#တစ်ခုတည်းသောအဖြေ
အလန်ဆေဗရီသည် ဂေဟဗေဒသမားတို့ နှစ်ပေါင်းများစွာ လက်ခံထားသည့် အယူအဆတစ်ရပ်ကို ပြောင်းပြန်လှန်လိုက်သည်။
“ရွေးချယ်စရာ တစ်ခုပဲ ရှိပါတယ်။ ကျွန်တော် ထပ်ပြောပါမယ်။ ရာသီဥတုပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေအတွက် ရွေးချယ်စရာနည်းလမ်း တစ်ခုပဲကျန်ပါတယ်”
သူရွေးချယ်သည်က မွေးမြူရေးတိရစ္ဆာန်များ ဖြစ်ပါသည်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစ ရှိသည့် မြက်စားသတ္တဝါများသည် ဂေဟစနစ်ကို ဖျက်စီးကာ ကန္တာရများကို ဖြစ်ထွန်းစေသည် ဟူသော တရားသေကျပြီး မပြည့်စုံသည့် ရှေးရိုးစွဲ အယူအဆတစ်ရပ်ကို အလန်ဆေဗရီက ပြန်လည်သုံးသပ်ကာ အယူအဆသစ်ကို တင်ပြလာသည်။
သူ့ရှင်းလင်းချက်က ရိုးစင်းပြီး လက်တွေ့ကျလှပါသည်။
မြက်ခင်းပြင်များတွင် မိုးရာသီ လေးလခန့် ကုန်ဆုံးသည့်အခါ ခြောက်သွေ့ရာသီ ရှစ်လ ဆက်လက်ဖြစ်ပေါ်နေကျ ဖြစ်သည်။ မိုးရာသီမှ ကျန်ရှိခဲ့သော မြက်ပင်များမှာ မိုးရေပြတ်သည့်အခါ ခြောက်သွေ့ကုန်သည်။ ထိုသို့ ခြောက်သွေ့လာသော မြက်ပင်များမှာ နောက်တစ်ကြိမ် မိုးရာသီ မရောက်မီ ဇီဝနည်းဖြင့် ဆွေးမြည့်သွားကြရမည် ဖြစ်သည်။ ထိုသို့ ဆွေးမြည့်သွားခြင်းဖြင့် ကာဗွန်များကို မြေဆီလွှာထဲသို့ ပြန်လည်ဖြည့်တင်းပေးနေသည်။
အကယ်၍ ဇီဝနည်းဖြင့် မဆွေးမြည့်ပါက မြက်ခင်းပြင်နှင့် ယင်းအောက်ရှိ မြေဆီလွှာမှာလည်း ဆက်လက်မရှင်သန်နိုင်ပေ။ ဇီဝနည်းဖြင့် မဆွေးမြည့်သည့် မြက်ပင်များတွင် ဓာတ်တိုးခြင်း (Oxidation) ဖြစ်ပေါ်ကာ မီးလောင်မှုများ ဖြစ်ပေါ်လာသည်။ ထိုအခါ အပင်များရှိ ကာဗွန်များက လေထုထဲသို့ ရောက်ရှိကုန်သည်။ မြေပြင်သည်လည်း အကာအကွယ်မရှိတော့ပေ။ ယင်းကပင် ကန္တာရဖြစ်ထွန်းမှုအတွက် အကြောင်းအရင်း ဖြစ်လာသည်။
ပိုဆိုးသည်က မီးလောင်မှုကြောင့် ကာဗွန်များ လေထုထဲသို့ ပိုမိုရောက်ရှိစေခြင်းဖြစ်သည်။ မြက်ခင်းပြင် တစ်ဟက်တာကို မီးရှို့ကြည့်ပါက လေထုထဲသို့ စွန့်ပစ်ရသည့် ကာဗွန်နှင့် အခြားသော လေထုညစ်ညမ်းစေသည့် ဓာတုပစ္စည်းပမာဏမှာ မော်တော်ကား အစီး ၆၀၀၀ က ထွက်ရှိသည့် ပမာဏနှင့် ညီသည်ဟု အလန်ဆေဗရီက တွက်ချက်ပြသည်။ အာဖရိကတွင် နှစ်စဉ် မြက်ခင်း ဟက်တာပေါင်း ဘီလီယံနှင့်ချီကာ မီးလောင်ကြရသည်။ မီးရှို့ခံကြရသည်။
