ကီးစတုန်းမျိုးစိတ်များ မိတ်ဆက် - ၁၂
မာရာ (Mara) မြစ်။
တန်ဇန်းနီးယားနိုင်ငံ ဆာရန်ဂတ်တီ မြက်ခင်းပြင်ကြီးအလယ်တွင် အရှေ့နှင့် အနောက်ကို ကန့်လန့်ဖြတ်ကာ မာရာမြစ်ကြီးက စီးဆင်းနေသည်။ မာရာ၏ တစ်ဖက်ကမ်းဖြစ်သော တောင်ဘက်အခြမ်းတွင် မရေမတွက်နိုင်လောက်အောင် များပြားလှသည့် တိရစ္ဆာန်များသည် မြစ်ဆီသို့ ဦးတည်ကာ ရွေ့လျားလာကြသည်။
တခဏအကြာတွင် အရှေ့ဆုံးမှ ဦးဆောင်လာသော တိရစ္ဆာန်အချို့မှာ မြစ်ကမ်းပါး သို့ ရောက်ရှိလာပြီး သူတို့ခရီးကို ခေတ္တရပ်ဆိုင်းဖို့ ကြိုးစားလိုက်သည်။ သူတို့သည် မြစ်တစ်ဖက်ကမ်းကိုရောက်လိုသော ဇောဖြင့်လည်းကောင်း၊ မြစ်ပြင်ကိုဖြတ်ရန် ကြောက်ရွံ့သောစိတ်ဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာသော အကြည့်ဖြင့်လည်းကောင်း မတည်မငြိမ် ဖြစ်နေရှာကြသည်။
ဆာရန်ဂတ်တီ၏ ခြောက်သွေ့ရာသီမို့ ယင်းဂေဟစနစ်၏ ကီးစတုန်းမျိုးစိတ်ဖြစ်သော သန်းနှင့်ချီသည် ဆတ်ကျွဲအုပ်ကြီးသည် ရေကြည်ရာမြက်နုရာ ရှာရန်အတွက် တောင်မှမြောက်သို့ ခရီးနှင်လာခဲ့ရင်း မာရာမြစ်ကမ်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။
ကီလိုမီတာပေါင်း ၁၀၀၀ ဝန်းကျင်ရှိသည့် အဆိုပါခရီးရှည်ကြီးသည် ဆတ်ကျွဲများအတွက် အပျော်ခရီး သတ်သတ်တော့ဖြင့် မဟုတ်ပါ။ မျိုးစိတ်တစ်ခုလုံး၏ ရှင်သန်ရေး၊ ဂေဟစနစ်ကြီး၏ ရှင်သန်ရေးအတွက် သဘာဝကပေးအပ်သည့် တာဝန်ကို စွမ်းစွမ်းတမံ ထမ်းရွက်ရသည့် အန္တရာယ်များသော ခရီးကြမ်းတစ်ခု ဖြစ်ပါသည်။ ထိုခရီးစဉ်အတွင်း သဘာဝတရား၏ ခက်ထန်သော ရိုက်ပုတ်မှုဒဏ်ကို ဆတ်ကျွဲ အချို့ ခံယူကြရမည်ဖြစ်သည်။ ခရီးစဉ်တစ်ခုသည် ဆတ်ကျွဲအုပ်ထဲမှ တချို့အတွက် သူတို့ဘဝ၏ နောက်ဆုံးခရီးစဉ် ဖြစ်နိုင်ပါသည်။
ဆတ်ကျွဲအုပ်ကြီး တစ်ခုလုံး မြစ်ကမ်းပါးကို ရောက်ရှိလာကြပြီးနောက် ရုတ်တရက် ဆိုသလိုပင် မာရာမြစ်ပြင်ကျယ်တွင် အင်အားအလွန်ပြင်းသော မုန်တိုင်းတစ်ခု တိုက်ခတ်ပါတော့သည်။ လေမုန်တိုင်း မဟုတ်ပါ။ ထောင်ပေါင်းများစွာသော ဆတ်ကျွဲများ မြစ်တစ်ဖက်ကမ်းသို့ အုပ်စုလိုက် အလျင်အမြန်ဖြတ်ကူးကြသည့် ဆတ်ကျွဲမုန်တိုင်းကြီးပင်ဖြစ်ပါသည်။
