ဝံပုလွေအူသံနှင့်အတူ ပျောက်ကွယ်သွားသော ဂေဟစနစ်၏အသက်ဝိဉာဉ်

15/06/2023 14:47 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ကီးစတုန်းမျိုးစိတ်များ မိတ်ဆက် - ၈

ကမ္ဘာအနှံ့ရှိ အမျိုးသားဥယျာဉ်ကြီးများသည် အများပြည်သူတို့အတွက် သဘာဝတရားနှင့် ထိတွေ့ကာ စွန့်စားသွားလာစရာ နေရာများအဖြစ်သာမက ဂေဟဗေဒ၊ ဘူမိဗေဒ၊ ဇီဝဗေဒနှင့် သဘာဝဝန်းကျင် စသည်ဖြင့် စုံလင်လှသော အသိပညာများမျှဝေပေးနေရာ တက္ကသီလာကြီးများ ဖြစ်ပါ သည်။

တချိန်တည်းတွင် သိပ္ပံပညာစူးစမ်းလေ့လာလိုသူများအတွက် လက်တွေ့စမ်းသပ်ကွက်များ ဖော်ဆောင်နိုင်ရန် အထောက်အကူပြုနေသည့် သဘာဝဓာတ်ခွဲခန်းကြီးများ ဖြစ်နေပြန်ပါသည်။ 

Yellowstone အမျိုးသားဥယျာဉ်

၁၈၇၂ ခုနှစ် မတ်လ ၁ ရက်တွင် အမေရိကန်ပြည်ထောင်စု၏ (၁၈) ယောက်မြောက်သမ္မတ ယူလီဆီးဇက်ဂရန့် (Ulysses S. Grant) သည် “အမျိုးသားဥယျာဉ် ကာကွယ်စောင့်ရှောက်ရေးဥပဒေ (National Park Protection Act)” ကို လက်မှတ်ရေးထိုးကာ  အတည်ပြု ပြဋ္ဌာန်းပေးခဲ့သည်။ ထိုဥပဒေအသက်ဝင်သည်နှင့်တပြိုင်နက် Yellowstone သည်လည်း အမျိုးသားဥယျာဉ်ကြီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ယခုဆိုလျှင် ဥယျာဉ်ကြီး၏သက်တမ်းမှာ နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်သည်။ 

Yellowstone သည် ကမ္ဘာပေါ်တွင် ပထမဆုံးထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် အမျိုးသားဥယျာဉ်ကြီးလည်းဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ဧရိယာဧကပေါင်း ၂.၂ သန်း (၃၄၂၁ စတုရန်းမိုင်) ကျယ်ဝန်းသည့် အဆိုပါဥယျာဉ်ကြီးသည် အမေရိကန်ပြည်ထောင်စုအနောက်ပိုင်းရှိ ဝိုင်ယိုမင်း(Wyoming) ၊ မွန်တားနား (Montana) နှင့် အိုင်ဒဟို (Idaho) ပြည်နယ်များပေါ်တွင် တည်ရှိနေသည်။ အမေရိကတွင် ဇီဝမျိုးကွဲအစုံလင်ဆုံး ဒေသကြီးလည်း ဖြစ်ခဲ့သည်။ 

Yellowstone ကို အမျိုးသားဥယျာဉ်ကြီးအဖြစ်သတ်မှတ်ကာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရခြင်း အဓိကရည်ရွယ်ချက်မှာ နောင်လာနောက်သားများအတွက် သဘာဝတောတောင်ရေမြေများနှင့် ဇီဝမျိုးကွဲစုံလင်မှုကို ချန်ထားနိုင်ရန်ပင်ဖြစ်သည်။

ထိုသို့ ဥယျာဉ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်လိုက်ခြင်းအားဖြင့် ယင်းဂေဟစနစ်၏ ဒေသခံ မူရင်းမျိုးစိတ် အတော်များများကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့သည်။ သို့‌သော် သားရဲတိရစ္ဆာန်များကိုမူ ကောင်းစွာ စောင့်ရှောက်ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ အထူးသဖြင့် ဝံပုလွေများမှာ အမျိုးသားဥယျာဉ်ကြီး၏ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးမှုကို မခံခဲ့ရရှာပါ။ 

ဝံပုလွေ ဆိုသည်မှာ အန္တရာယ်ကြီးမားလှသည့် သားရဲတိရစ္ဆာန်ဖြစ်ရာ ၄င်းတို့ မရှိလေ လူသားနှင့် အခြားတိရစ္ဆာန်များအတွက် အန္တရာယ်နည်းပါးလေ ဖြစ်သည်။ ထို့ကြောင့် ဝံပုလွေများကို အမြစ်ပြတ်အောင် ချေမှုန်းလိုက်ပါက အခြားသတ္တဝါနှင့် အပင်များ ပိုမိုရှင်သန် ကြီးထွားဖွံ့ဖြိုးနိုင်ကြမည်၊ ဂေဟစနစ်ကြီးသည်လည်း ပိုမိုကောင်းမွန်ကာ စိမ်းလန်းစိုပြည်နိုင်လိမ့်မည်ဟု ခပ်လွယ်လွယ် ယူဆနိုင်ပါသည်။ 