ထို့ကြောင့် မြက်ခင်းပြင်ကို ထိန်းသိမ်းရန် လိုအပ်လာသည်။
ဆာရန်ဂတ်တီကဲ့သို့သော မြက်ခင်းပြင်ဂေဟစနစ်များအတွင်း မြက်စားတိရစ္ဆာန်များ အများအပြားရှိပါက ၄င်းတို့ကို ဖမ်းယူစားသောက်မည့် သားရဲတိရစ္ဆာန်များ ပေါ်ပေါက်လာမည် ဖြစ်သည်။
သားရဲတိရစ္ဆာန်များ၏ရန်မှ လွတ်မြောက်ရန်အတွက် မြက်စားတိရစ္ဆာန်များ၏ စနစ်ကျသော ဖြေရှင်းနည်းတစ်ခုမှာ အုပ်စုဖွဲ့နေထိုင်ခြင်းဖြစ်သည်။ အုပ်စုက ကြီးလေလေ၊ တစ်ကောင်ချင်းစီ အတိုက်ခိုက်ခံရခြင်းက လျော့နည်းသွားလေလေ ဖြစ်သည်။
ကြီးမားလှသော တိရစ္ဆာန်အုပ်ကြီးသည် အစာစားရန်နေရာ၊ အညစ်အကြေးစွန့်ရန် နေရာကို ခွဲခြားနိုင်မည် မဟုတ်ပါ။ တိရစ္ဆာန်များသည် သူတို့၏ အစာဖြစ်သော မြက်ခင်းပြင်ပေါ်တွင်ပင် ဆီး၊ ဝမ်း အစရှိသည့် အညစ်အကြေးများကို စွန့်ပစ်ကြမည် ဖြစ်ပါသည်။ အညစ်အကြေးဖြင့် ရေနှောနေသော အစာများကို ရှောင်ရှားနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ရွေ့လျားသွားလာခြင်းပင်ဖြစ်သည်။ တစ်နေရာတွင် အစာစားလိုက်၊ အညစ်အကြေးစွန့်ထားခဲ့လိုက်၊ ပြီးနောက် အခြားတစ်နေရာသို့ ရွေ့သွားလိုက်ဖြင့် လှည့်လည်သွားလာနေကြမည် ဖြစ်သည်။
ထိုသို့ ရွေ့လျားသွားလာခြင်းကပင် တစ်နေရာတည်းတွင် အစာပင်များကို အဆမတန် စားသောက်ခြင်း (overgrazing) ကို လျှော့ချပေးသည်။ အပင်များ မျိုးသုဉ်းသည်အထိ ဖျက်ဆီးပစ်ခြင်းကို တားဆီးပေးထားသည်။ အပင်များ ကျန်ရှိနေခြင်းက မြေဆီလွှာကို အဖုံးအကာမဲ့ခြင်းမှ ကာကွယ်ပေးထားသည်။
အခြားတစ်ဖက်တွင် တိရစ္ဆာန်အုပ်က စွန့်ပစ်ခဲ့သည့်အညစ်အကြေးများသည် မြေဆီလွှာအတွက် အာဟာရဓာတ်ကို ဖြစ်စေသည်။ အပင်များ ရှင်သန်နိုင်ဖို့ အာဟာရရင်းမြစ် ဖြစ်စေသည်။ တချိန်တည်းမှာပင် ခြောက်သွေ့ရာသီတွင် ကျန်ရှိနေသည့် မြက်ပင်ခြောက်များ မီးလောင်မသွားဘဲ ဇီဝနည်းဖြင့် ဆွေးမြေ့ကာ မြေဆီလွှာထဲသို့ ရောက်ရှိရန် အညစ်အကြေး များက ကူညီပေးပြန်သည်။
မြက်စားတိရစ္ဆာန်များ ရွေ့လျားသွားလာခြင်းဖြင့် မြက်ခင်းပြင်အတွက် ရရှိသည့် ကောင်းကျိုးတစ်ခု ရှိနေပါသေးသည်။ မြက်စားတိရစ္ဆာန်များအားလုံးနီးပါးမှာ ခြေထောက်တွင် ခွာပါသည့် တိရစ္ဆာန်များ ဖြစ်ပါသည်။ ၄င်းတို့၏ ခန္ဓာကိုယ်အလေးချိန်က မြေကြီးပေါ်သို့ သက်ရောက်ရာတွင် ခွာမှတဆင့် သက်ရောက်သဖြင့် မြေကြီးကို ခြေမွပေးသကဲ့သို့ ဖြစ်စေပါသည်။ ထို့ကြောင့် အလွန်မာကြောသည့် မြေအမျိုးအစားများပေါ်တွင် တိရစ္ဆာန်များ ရွေ့လျားသွားလာခြင်းဖြင့် မြေကြီးအတွင်းသို့ ရေနှင့်လေများ တိုးဝင်ရ လွယ်ကူစေပါသည်။