မာရာမြစ်သည် သူ့အတိုင်းပင်လျှင် ဆတ်ကျွဲများအတွက် အန္တရာယ်ကြီးပြီးသား ဖြစ်သည်။ ဘူးလေးရာ ဖရုံဆင့်သည့်ကိစ္စမှာ မာရာမြစ်အတွင်း ဆတ်ကျွဲများကို စောင့်ကြိုနေကြသည့် သားရဲတိရစ္ဆာန်များ ရှိနေခြင်းပင်။
ဆာလောင်မွတ်သိပ်မှုအတိပြီးသည့် မိကျောင်းများအတွက် မာရာမြစ်ကို ဖြတ်ကူးသည့် ဆတ်ကျွဲအုပ်သည် အဝစား ဘူဖေးစနစ်ဖြင့် တည်ခင်းသည့် စားသောက်ပွဲတော်ကြီး တစ်ခုပင်။
ဆတ်ကျွဲအုပ်ကြီး တစ်ဖက်ကမ်းသို့ ရောက်ရှိသွားပြီးချိန်တွင် မြစ်အတွင်းမှာတော့ဖြင့် ဆတ်ကျွဲအသေကောင်များ ပြန့်ကျဲနေသည်ကို စိတ်မချမ်းမြေ့စရာ တွေ့မြင်ရမည်ဖြစ်သည်။ အချို့မှာ မိကျောင်းများကြောင့် သေဆုံးကြရခြင်း ဖြစ်ပြီး၊ အများစုမှာမူ အုပ်စုလိုက် မြစ်ကို ဖြတ်ကူးစဉ်အတွင်း ရေနစ်သေဆုံးကြရခြင်း ဖြစ်သည်။
ဆတ်ကျွဲကောင်ရေ ထောင်ပေါင်းများစွာသည် မာရာမြစ်အတွင်း နှစ်စဉ်သေဆုံးကြရသည်။ တနည်းအားဖြင့် ဆတ်ကျွဲအသေကောင် တန်ချိန်ပေါင်းများစွာသည့် နှစ်စဉ် မာရာမြစ်ထဲသို့ ကျရောက်နေသည်။ အသေကောင်များမှ ပျော့ပြောင်းသော တစ်သျှူးအများစုမှာ အချိန်တိုအတွင်း ပုပ်သိုး ဆွေးမြည့်သွားကြသည်။ မာကျောသည့် အရိုးများမှာမူ လပေါင်းများစွာကြာမှ သို့မဟုတ် နှစ်နှင့်ချီကာကြာမှ ဆွေးမြည့်သွားကြမည် ဖြစ်သည်။
ထိုအဆွေးအမြည့်များသည် လူတို့အတွက် ရွံစရာဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် သဘာဝတရားအတွက်မူ အဆွေးအမြေ့များသည် မြေဆီလွှာကို အာဟာရထောက်ပံ့မည့် အရင်းအမြစ်များပင် ဖြစ်ပါသည်။ ဥပမာ ဆတ်ကျွဲများ၏ အရိုးများတွင် ကယ်လ်ဆီယမ်၊ ဖော့စဖရပ်၊ ကာဗွန် အစရှိသဖြင့် အပင်များအတွက် အဖိုးတန်လှသည့် မြောက်များလှစွာသော အာဟာရဓာတ်များ ကျန်ရှိနေမည် ဖြစ်ပါသည်။
၄င်းတို့ကို မာရာမြစ်က မြစ်ကြောင်းတလျှောက်ရှိ ဂေဟစနစ်အတွင်း ဖြန့်ဝေပို့ချခြင်းဖြင့် ဂေဟစနစ်ကို ထောက်ပံ့ပေးလျက်ရှိပါသည်။ အာဟာရဓာတ်များ အများဆုံးရောက်ရှိသွားသည်က မြက်ခင်းများဆီသို့ပင်။ ဆတ်ကျွဲများ၏ ခန္ဓာကိုယ်မှဖြစ်သော အာဟာရဓာတ်များက မြက်ခင်းများရှင်သန်ရေးကို ပံ့ပိုးကူညီပေးနေပြီး မြက်ခင်းများက ဆတ်ကျွဲများအတွက် အစာအဖြစ် ပြန်လည်ထောက်ပံ့ပေးနေပေသည်။
