးဆန်းအံ့ဩမှု၊ စူးစမ်းလိုမှု၊ စိတ်အားတက်ကြွမှုတွေ ပါနေသည်။
"အဲဒါ.. အဲဒါ..အော်ကာ (Orca) တွေ ဖြစ်နိုင်တယ်ဗျ"
"ဘာ၊ ဘယ်လို။ တင်မ်ရေ၊ ခင်ဗျား ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း ပြောစမ်းပါ"
"ဒီလိုပါ ဒေါက်တာဂျိမ်းစ်၊ ပင်လယ်ဖျံတွေ အရေအတွက် လျော့လာနေတာဟာ သူတို့ကို အော်ကာ တွေက စားပစ်လို့လား ဆိုတာ ကျွန်တော် သိချင်နေမိတယ် ဒေါက်တာ"
အော်ကာ ဆိုသည်က အသားစားဝေလငါး အကြီးစားကြီးများ ဖြစ်သည်။ လူသတ်သမားဝေလငါး (Killer Whale) ဟုပင် ခေါ်ဝေါ်ကြသည်။ သူတို့၏ အဓိကအစာမှာ အခြား ဝေလငါးအနွယ် (Whale) များဖြစ်သည်။ ကေသရာဇာမှန်လျှင် မြက်မစား ဆိုသကဲ့သို့ အော်ကာများသည် ပင်လယ်ဖျံလို သေးသေးကွေးကွေးသတ္တဝါလေးများကို သူတို့အတွက် အစာဟု မယူဆကြချေ။
"တင်မ်၊ ခင်ဗျား ရူးသွားပြီလား။ အော်ကာတွေက ပင်လယ်ဖျံကို မစားဘူးလေဗျာ"
"စားတယ်ဗျ။ စားတယ်။ အော်ကာတွေ ပင်လယ်ဖျံကို စားနေတာ ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့တယ်"
တင်မ်ဘက်က သိပ်သေချာနေသည်။ သည်တော့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်သော ဂျိမ်းစ်အတွက် သူသိထားသော အသိဖြင့် ဇွတ်မငြင်းချင်ပါ။ ထိုအစား လက်တွေ့စမ်းသပ်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်ပါတော့သည်။
သို့သော် မည်သည့်နေရာတွင် မည်သို့ စမ်းသပ်မည်နည်း။ ပင်လယ်ဖျံများကို အော်ကာများက ဖမ်းယူစားသောက်သည်ဟု အခိုင်အမာဆိုနေသော တင်မ်ကိုယ်တိုင်ပင်လျှင် ထိုအဖြစ်အပျက်ကို အမှတ်မထင် ကြုံတွေ့ခဲ့ခြင်း မဟုတ်ပါလား။
သည်တစ်ကြိမ်တွင်လည်း သဘာဝတရားသည် အကောင်းဆုံး သိပ္ပံလက်တွေ့စမ်းသပ်ခန်းကြီး ဖြစ်ခဲ့ပြန်ပါသည်။
သူတို့နှစ်ဦး Clam Lagoon ဟုခေါ်သော နေရာသို့ ချီတက်ခဲ့ကြသည်။ ထိုနေရာသည် အော်ကာများ လုံးဝမရောက်နိုင်သော နေရာဖြစ်သည်။ ထိုနေရာတွင် ပင်လယ်ဖျံ အရေအတွက် မည်သို့ ရှိပါသနည်း။ အော်ကာများ ရှိသည့်နေရာနှင့် မရှိသည့်နေရာ နှိုင်းယှဉ်လေ့လာကြည့်ဖို့ သူတို့ စိတ်အားတက်ကြွနေကြပါသည်။