အလန်ဆေဗရီသည် ယင်းသဘာဝကို တုပရန် ကြိုးစားခြင်းဖြစ်သည်။ ဆာရန်ဂတ်တီတွင် ဆတ်ကျွဲများ ပြန်လည်ပွားများလာခြင်းဖြင့် အပင်များနှင့် သတ္တဝါမျိုးစိတ်များ ပြန်၍ ပေါများလာသည့် အနေအထားမျိုးကို ဖော်ဆောင်ကြည့်ခြင်း ဖြစ်သည်။ သူက ဆတ်ကျွဲများ နေရာတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသော အိမ်မွေးတိရစ္ဆာန်များကို အစားထိုးကြည့်ခဲ့သည်။
ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို ဖယ်ရှားပစ်ရုံဖြင့် ကန္တာရဖြစ်ထွန်းမှုကို မကာကွယ်နိုင်ခဲ့။ ဆင်များကို ဖယ်ရှားလိုက်သဖြင့် ဇင်ဘာဘွေတွင် ကန္တာရဖြစ်ထွန်းမှု ပိုဆိုးလာခဲ့ကြောင်း သိခဲ့ရပြီး ဖြစ်သည်။ အမေရိကရှိ အမျိုးသားဥယျာဉ်များတွင်လည်း မွေးမြူရေးတိရစ္ဆာန်များကို နှစ်ပေါင်း ၇၀ ဖယ်ရှားထားသော်လည်း ကန္တာရဖြစ်ထွန်းမှုကို တွေ့နေရပြန်သည်။ သို့ဆိုလျှင် ဘာလုပ်မည်နည်း။ မွေးမြူရေးတိရစ္ဆာန်များကို ကန္တာရဖြစ်ထွန်းမှုလျှော့ချရာတွင် ပြန်၍ အသုံးချရန်ပင် ရှိတော့သည် မဟုတ်ပါလား။
အလန်ဆေဗရီသည် သူ၏ အယူအဆကို စမ်းသပ်ရန်အတွက် မြက်ပင်များ ခြောက်သွေ့နေသည့် နေရာတစ်ခုကို ရွေးချယ်သတ်မှတ်ကာ ကျွဲ၊ နွား၊ သိုး၊ ဆိတ် များကို အမြောက်အမြား ဖြည့်သွင်းမွေးမြူခဲ့သည်။
ထိုသို့ စမ်းသပ်ကြည့်သည့်အခါ ရလဒ်မှာ မျှော်လင့်ထားသည့်အတိုင်း ကောင်းမွန်သည်ကို တွေ့ရှိခဲ့ရသည်။ တိရစ္ဆာန်များက မြက်ခင်းများအကြား သွားလာရင်း မြက်ခြောက်ပင်များကို လှဲချသလိုဖြစ်ကာ မြေကြီးကို ဖုံးအုပ်ပေးသည်။ စိုက်ပျိုးရေးခြံများတွင် ရေဆုံးရှုံးမှု မရှိစေရန်နှင့် ပေါင်းမြက်ရှင်းလင်းရန်အတွက် မြေကို အမှိုက် သို့မဟုတ် ပလတ်စတစ်စများဖြင့် ဖုံးအုပ်ပေးသကဲ့သို့ ဖြစ်စေသည်။ ၄င်းမြက်ခြောက်များအပေါ်တွင် တိရစ္ဆာန်များက မစင်နှင့် ဆီးများ စွန့်ချကာ မြေဆီလွှာအတွင်းသို့ အာဟာရဓာတ် ဖြည့်စွက်ပေးသည်။ ထိုနေရာသည် မိုးပြန်ရွာချိန်တွင် ရေကို စုပ်ယူသိုလှောင်ထားရန် အဆင်သင့် ဖြစ်လာသည်။