တန်ဇန်းနီးယားနိုင်ငံအတွက်သာမက အာဖရိကတိုက်အတွက်ပါ သဘာဝကပေးသော ရတနာတစ်ပါး ဖြစ်သည့် ဆာရန်ဂတ်တီဂေဟစနစ်ကြီးကို ဆတ်ကျွဲကောင်ရေတစ်သန်းခွဲခန့်က ကီးစတုန်းမျိုးစိတ်များအဖြစ် ထိန်းကျောင်းပေးနေသည်။
ဆတ်ကျွဲများကြောင့် ဆာရန်ဂတ်တီတွင် မြက်ခြောက်များ လျော့ကျသွားကာ တောမီးလောင်မှုလည်း လျော့နည်းသွားသည်။ ထို့အတွက် အခြားအပင်များ ပြန်လည်ရှင်သန်လာသည်။ အပင်များကြောင့် ငှက်နှင့်အခြားမျိုးစိတ်များ ပြန်လည်ပေါ်ထွန်းလာသည်။ ဆတ်ကျွဲများရှိသဖြင့် ၄င်းတို့ကို ဖမ်းယူကာ စားသောက်ရှင်သန်ကြမည့် သားရဲတိရစ္ဆာန်များလည်း ပြန်လည်နေထိုင်လာကြသည်။
ဤရှင်းလင်းချက်သည် ရိုးရှင်းလွယ်ကူပြီး မြင်သာလှပါသည်။ သို့သော် ဆာရန်ဂတ်တီဂေဟစနစ်ကြီး တစ်ခုလုံးအပေါ် ဆတ်ကျွဲများက ထိန်းကျောင်းထားသည့် လက်တွေ့အသေးစိတ်ဖြစ်စဉ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ယင်းရှင်းလင်းချက်မှာ အပေါ်ယံ ဆန်လွန်းနေပါသည်။ ကီးစတုန်းမျိုးစိတ်တစ်ခု၏ ဂေဟစနစ်အပေါ် ထိန်းကျောင်းထားပုံကို ပိုမိုနက်ရှိုင်းစွာ လေ့လာကြည့်သင့်ပါသည်။
မာရာမြစ်ကို ဖြတ်ကူးရင်း နှစ်စဉ်သေဆုံးခဲ့သော ဆတ်ကျွဲများသည် ဆာရန်ဂတ်တီ ဂေဟစနစ်၏ အခြေခံအကျဆုံးဖြစ်သော မြက်ခင်းပြင်ကြီးအတွက် အာဟာရဓာတ် ထောက်ပံ့ပေးနေခြင်းသည်ပင်လျှင် ကီးစတုန်းမျိုးစိတ်၏ ရှုပ်ထွေးနက်ရှိုင်းပြီး အသေးစိတ်ကျသော တာဝန်ထမ်းဆောင်ပုံ၏ တစ်စိတ်တစ်ဒေသသာ ဖြစ်ပါသည်။ ဆတ်ကျွဲများသည် ဂေဟစနစ်ကို အခြားသော နည်းလမ်းများဖြင့်လည်း အာဟာရထောက်ပံ့ကာ ဇီဝမျိုးကွဲစုံလင်မှုနှင့် ဂေဟစနစ်၏ ရေရှည်တည်တံ့နိုင်မှုကို အဓိကနေရာမှ တာဝန်ယူထားပါသည်။
ဆာရန်ဂတ်တီမြက်ခင်းပြင်ကြီးအတွင်း ခြင်္သေ့တစ်အုပ်က ဆတ်ကျွဲတစ်ကောင်ကို ဖမ်းမိကာ သတ်ဖြတ်စားသောက်ကြသည် ဆိုပါစို့။ ခြင်္သေ့အုပ်၏ ဆာလောင်မွတ်သိပ်မှုနှင့် ဆတ်ကျွဲ၏ အသက်ရှင်လိုဇောတို့ကြောင့် ထွက်ပေါ်လာသည့် အသံများက ဟိုအဝေးတစ်နေရာက ခွေးအ (hyena) တစ်ကောင်အတွက် အစာလာစားဖို့ သံချောင်းခေါက် အသိပေးသံပင် ဖြစ်သည်။