အခြားတစ်ဖက်တွင်လည်း လူသားတို့၏ သဘာဝအရ မိမိတို့၏ အသက်အန္တရာယ်နှင့် အကျိုးစီးပွားကို အနှောင့်အယှက်ပေးသည့် ဝံပုလွေများကို ရှင်းလင်းဖယ်ရှားပစ်ခြင်းသည် မှန်ကန်သောလုပ်ရပ်၊ တရားမျှတသောလုပ်ရပ်အဖြစ် နှစ်ပေါင်းများစွာ လက်ခံထားကြသည်။

အရိုင်းဆန်သော နယ်သစ်ပယ်သစ်အား ရာစုနှစ်အနည်းငယ်မျှဖြင့် ယနေ့မြင်နေရသော မြို့ပြကြီးများအဖြစ် ပြောင်း လဲပစ်ခဲ့သည့် လူ့ယဉ်ကျေးမှု သမိုင်းတလျှောက်တွင် ဝံပုလွေကဲ့သို့သော တောရိုင်းသားရဲတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်နိုင်ခြင်းက လူသားအကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သည်ဟု ဂုဏ်ယူထားခဲ့ကြသည်။ 

လူတို့ မွေးမြူထားသော တိရစ္ဆာန်များကို ဝံပုလွေအုပ်များက တစ်ခါတရံ ဖမ်းယူစားသောက်တတ်ကြပြန်ရာ လူသားတို့၏ အမြင်တွင် ဝံပုလွေများသည် သူတို့၏ နယ်မြေသို့ လာရောက်ကျူးကျော်ကြသူများ ဖြစ်သည်။ လက်တွေ့အမှန်တရားကို မျှမျှတတ ဆန်းစစ်ကြည့်လျှင်မူ လူသားတို့ကသာ တောရိုင်းသတ္တဝါတို့၏ နယ်မြေစားကျက်များကို အဓမ္မသိမ်းပိုက်ရယူသည့် ကျူးကျော်သူအစစ်များ ဖြစ်ပါသည်။ 

မည်သို့ပင်ဆိုစေကာမူ လူသားတို့၏ အကျိုးစီးပွားနှင့် နှိုင်းယှဉ်သည့်အခါ သဘာဝတရားကြီးကို ထိန်းသိမ်းကာကွယ်ရန်ဟုဆိုကာ ရေးဆွဲပြဋ္ဌာန်းထားခဲ့သည့် “အမျိုးသားဥယျာဉ် ကာကွယ်စောင့်ရှောက်ရေးဥပဒေ” ကြီးသည်ပင်လျှင် Yellowstone မှ ဝံပုလွေများကိုတော့ ခြွင်းချက်ထားကာ အကာအကွယ်မပေးနိုင်ခဲ့ပါ။ ယင်းဥပဒေကြီး ရှိနေသည့်တိုင် ဝံပုလွေများသည် လူသားတို့၏ မဟာရန်သူတော်ကြီး ဖြစ်နေဆဲဖြစ်ပါသည်။ တွေ့ရာမဆိုင်း ရှင်းလင်းပစ်ရမည့် ကျူးကျော်သူများ ဖြစ်နေဆဲ ဖြစ်ပါသည်။ 

ဤသို့ဖြင့် ...။ 

၁၉၂၁ ခုနှစ်အရောက်တွင် စတုရန်းမိုင်ပေါင်း ၃၄၀၀ ကျော်အောင် ကျယ်ဝန်းပြီး သက်ရှိမျိုးစိတ်ပေါင်းများစွာ ရှင်သန်ကျက်စားနေကြသည့် Yellowstone ဂေဟစနစ်ကြီး၏ သဘာဝသံစုံတီးဝိုင်းထဲမှ ဂီတသံတစ်ခုမှာ လုံးဝပျောက်ဆုံးသွားခဲ့ရပါတော့သည်။ 

ဝံပုလွေတို့၏ စွဲစွဲငင်ငင် အူသံများကို Yellowstone တွင် မမြင်ရတော့ပါ။ ဂေဟစနစ်ကြီးအတွင်းမှ ဝံပုလွေဟူသော သားရဲတိရစ္ဆာန်မျိုးစိတ်တစ်ခု ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။   

ဒီနောက် ၂၀ ရာစု အလယ်ပိုင်းလောက် ရောက်လာသည့်အခါမှာတော့ Yellowstone ဂေဟစနစ်ကြီးအတွင်း ကြီးမားသော အပြောင်းအလဲများ ဖြစ်လာပါတော့သည်။ 

