ကီးစတုန်းမျိုးစိတ်များ မိတ်ဆက် - ၁၀
#ကာကွယ်ဆေး_ကီးစတုန်းမျိုးစိတ်နှင့်_ဆာရန်ဂတ်တီ
ဆာရန်ဂတ်တီ (Serengeti)။ တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်းရှိ ကြီးမားကျယ်ပြန့်သော ဆာရန်ဂတ်တီ မြက်ခင်း ပြင်ကျယ်ကြီးသည် အာဖရိကတိုက်အတွက်သာမက ကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ ထူးခြားသည့် ဂေဟစနစ်ကြီးတစ်ခုဖြစ်သည်။
မျက်စိတစ်ဆုံး ကျယ်ပြန့်လှသည့် မြက်ခင်းပြင်ကျယ်ကြီးသည် မိုးကုပ်စက်ဝိုင်းကို ကျော်လွန်အောင် ကျယ်ပြန့်နေသည်။ ဆာရန်ဂတ်တီဆိုသည့်အမည်မှာ ဒေသခံ Maasai လူမျိုးတို့၏ ဘာသာစကားအရ “အဆုံးမရှိသည့်လွင်ပြင်ကျယ် (endless plains) ဟု အဓိပ္ပာယ်ရသည်။
စတုရန်းကီလိုမီတာ ၃၀၀၀၀ (စတုရန်းမိုင် ၁၂၀၀၀) ဝန်းကျင်ကျယ်ဝန်းသည့် ဆာရန်ဂတ်တီက များပြားလှသော အာဖရိက၏ တောရိုင်းတိရစ္ဆာန်များအတွက် ရှင်သန်နေထိုင်ရာဖြစ်သည်။ ထိုဂေဟစနစ်ကြီးပေါ်တွင် ဆာရန်ဂတ်တီအမျိုးသားဥယျာဉ်ကိုလည်း သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက်နေသည်။
စတုရန်းကီလို မီတာ ၁၅၀၀၀ ခန့် ကျယ်ဝန်းသည့် ယင်းဥယျာဉ်ကြီးမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်လည်း ဖြစ်သည်။ ဇီဝမျိုးကွဲ စုံလင်လှသည့် ယင်းဥယျာဉ်ကြီးအတွင်း ခွာကွဲသတ္တဝါကောင်ရေ ၂ သန်းကျော်၊ ခြင်္သေ့ကောင် ရေ ၄၀၀၀ ကျော်၊ ကျားသစ် ၁၀၀၀၀ ကျော်နှင့် ချီတာ ၅၅၀ ကျော် နေထိုင်သည်။ လွင်ပြင်ကြီး အတွင်း ငှက်မျိုးစိတ်ပေါင်း ၅၀၀ ကျော်ကိုလည်း တွေ့ရှိရသည်။
ထိုမျှကြီးမားကျယ်ဝန်းပြီး သက်ရှိမျိုးစိတ်နှင့် ကောင်ရေထူထပ်များပြားလှသည့် ဆာရန်ဂတ်တီ ဂေဟရပ်ဝန်းကြီးကို အရှည်သဖြင့် တည်တံ့အောင် မည်သည့်မျိုးစိတ်များက ထိန်းကျောင်းထားပါသနည်း။ ထိုမေးခွန်းသည် သိပ္ပံပညာရှင်များအတွက်သာမက သဘာဝဝန်းကျင်ကို သာမာန်မျှမြတ်နိုးသူများအတွက်ပင်လျှင် စိတ်ဝင်စားစရာမေးခွန်းတစ်ခုဖြစ်သည်။
၁၉၄၀ ခုနှစ်တွင် ဆာရန်ဂတ်တီသည် အမျိုးသားဥယျာဉ်အဖြစ် စတင်သတ်မှတ်ခံခဲ့ရသည်။ သို့တိုင်အောင် ဆာရန်ဂတ်တီအကြောင်း လေ့လာသုတေသနပြုမှုများက အလွန်ပင်နည်းပါးခဲ့သည်။ ၁၉၅၀ ဝန်းကျင်မှ စတင်ကာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း အများစုမှာ ဥယျာဉ်ကြီးအတွင်းရှိ သက်ရှိမျိုးစိတ်များ၏ ကောင်ရေကို စာရင်းကောက်ယူခြင်း၊ ခန့်မှန်းတွက်ချက်ခြင်း လုပ်ငန်းများသာ ဖြစ်သည်။ ထိုတိရစ္ဆာန်ကောင်ရေ စာရင်းများကပင် စိတ်ဝင်စားဖွယ် အချက်အလက်တစ်ခုကို ဖော်ထုတ်ပေးခဲ့သည်။