အချိန်အနည်းငယ်အတွင်း ဆတ်ကျွဲကို သတ်ဖြတ်ကာ စားသောက်နေသော ခြင်္သေ့များအနီးသို့ ခွေးအ နှစ်ကောင်၊ သုံးကောင်ရောက်လာသည်။ ထိုမှ ခွေးအတစ်အုပ်လုံး ရောက်လာမည်ဖြစ်သည်။ တခဏအကြာတွင် ဆတ်ကျွဲကို သတ်ဖြတ်ကာ အသားများကို ဝမ်းပြည့်အောင် စိတ်ကြိုက် စားသုံးပြီးသည်က တစ်ကြောင်း၊ ခွေးအ များ များလာကာ အုပ်လိုက်ဖြစ်လာသည်က တစ်ကြောင်းမို့ ခြင်္သေ့များသည် စားလက်စ ပွဲတော်အနားက ဖဲခွာသွားကြတော့ သည်။ ခွေးအများသည် တစ်ကောင်ချင်းဆိုလျှင် သိမ်မွေ့သလောက်၊ အုပ်စုလိုက်ဆိုလျှင် ဘယ်သူ့ကိုမျှ ထီမထင်သည့် တိရစ္ဆာန်များ မဟုတ်ပါလား။
ခြင်္သေ့များ ကျန်ရှိနေသောအသားတချို့နှင့် အရိုးအရင်းများကို ခွေးအ များက ဆက်လက်စားသုံးကြပြန်တော့သည်။ လောဘကြီးသော ခွေးအ တစ်ကောင်စ၊ နှစ်ကောင်စသည်၊ အရိုးများကြားမှ ပေါင်ရိုးကဲ့သို့သော အရိုးရှည်တစ်ချောင်းကို ကိုက်ချီကာ အဝေးတစ်နေရာမှာ သွား၍ စားသောက်သည်ကို တွေ့ရနိုင်သည်။
ခွေးအများ၏ သွားများမှာ ထူးခြားလှသည်။ မာကျောလှပြီး၊ အခြားသတ္တဝါများ မကိုက်နိုင်သော အရိုးအရင်းများကို ခွေးအများက ကောင်းစွာ ကိုက်ဖျက်နိုင်ကြသည်။ ထို့ကြောင့် အရိုးအကြီးများကို အသေးလေးများဖြစ်သွားအောင် ကိုက်ဖြတ်နိုင်ကြသည်။ ထို့ကြောင့် အရိုးအတွင်းရှိ အာဟာရပြည့်သော ရိုးတွင်းချဉ်ဆီလို အရာများကို သူတို့ စားသုံးနိုင်ကြသည်။
ခွေးအ များသည် သာမန်အရိုးသေးလေးများကိုလည်း ချန်မထားဘဲ စားပစ်နိုင်သည်။ သူတို့၏ အစာလမ်းကြောင်းအတွင်း အစာချေရည်များသည် အက်ဆစ်ဓာတ်မြင့်မားသဖြင့် သာမန်အစာများကို အလွယ်တကူ ချေဖျက်နိုင်၍လည်း ဖြစ်နိုင်ပါသည်။ မည်သို့ဖြစ်စေ၊ အရိုးကြီးများကို သေးအောင် ကိုက်ဖျက်ပေးခြင်းသည်လည်းကောင်း၊ အရိုးသေးများကို စားသုံးကာ အစာလမ်းကြောင်းအတွင်းချေဖျက်၍ ပြန်လည်စွန့်ပစ်ခြင်းဖြင့်လည်းကောင်း၊ ဆတ်ကျွဲများ၏ အရိုးများကို မြေဆီလွှာအတွင်းသို့ လျင်လျင်မြန်မြန် ဆွေးမြေ့ရောက်ရှိသွားအောင် ကူညီပေး လျက်ရှိသည်။
ခြင်္သေ့များ ချန်ထားရစ်ခဲ့သည့် ဆတ်ကျွဲအသေကောင်၏ အကြွင်းအကျန်ကို ကိုက်ဖျက်စားသောက်နေသည့် ခွေးအ အုပ်အနီးတွင် ဆာရန်ဂတ်တီ၏ လင်းတငှက်အုပ် တစ်အုပ်ကိုလည်း တွေ့ရနိုင်သည်။ လင်းတများ၏ ဦးခေါင်းပိုင်းမှာ အခြားငှက်များကဲ့သို့ အမောက်မရှိ၊ ခေါင်းတုံးကဲ့သို့ ဖြစ်နေသည်။ ထိုအချက်က ဆတ်ကျွဲ၏ နံရိုးအိမ်အတွင်းပိုင်းကဲ့သို့သော နေရာများတွင် ကျန်ရှိနေသေးသည့် အသားစအကြွင်းအကျန်များကို နှိုက်ယူစားသောက်ရန် လွယ်ကူစေသည်။