Clam Lagoon တွင် ပင်လယ်ဖျံများလည်း ပေါပေါများများ ရှိနေသည်ကို သူတို့ တွေ့ခဲ့ကြရသည်။ အချိန် နှစ်ရက် သုံးရက်လောက်အတွင်း ပင်လယ်ဖျံ အကောင် ၃၀ လောက်ကို သူတို့ အလွယ်တကူ ဖမ်းဆီးနိုင်လောက်အောင်ကို ပေါများနေသည်။ ဆက်လက် လေ့လာကြည့်သည့်အခါ ထိုနေရာလေးတွင် အော်ကာများရှိသည့် နေရာများကဲ့သို့ ပင်လယ်ဖျံကောင်ရေ လျော့နည်းကျဆင်းလာခြင်း မရှိကြောင်း တွေ့ခဲ့ရပြန်သည်။ သည်တော့ အဖြေက ရှင်းလင်းပြတ်သားလာသည်။ ပင်လယ်ဖျံများကို အော်ကာများက ဖမ်းယူစားသောက်နေကြသည်မှာ သေချာနေသည်။
သို့ဆိုလျှင် အော်ကာများသည် ပင်ကိုယ်သဘာဝအရ သူတို့၏ အစာမဟုတ်သော ပင်လယ်ဖျံများကို အဘယ်ကြောင့်များ ဖမ်းယူစားသောက်နေရပါသနည်း။ သူတို့၏ မူလအစာ ဖြစ်သော ဝေလငါးများကို အဘယ်ကြောင့် မစားဘဲ ပင်လယ်ဖျံများကိုသာ ကောင်ရေ လျော့ကျလာသည်အထိ ဖမ်းယူစားသောက်နေကြပါသနည်း။ အဖြေမှာ လွန်ခဲ့သော အတိတ်ကာလ ရာစုဝက်ဝန်းကျင်မှာ ရှိနေခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်ပြီးချိန်က ပစိဖိတ်သမုဒ္ဒရာအတွင်း ဝေလငါးများ အတော်များများ ရှိနေပါသေးသည်။ စစ်ကြီးအပြီးတွင် ရုရှားနှင့် ဂျပန်နိုင်ငံတို့သည် ပစိဖိတ်ဒေသအတွင်း ဝေလငါး ဖမ်းဆီးခြင်းကို အကြီးအကျယ် ပြုလုပ်ခဲ့ကြသည်။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ဝေလငါးကောင်ရေမှာ ၉၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတော့သည်။ တနည်းအားဖြင့် အစာကွင်းဆက်အတွင်းမှ ဝေလငါးများကို ဖယ်ရှားပစ်လိုက်ခြင်းပင် ဖြစ်သည်။
ဝေလငါးအရေအတွက် လျော့ကျလာသည့်အခါ အော်ကာများအတွက် အစာပြတ်လပ်မှု ဖြစ်လာသည်။ သည်တော့ သူတို့၏ ရှင်သန်ရေးအတွက် စားသောက်မှုပုံစံကို ပြင်ကြရသည်။ စားသောက်သည့် အစာအမျိုးအစားကို ချဲ့ထွင်ရသည်။ ကေသရာဇာပေမင့် မြက်စားဖို့ အချိန်ကျလာပြီဟု ဆိုရပေမည်။ အော်ကာတို့ ပင်လယ်ဖျံ အစာအမယ်သစ်ကို တိုးချဲ့ကာ စားသောက်လာကြတော့သည်။