ယင်း စိတ်ဝင်စားဖွယ်အချက်ဆိုသည်မှာ ဆတ်ကျွဲ (Wildebeest) များ၏ ကောင်ရေတိုးပွားမှုနှုန်းပင် ဖြစ်ပါသည်။သုတေသနစတင်ခါစက ဆာရန်ဂတ်တီတွင် ဆတ်ကျွဲကောင်ရေ ၂ သိန်းခွဲခန့် ရှိခဲ့သည်။ နောက်နှစ်အနည်းငယ်အတွင်း ဆတ်ကျွဲကောင်ရေမှာ ၄ သိန်းခန့် ဖြစ်လာသည်။ ထို့နောက် နှစ်အနည်းငယ်အတွင်းမှာပင် ကောင်ရေ ၇ သိန်းခန့်အထိ ဖြစ်လာသည်။ ၁၉၇၅ ခုနှစ်ဝန်းကျင်တွင် ကောင်ရေ ၁၄ သိန်းခန့်အထိ တိုးပွားလာတော့သည်။
ကုန်းမြေပေါ် တွင်နေထိုင်ပြီး အရွယ်အစားကြီးမားလှသည့် သတ္တဝါမျိုးစိတ်တစ်ခုအတွက် ထိုမျှ အကောင်ရေ တိုးပွားနှုန်းမြင့်မားမှုမှာ သိပ္ပံပညာရှင်တို့အတွက် စိတ်ဝင်စားဖွယ်ရာဖြစ်သလို၊ မဖြစ်မနေ စူးစမ်းလေ့လာရန် လိုအပ်သည့် အခြေအနေလည်း ဖြစ်သည်။
ထို့အပြင် စိုးရိမ်ပူပန်စရာ အခြေအနေတစ်ခုလည်း ဖြစ်နေပြန်သည်။ ဆတ်ကျွဲများက ထိုထက်ပို၍ အဆမတန် ပွားများလာဦးမည်လား၊ မည်မျှအထိ ပွားများလာမည်နည်း၊ အခြားသတ္တဝါများအတွက် မည်သို့သော သက် ရောက်မှုများ ဖြစ်လာနိုင်သနည်း၊ ဆာရန်ဂတ်တီကို ဆတ်ကျွဲများက ဖျက်ဆီးပစ်တော့မည်လား၊ အစရှိသည့် မေးခွန်းပေါင်းများစွာ ပေါ်ထွက်လာသည်။
ဆတ်ကျွဲများ၏ အကောင်ရေ အလွန်အမင်းပွားများလာမှုကို ဆန်းစစ်ရန်အတွက် သုတေသနလုပ်ငန်းများ မစတင်မီ အခြေအနေများကို ပြန်လှန်လေ့လာရန် လိုအပ်လာသည်။ အတိတ်ကို ခြေရာခံကြည့်သည့်အခါ အရှိန်အဟုန်ဖြင့် ပွားများလာနေသည့် ဆတ်ကျွဲများ၏ ဇာတ်လမ်းကို ရှင်းလင်းပြတ်သားစွာ မြင်လာရမည် ဖြစ်ပါသည်။
၁၉၅၀ ပြည့်လွန်နှစ်များအထိ နွားပလိပ်ရောဂါ (Rinderpest) သည် ကမ္ဘာအနှံ့ရှိ ကျွဲ၊ နွား အစရှိသည့် စားမြုံ့ပြန်သတ္တဝါများကို ဒုက္ခပေးလျက်ရှိသည်။
ထိုရောဂါသည် ၁၈၉၀ ပြည့်လွန်နှစ်များတွင် အာဖရိကသို့ စတင်ရောက်ရှိကာ ပျံ့နှံ့လာခဲ့သည်။ ရောဂါကူးစက်ခံရသည့် တိရစ္ဆာန်အုပ်များအတွင်း သေနှုန်းမှာ ၁၀၀ ရာခိုင်နှုန်းအထိ မြင့်မားသည့် ထိုရောဂါသည် ဆာရန်ဂတ်တီ ၏ ဆတ်ကျွဲများကိုလည်း အလွတ်မပေးခဲ့ပါ။ ၁၉၀၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကအရှေ့ပိုင်းရှိ ဆတ်ကျွဲနှင့် အာဖရိကကျွဲကောင်ရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းမှာ နွားပလိပ်ရောဂါဖြင့် သေဆုံးခဲ့ကြရသည်။