ခေါင်းတွင် အမောက်ကရှုပ်မနေသဖြင့် အကြိုအကြားကို လှမ်း၍ နှိုက်နိုင်သည်။ ခွေးအများပင် နှိုက်၍ မစားနိုင်သော အသားစများကို လင်းတများက လွယ်လွယ်ကူကူစားသုံးနိုင်သည်။ ရှည်လျား ချွန်ထက်ပြီး သန်မာသည့် နှုတ်သီးများ ရှိနေခြင်းကလည်း ထိုအချက်ကို ပိုမို၍ အထောက်အကူပြုသည်။
အစာဝသည့်အခါ လင်းတများသည် အုပ်စုလိုက် ပျံသန်းထွက်ခွာသွားပြီး မြက်ခင်းပြင်အတွင်း ပေါက်ရောက်ရှင်သန်နေသည့် အပင်များတွင် သွားရောက်၍ အနားယူကြသည်။ သူတို့နားခိုသည့်နေရာတွင် မစင်စွန့်ချခြင်းဖြင့် ယင်းအပင်အတွက် အာဟာရမြေသြဇာကို ပြန်လည် ထောက်ပံ့ပေးပြန်သည်။ ယင်းအာဟာရသည်လည်း ဆတ်ကျွဲများထံမှတဆင့် ဖြန့်ဝေလိုက်သည့် အာဟာရများပင် ဖြစ်ပါသည်။
ဆတ်ကျွဲများကြောင့် ဆာရန်ဂတ်တီတွင် ဇီဝမျိုးကွဲများ ပြန်လည်စုံလင်လာသည့်အတွက် ဆတ်ကျွဲများအပါအဝင် တိရစ္ဆာန်များစွန့်ထုတ်သည့် မစင်အညစ်အကြေးများက မြေဆီလွှာထဲသို့ ပြန်လည်ရောက်ရှိကာ ဂေဟစနစ်ကို ထောက်ပံ့ပေးနေပြန်သည်။
သိပ္ပံပညာရှင်တချို့က ဆာရန်ဂတ်တီရှိ ချေးပိုးထိုးကောင် (dung beetle) များကို လေ့လာခဲ့ကြသည်။ ဆင် တစ်ကောင် စွန့်ထုတ်ခဲ့သည့် မစင်တစ်ပုံအတွင်း ချေးပိုးထိုးနှင့် အခြားသော မစင်စားသည့် ပိုးကောင်စုစုပေါင်း ၁၆,၀၀၀ ခန့် တွေ့ရှိခဲ့ကြရသည်ဟု ဆိုသည်။
အလျား တစ်မီတာ၊ အနံ တစ်မီတာ ရှိသော မစင်ပုံသည် အချိန် နှစ်နာရီအတွင်း ကွယ်ပျောက်သွားသည်ကိုလည်း တွေ့ရှိခဲ့ကြရသည်။ အကြောင်းမှာ ယင်းမစင်များကို ချေးပိုးထိုးကောင်များက မြေကြီးထဲသို့ ဆွဲယူမြှုပ်နှံ လိုက်ကြခြင်းကြောင့်ဖြစ်သည်။ ချေးပိုးထိုးကောင်များသည် တန်ပေါင်းများစွာသော မစင်များကို ဆာရန်ဂတ်တီ၏ မြေဆီလွှာအတွင်းသို့ ဆွဲချယူကာ ဂေဟစနစ်အတွက် ပြန်လည်အသုံးချနေကြခြင်း ဖြစ်သည်။