ရလဒ်က ပင်လယ်ဖျံ အရေအတွက် သိသိသာသာ ကျဆင်းလာခြင်းပင်။ ထရိုးဖစ် ကက်စကိတ် ဟု ဆိုခဲ့သည့်အတိုင်း ယင်းက နောက်ပြန် အကျိုးသက်ရောက်မှုတွေ ဖြစ်စေတော့သည်။ ပင်လယ်ဖျံတွေ မရှိတော့သည့်အခါ သံပခြုပ်တွေ ထင်တိုင်းပွားများလာသည်။ သံပခြုပ်က ပင်လယ်ရေမှော်ပင် အားလုံးကို ဖျက်စီးစားသောက်ပြန်သည်။ အဆုံးသတ်မှာ ပင်လယ်ရေမှော်ပင်များအကြား ၎င်းတို့ကို အမှီပြု၍ ရှင်သန်နေထိုင်ကြသည့် ဇီဝမျိုးကွဲ အားလုံး ဒုက္ခရောက်ကြရသည်။ ဂေဟစနစ်များ ပြိုလဲကျကုန်သည်။
ပို၍ စိတ်ဝင်စားစရာကောင်းသည်က ပင်လယ်ရေနက်ပိုင်းတွင် ဝေလငါးများကို ဖယ်ရှားလိုက်ခြင်းက ရေတိမ်ကမ်းစပ်ရှိ ကျောက်ဆောင်များအကြားက ရေအိုင်လေးများထဲရှိ ပင်လယ်ရေမှော်ပင်များအထိ သွယ်ဝိုက်ကာ သက်ရောက်မှု ရှိစေခဲ့သည့်အချက်ပင် ဖြစ်သည်။
ဒေါက်တာဂျိမ်းစ်က ယခင်က သူနှင့် သူ့ဆရာ ဒေါက်တာရောဘတ်ပိန်းတို့ တွေ့ရှိခဲ့သည့် ပင်လယ်ဖျံက သံပခြုပ်ကို စား၍၊ သံပခြုပ်က ပင်လယ်ရေမှော်ကို စားသည် ဟူသော ထရိုးဖစ်ကက်စကိတ် ၏ထိပ်မှာ နောက်ထပ်မျိုးစိတ်တစ်ခုကို ထပ်ထည့်လိုက်သည်။ အော်ကာများပင်။ အော်ကာများသည် ပင်လယ်ဖျံများကို ထိန်းချုပ်ထားလိုက်ပြီ မဟုတ်ပါလား။
သိပ္ပံပညာရှင် မျိုးဆက် ၃ ဆက်မှ ပညာရှင် ၃ ယောက်တို့သည် သူတို့၏ အသိပညာနယ်ပယ်ကို မျိုးဆက်တစ်ဆက်ချင်းဆီတွင် ထက်အောက်ဝဲယာ ချဲ့ထွင်ခဲ့ကြပါသည်။ မစ်ချီဂမ် တက္ကသိုလ် သတ္တဗေဒဌာနမှ သစ်ပင်ကြီး စိမ်းလန်းနေသည်မှစ၍ ဝါရှင်တန်ပြည်နယ် ပင်လယ်ကမ်းခြေနားက ကြယ်ငါးလေးများအလယ်၊ ပစိဖိတ်သမုဒ္ဒရာကျယ်ကြီးအလယ်က အော်ကာလူသတ်သမား ဝေလ ငါးများအဆုံး သူတို့ ၃ ဦး ချဲ့ထွင်ရှာဖွေခဲ့သည့် သိမြင်မှုတွေက ကမ္ဘာလောကကြီးကို အနာဂတ်နှစ်ပေါင်းများစွာအထိ အကျိုးရှိစေခဲ့ပြီ ဖြစ်ပါသည်။
သူတို့သည် သူတို့၏ အသိအမြင်ကို အများပြည်သူအတွက် တိုက်ရိုက်ရော၊ သွယ်ဝိုက်၍ပါ ပြန်လည်မျှဝေခဲ့ပြီ ဖြစ်ပါသည်။ ယင်းအသိအမြင်၊ တနည်းအားဖြင့် ဉာဏ်ပညာများ ပိုမိုကျယ်ပြန့်သော လူသားထုဆီသို့ ဆက်လက်ကူးစက်ဖြန့်ဝေပေးရန်နှင့် ယင်းအသိဉာဏ်ပညာကို အသုံးချကာ သဘာဝဝန်းကျင်နှင့် ဂေဟစနစ်များ ရှင်သန်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရန်မှာ လူသားတိုင်း၏ တာဝန်ပင် ဖြစ်ပါတော့သည်။
#ခိုင်ကြည်သစ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်