ထို့ကြောင့်ပင် ၁၉၅၀ ပြည်လွန်နှစ်များအတွင်း ဆာရန်ဂတ်တီရှိ တိရစ္ဆာန်ကောင်ရေ သန်းခေါင်းစာရင်း ကောက်ယူသည့်အခါ ဆတ်ကျွဲ အရေအတွက်မှာ ၂ သိန်းခွဲ၊ ၃ သိန်းဝန်းကျင်သာ ရှိနေခြင်း ဖြစ်သည်။
ဆာရန်ဂတ်တီဂေဟစနစ်အတွင်းမှ ဆတ်ကျွဲများကို နွားပလိပ်ရောဂါ ဗိုင်းရပ်စ် ဟူသော အဏုဇီဝပိုးမွှားလေးများက ဖယ်ရှားပစ်လိုက်ခြင်းသည် ထင်မှတ်မထားသော အကျိုးဆက်များကို ဆက်လက်ဖြစ်ပေါ်စေကြောင်း ပညာရှင်များ တွေ့ရှိခဲ့ကြရသည်။
ဆာရန်ဂတ်တီမြက်ခင်းပြင်၏ အဓိကပေါက်ပင်မှာ မြက်ရိုင်းပင်များပင် ဖြစ်သည်။ ထို့ကြောင့်ပင် ဆာရန်ဂတ်တီကို မြက်ခင်းပြင် (grassland) ဟု ခေါ်တွင်ရခြင်းဖြစ်သည်။ ယင်းမြက်များကို ဆတ်ကျွဲ၊ အာဖရိကကျွဲ၊ ဆင်၊ တောဆိတ်၊ သမင်၊ ဒရယ်၊ မြင်းကျား အစရှိသည့် မြက်စား သတ္တဝါများက စားသုံးကာ ရှင်သန်နေထိုင်ကြသည်။ သို့သော် မြက်ခင်းပြင်ကြီးကို အဓိကထိန်းချုပ်ထားသည်ကတော့ ဆတ်ကျွဲများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆာရန်ဂတ်တီတွင် အကောင်ရေအများဆုံး မျိုးစိတ်မှာ ဆတ်ကျွဲများဖြစ်နေခြင်းကြောင့်ပင်။ ဆတ်ကျွဲမှလွဲ၍ ဆာရန်ဂတ်တီတွင် အကောင်ရေအများဆုံးတွေ့ရသည့် အခြားမျိုးစိတ် ၁၂ ခု ၏ တိရစ္ဆာန် အားလုံးပေါင်းလျှင်ပင် ဆတ်ကျွဲကောင်ရေ စုစုပေါင်းကို မမီပေ။
ဆတ်ကျွဲ တစ်ကောင် တစ်ရက်စားသည့် မြက်ပမာဏသည့် များလှသည်တော့ မဟုတ်ပါ။ သို့သော် ဆတ်ကျွဲ အကောင်ရေ သန်းနှင့်ချီရှိနေမည်ဆိုပါက တစ်ရက်တိုင်းတွင် ဆာရန်ဂတီ မြက်ခင်းပြင်မှ ထုတ်ယူပစ်မည့် ပမာဏမှာ နည်းလှမည် မဟုတ်ပါ။ ဆတ်ကျွဲကောင် ရေ တစ်သန်းခွဲသည် နေ့စဉ် မြက်အလေးချိန် ပေါင် သန်း ၉၀၀ ခန့် စားသောက်မည် ဖြစ်သည်။ ထို့ကြောင့် ဆတ်ကျွဲများ ၉၀ ရာခိုင်နှုန်း လျော့နည်းသွားခြင်းသည် ဆာရန်ဂတ်တီ၏ ဂေဟစနစ်အပေါ် သက်ရောက်မှု အလွန်ကြီးမားခဲ့သည်။
မြက်ရိုင်းတောကြီးကို စားသောက်မည့် ဆတ်ကျွဲများ မရှိတော့သဖြင့် မြက်ရိုင်းများ အလွန်အကျွံ ထူထပ်လာသည်။ ခြောက်သွေ့ရာသီသို့ ရောက်ရှိသည့်အခါ ယင်းမြက်ရိုင်းများမှာ ခြောက်သွေ့သွားပြီး မီးလောင်မှုများ ဖြစ်ပေါ်လာသည်။ မြက်ရိုင်းခြောက်များမှ စတင်သည့် တောမီးသည် အခြားသော အပင်ကြီးများဆီသို့ပါ ကူးစက်ကာ ဆာရန်ဂတ်တီတွင် နေထိုင်ကြသည့် သတ္တဝါအားလုံးအတွက် ရှင်သန်ဖို့ ခက်ခဲလာတော့သည်။ အချိန်ကြာလာသည့်အခါ ဂေဟစနစ်အတွင်း ဇီဝမျိုးကွဲစုံလင်မှု ကျဆင်းလာတော့သည်။