သာမန်မျက်လုံးဖြင့် မမြင်နိုင်ဘဲ အဏုကြည့်မှန်ဘီလူးဖြင့် ကြည့်မှသာ မြင်နိုင်မည့် ကိစ္စများလည်း ရှိနေပါသေးသည်။ တိရစ္ဆာန်အသေကောင်များမှ ထွက်ရှိလာသည့် အပုတ်အသိုး၊ အဆွေးအမြည့်များ၊ အပင်အသေများ၊ အပင်များမှ ထွက်ရှိလာသည့် အရွက်နှင့် ကိုင်း အကြွေများမှ အာဟာရများသည် မြေဆီလွှာအတွင်းသို့ ရောက်ရှိကာ အပင်များအတွက် အာဟာရဓာတ်များကို ထောက်ပံ့ပေးရုံမျှမက မြေဆီလွှာအတွင်း မှိုနှင့် ဘက်တီးရီးယားများ ကဲ့သို့သော မြေဆီလွှာအကျိုးပြု အဏုဇီဝပိုးမွှားများကိုလည်း ပွားများရှင်သန်လာစေသည်။ ထို့အတွက် မြေဆီလွှာအတွင်းရှိ ဂေဟစနစ်ကို ပိုမိုကောင်းမွန်လာစေပြီး မြေပြင်ပေါ်ရှိ ဂေဟစနစ်ကိုပါ ဆက်လက်၍ အကျိုးပြုနေခြင်း ဖြစ်ပါသည်။
သိပ္ပံပညာရပ်များကို လေ့လာရာတွင် တစ်ခုချင်းစီအကြောင်း အသေးစိတ် တွင်းဆုံးနှိုက်ကာ လေ့လာရသည်များ ရှိသကဲ့သို့၊ တစ်ခုနှင့်တစ်ခု ဆက်စပ်ပုံကို ရေမြေဆုံးသည်အထိ တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်လေ့လာရသည်များလည်း ရှိနိုင်ပါသည်။
ဂေဟဗေဒသည် တစ်ခုချင်းစီအကြောင်းရော၊ တစ်စုံလုံးအကြောင်းပါ လေ့လာရသည့် ဘာသာရပ် ဖြစ်ပါသည်။ ကီးစတုန်းမျိုးစိတ်များကို လေ့လာရာတွင်လည်း ကီးစတုန်းမျိုးစိတ် တစ်ခုချင်းစီအကြောင်း အသေးစိတ်လေ့လာခြင်းအပြင်၊ ကီးစတုန်းမျိုးစိတ်နှင့် အခြားမျိုးစိတ်များအကြား ဆက်စပ်ပုံကို အကျယ်အပြန့်လေ့လာခြင်းလည်း လိုအပ်ပါသည်။
ဆာရန်ဂတ်တီ၏ ကီးစတုန်း မျိုးစိတ်မှာ ဆတ်ကျွဲများ ဖြစ်ကြောင်း အကြမ်းဖျဉ်းသိရှိရုံသာမက၊ ယင်းကီးစတုန်းမျိုးစိတ်က အခြားမျိုးစိတ်များ၊ ပထဝီအခြေအနေများနှင့် မည်သို့ဆက်စပ်ကာ ဂေဟစနစ်ကို ထောက်ပံ့ ကူညီနေသည်ကို အနည်းငယ်မျှ (အနည်းငယ်မျှ) ချဲ့ထွင်လေ့လာကြည့်ခြင်းက ကီးစတုန်းမျိုးစိတ်များ၏ အရေးပါပုံကို ပိုမိုထင်ရှားပြတ်သားစွာ ရှုမြင်နိုင်မည် ဖြစ်ပါသည်။
ကီးစတုန်းမျိုးစိတ်များ၏ အကြောင်း၊ အပေါ်ယံရော၊ အတွင်းကျကျပါ ပိုမိုသိရှိလာသည်နှင့်အမျှ ဂေဟစနစ်ကို မြတ်နိုးတန်ဖိုးထားစိတ်လည်း ပိုမိုမြင့်မားလာမည် ဖြစ်ပါသည်။ ထိုမှတဆင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအတွက် လက်တွေ့ပါဝင်လုပ်ဆောင်လာရန် တွန်းအားများ ဖြစ်ပေါ်လာနိုင်ကြမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။
ခိုင်ကြည်သစ်
#keystonespecies_khaingkyithit
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။