အမျိုးသားဥယျာဉ်ကြီးအတွင်း သမင်နှင့် သမင်အနွယ်ဝင် Elk များ အဆမတန် ပွားများလာသည်။ ၄င်းတို့သည် အရွက်စားသတ္တဝါများဖြစ်ရာ ဂေဟစနစ်အတွင်းရှိ ၄င်းတို့၏ အစာဖြစ်သော အပင်များကို အကြီးအကျယ် စားသောက်ကြပါသည်။ အထူးသဖြင့် မြေဆီလွှာထိန်းသိမ်းမှုနှင့် မြစ်ကမ်း နံဘေးများ မြစ်ရေတိုက်စားမှုဒဏ် မခံရအောင် ကာကွယ်ပေးသည့် အပင်များမှာ Elk များ၏ ကိုက်ဖျက် စားသောက်မှုကြောင့် နာလန်မထူနိုင်တော့အောင်ပင် ဖြစ်လာသည်။ 

အပင်များ လျော့ပါးသွားခြင်းကြောင့် အပင်များကို မှီခိုကာနေထိုင်ကြသည့် အခြားသတ္တဝါများ ပျက်စီးကုန်သည်။ တချို့ နေရာရွှေ့ပြောင်းကုန်ကြသည်။ 

သစ်ပင်ကြီးများပေါ်တွင် အသိုက်ဆောက်ကာ ရှင်သန်ပွားများကြသည့် ငှက်မျိုးစိတ်များအတွက် Yellowstone သည် နေစရာမကောင်းတော့ပါ။ ငှက်တွေ မရှင်သန်တော့သည့်အခါ အပင်များ ဝတ်မှုန်ကူးခြင်း၊ မျိုးစေ့များကျဲဖြန့်ခြင်း အစရှိသည့် သစ်တော၏ ပေါက်ရောက်ရှင်သန်မှုကို အားနည်းလျော့ပါးစေသည်။ 

သစ်ပင်များကို ကိုက်ဖျက်စားသောက်ကာ ရှင်သန်နေထိုင်ကြသည့် ဘီဗာ (beaver) များသည်လည်း Yellowstone တွင် မပျော်ပိုက်တော့ပါ။ ဘီဗာများသည် သူတို့၏ ရှည်လျားချွန်ထက်သည့် သွားများဖြင့် သစ်ပင်များကို ကိုက်ဖျက်လှဲချကြသည်။ ထို့နောက် ယင်းသစ်ပင်များကို အသုံးပြုကာ မြစ်ချောင်းများအတွင်း သဘာဝ ရေတားဆည်ကလေးများကို ဆောက်လုပ်ကြသည်။ ယခုတော့ ဘီဗာများ မရှိတော့။ ထို့အတွက် ရေကန်ငယ်လေးများ မရှိတော့ဘဲ၊ မြစ်များက ရေစီးသန်လာသည်။ နွေအခါ ရေခမ်းလာသည်။ 

အကျိုးဆက်က ငါးနှင့် အခြားရေနေသတ္တဝါမျိုးစိတ်များအတွက် နေထိုင်ရှင်သန်ရန် မဖြစ်နိုင်တော့ခြင်းပင်။ ငါးတွေ မရှိတော့သည့်အခါ ငါးစားသည့် သတ္တဝါမျိုးစိတ်တွေအတွက် ရှင်သန်ရန် ခက်လာပြန်သည်။ အထင်ရှားဆုံးက ဝက်ဝံနှင့် မြေခွေးတွေ ဖြစ်သည်။ ၄င်းတို့ဖမ်းယူစားသုံးရန် ငါးများ Yellowstone တွင် လျော့နည်းလာခဲ့ပြီဖြစ်သည်။ 

Yellowstone ရှိ မျိုးစိတ်များစွာအနက်မှ ဝံပုလွေဟူသော မျိုးစိတ်တစ်ခုကို ဖယ်ရှားပစ်လိုက်ရုံဖြင့် ဂေဟစနစ်ကြီးအတွင်း အကျိုးဆက်တွေ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာခဲ့ပြန်သည်။ 

Yellowstone သည် ရှင်လျက်နှင့် သေဆုံးလာနေပေပြီ။ ရှင်သန်စိမ်းလန်းပြီး သားမျိုးစုံလင်လှသည့် Yellowstone အဖြစ် ပြန်လည်အသက်သွင်းလိုကြသည်။ 

သို့တိုင်အောင် Yellowstone အမျိုးသားဥယျာဉ်၏ ဂေဟစနစ်ကြီးသည် မည်သို့ မည်ပုံ သေဆုံးလာသည်ကို လည်းကောင်း၊ မည်သို့ ပြန်လည်ကာ အသက်သွင်းရမည်ကို လည်းကောင်း ၁၉၆၀ ပြည့်လွန်နှစ်များအထိစနစ်တကျ နားလည်နိုင်စွမ်း မရှိခဲ့ကြတော့ပါ။ 

#ခိုင်ကြည်သစ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်