၁၉၆၀ ပြည့်နှစ်တွင် အင်္ဂလိပ်လူမျိုး၊ တိရစ္ဆာန်ဆေးကုသိပ္ပံပညာရှင် ဝေါ်လ်တာ ပလော်ရိုက် (Walter Plowright) က နွားပလိပ်ရောဂါ ကာကွယ်ရေးအတွက် ကျယ်ကျယ်ပြန့် ပြန့်အသုံးပြုနိုင်မည့် ကာကွယ်ဆေး (Tissue Culture Rinderpest Vaccine - TCRV) ကို ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းကာကွယ်ဆေးသည် တစ်ကမ္ဘာလုံးရှိ မွေးမြူရေးတိရစ္ဆာန်များစွာကို နွားပလိပ်ရောဂါဘေးမှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခဲ့သည်။ ကမ္ဘာမြေပေါ်မှ လုံးဝ ဖယ်ရှားတိုက်ဖျက်နိုင်သည့် ရောဂါဟူ၍ ယနေ့အချိန်အထိ နှစ်မျိုးသာ ရှိသေးပြီး၊ ယင်းအနက် တစ်မျိုးမှာ နွားပလိပ်ရောဂါ ဖြစ်သည်။
ကာကွယ်ဆေးကို ထိထိရောက်ရောက် အသုံးချလာခြင်းဖြင့် ဆယ်စုနှစ်တစ်ခုခန့်အတွင်း နွားပလိပ်ရောဂါကို ထိန်းချုပ်နိုင်သည့်အနေအထားသို့ ရောက်ရှိလာသည်။ ကာကွယ်ဆေးသည် မွေးမြူရေးတိရစ္ဆာန်များကိုသာမက တောရိုင်းတိရစ္ဆာန်များကိုပါ ကာကွယ်မှုပေးနိုင်ခဲ့သည်။ ထို့ကြောင့်ပင် နောက်ပိုင်းနှစ်များတွင် ဆတ်ကျွဲများ၏ အရေအတွက်မှာ နှစ်စဉ်လိုလို တိုးတက်လာပြီး ကောင်ရေ ၁.၄ - ၁.၅ သန်းခန့်အထိ ရောက်ရှိလာခြင်း ဖြစ်သည်။
ဆတ်ကျွဲအကောင်ရေ တိုးတက်လာသည်နှင့်အမျှ မြက်ခြောက်ထွက်ရှိမှုက လျော့ကျလာသည်။ မြက်ခြောက်မှ မီးမလောင်တော့သည့်အခါ တောမီးလောင်ကျွမ်းမှုလည်း လျော့ကျလာသည်။ အပင်ကြီးများ ပိုများလာသည့်အခါ သစ်ကုလားအုပ်၊ ဆင် အစရှိသည့် အရွယ်အစားကြီးမားသည့် သတ္တဝါများအတွက် အစာပိုမိုရရှိလာပြီး အကောင်ရေ တိုးပွားလာသည်။ အပင်ကြီးများရှိသဖြင့် ငှက်ရိုင်းများလည်း ပြန်လည်ရောက်ရှိလာသည်။
ဆတ်ကျွဲများသည် မြက်စားရာတွင် အပင်အတိုလေးများ၊ အရွက်နုလေးများကိုသာ ရွေးချယ်စားသောက်ကြသည်။ မြင်းကျားများကတော့ဖြင့် မြက်ပင်ကို သိပ်ရွေးချယ်ခြင်း မရှိကြ။ ထို့ကြောင့် ဆတ်ကျွဲအုပ်ထဲတွင် မြင်းကျားအချို့ ရောနှောနေတတ်သည်ကို တွေ့ရနိုင်သည်။ မြက်ခင်းတွင်ရှိသော မြက်အရင့်များကို မြင်းကျားများက အရင်စားနှင့်သည်။ ကျန်ရှိသည့် မြက်အတိုကလေးများနှင့် မြက်နုကလေးများကို ဆတ်ကျွဲများက အဆင်သင့်စားရန် ပြင် ဆင်ပေးလိုက်သလို ဖြစ်နေသည်။ ထိုသို့ အစာကို ယှဉ်တွဲစားသောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီသည့် သဘာဝကြောင့် ဆတ်ကျွဲကောင်ရေ တိုးပွားမှုနှင့်အတူ မြင်းကျားအရေအတွက်လည်း တိုးလာသည်။
အရွက်စားသတ္တဝါများ များလာသည်နှင့်တစ်ဆက်တည်းတွင် ခြင်္သေ့၊ ကျားသစ်၊ ချီတာ အစရှိသည့် သားရဲတိရစ္ဆာန်များ ပြန်လည်ပေါများလာသည်။ အထူးသဖြင့် ခြင်္သေ့ကောင်ရေမှာ သိသိသာသာတိုးပွားလာသည်ကို တွေ့ရသည်။
ဆတ်ကျွဲများ ပြန်လည်ရှင်သန်ပွားများလာခြင်းနှင့်အတူ ဆာရန်ဂတ်တီဂေဟစနစ်သည်လည်း ပြန်လည်နိုးထလာပြီဖြစ်သည်။ ယခုဆိုလျှင် ဆာရန်ဂတ်တီသည် စိမ်းစိုပြီး ဇီဝမျိုး စုံလင်လှသည့် ဂေဟစနစ်ကြီး ဖြစ်နေပေပြီ။ နို့တိုက်သတ္တဝါမျိုးစိတ် ၇၀ ကျော်နှင့် ငှက်မျိုးစိတ်ပေါင်း ၅၀၀ ကျော်တို့ကို ဆာရန်ဂတ်တီတွင် တွေ့နိုင်သည်။
ယေဘုယျအားဖြင့် ဂေဟစနစ်တစ်ခုတွင် သားရဲတိရစ္ဆာန်များကို ကီးစတုန်းမျိုးစိတ်များအဖြစ် တွေ့ရတတ်သည်။ သို့သော်လည်း ဆာရန်ဂတ်တီဂေဟစနစ်ကို ကီးစတုန်းမျိုးစိတ်အဖြစ် ထိန်းကျောင်းပေးနေသည်က ကောင်ရေ တစ်သန်းခွဲခန့်ရှိသော အရွက်စားသတ္တဝါ ဆတ်ကျွဲများဖြစ်နေသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ဆတ်ကျွဲများကို နွားပလိပ်ရောဂါက ဖယ်ရှားပစ်ထားလိုက်သည့် ၁၉၆၀ မတိုင်မီ ကာလများတွင် ဆာရန်ဂတ်တီ၏ ဂေဟစနစ်မှာ ကီးစတုန်းကို ဖယ်ရှားပစ်လိုက်သည့် ရောမခေတ်အမိုးခုံးကဲ့သို့ ပြိုကျပျက်စီးလာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
ဆာရန်ဂတ်တီ၏ ကီးစတုန်းမျိုးစိတ်ကို ရှာဖွေဖော်ထုတ်နိုင်ပြီးနောက်၊ စိတ်ဝင်စားစရာ မေးခွန်းတစ်ခု ကျန်ရှိနေပါသေးသည်။ ဆတ်ကျွဲများသည် ဂေဟစနစ်ကို ထိန်းကျောင်းပေးထားသည့် ကီးစတုန်းမျိုးစိတ်ဖြစ်သော်လည်း ၄င်းတို့သည့် သားရဲတိရစ္ဆာန်များ မဟုတ်ပါ။ အရွက်စားသတ္တဝါများသာ ဖြစ်ပါသည်။ သို့ဆိုလျှင် ဆတ်ကျွဲများက ဆာရန်ဂတ်တီမြက်ခင်းကြီးကို ပြောင်စင်သွားအောင် မစားသောက်ပစ်နိုင်ရန်အတွက် ဆတ်ကျွဲကောင်ရေကို ထိန်းချုပ်ရန် လိုအပ်မည် ဖြစ်ပါသည်။
စာရင်းများအရ ၁၉၇၀ နှင့် ၁၉၈၀ အကြားတွင် ၁ သန်းခွဲခန့် ဖြစ်လာသော ဆတ်ကျွဲကောင်ရေသည် အလွန်အကျွံ ဆက်လက်တိုးတက်မလာတော့ဘဲ၊ ၁ သန်းခွဲဝန်းကျင်တွင် ကျလိုက်၊ တက်လိုက်ဖြင့် နှစ်ပေါင်းများစွာ ဆက်လက်ထိန်းသိမ်းထားသည်ကို တွေ့ရှိရသည်။ ထိုသို့ ဂေဟစနစ်အတွင်း သင့်လျော်သည့်အနေအထားကို မည်သည့်အချက်က ထိန်းသိမ်းထားပါသနည်း။ ဆက်လက်လေ့လာကြည့်ရန် လိုအပ်ပါသည်။
#ခိုင်ကြည်သစ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။