အကျိုးဆက်အနေဖြင့် ထိုသို့ တိရစ္ဆာန်များ ဖြည့်ဆည်းပေးသည့်နေရာတွင် အပင်များ အလွယ်တကူ ပြန်လည်ပေါက်ရောက်လာသည်ကို တွေ့ရှိရသည်။
သဘာဝကို တုပကာ ဆတ်ကျွဲကဲ့သို့သော မြက်စား တောရိုင်းတိရစ္ဆာန်များအစား ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိသည့် မွေးမြူရေးတိရစ္ဆာန်များကို ပြန်လည်ဖြည့်ဆည်းကာ ဆတ်ကျွဲ များ ရွှေ့ပြောင်းသွားလာကြသလိုပင်၊ မွေးမြူရေးတိရစ္ဆာန်များအား ရွှေ့ပြောင်းသွားလာစေခြင်းဖြင့် ကန္တာရဖြစ်ပေါ်မှုကို လျှော့ချနိုင်ကြောင်း တိတိကျကျ သိရှိလိုက်ရသည့် အလန်ဆေဗရီ အတွက် အရေးကြီးသည့် မေးခွန်းတစ်ခု ကျန်ရှိနေပါသေးသည်။
တိရစ္ဆာန်များကို မွေးမြူကာ ရွှေ့ပြောင်းသွားလာစေခြင်းသည် နည်းလမ်းအသစ် မဟုတ်ပါ။ လူ့ယဉ်ကျေးမှုအစကတည်းက ကျင့်သုံးခဲ့သည့် နည်းလမ်းဖြစ်ပါသည်။ နှစ်ပေါင်း သောင်းဂဏန်းနီးပါး ထိုနည်းအတိုင်း ဆောင်ရွက်ခဲ့သည့်အတွက် နောက်ဆုံးတွင် ကန္တာရဖြစ်ထွန်းမှုဖြင့် အဆုံးသတ်ခဲ့သည်။ မွေးမြူရေးတိရစ္ဆာန်များကြောင့် ကန္တာရများ ဖြစ်ထွန်းလာရသည်ဟူသည့် အယူအဆ ထွက်ပေါ်လာခဲ့ရသည်။ ထို့ကြောင့် မွေးမြူရေးတိရစ္ဆာန်များကို ဖယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
လက်တွေ့လုပ်ဆောင်သည့်အခါ ကန္တာရများ ပို၍ပင် ဖြစ်ထွန်းလာပြန်သည်။ သို့ဆိုလျှင် မွေးမြူရေးတိရစ္ဆာန်များကို ဂေဟစနစ်အတွင်းသို့ ဖြည့်သွင်းပေးရုံ၊ ရွှေ့ပြောင်းခိုင်းရုံဖြင့် ကန္တာရဖြစ်ထွန်းမှုနှင့် ရာသီဥတုပြောင်းလဲမှုကို အမှန်တကယ် ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ပေ။ ပိုမို၍ စနစ်တကျရှိသည့် နည်းစနစ်များကို ရှာဖွေဖော်ထုတ်ရန် လိုအပ်နေပါသေးသည်။
အလန်ဆေဗရီသည် ဂေဟဗေဒပညာရှင်ဖြစ်သော်လည်း သူ့လုပ်ငန်းနှင့် သက်ဆိုင်မှု ရှိနိုင်သည့် အခြားပညာရပ်နယ်ပယ်များသို့ပါ ချဉ်းကပ်လေ့လာရတော့သည်။ နောက်ဆုံး သူ့ အတွက် အသုံးဝင်မည့် ဘာသာရပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ အခြားမဟုတ်ပါ။ စားကျက် စီမံခန့်ခွဲမှု ဘာသာရပ် ဖြစ်ပါသည်။
နွားမွေးမြူရေးတွင် စားကျက်များစိုက်ပျိုးကာ လွှတ်ကျောင်းမွေးမြူလေ့ရှိရာ၊ စားကျက်အတွင်း နွားများကို အလှည့်ကျစားသောက်စေသည့်နည်းလမ်းကို အသုံးပြုကြပါသည်။ အလန်သည် ကန္တာရဖြစ်ထွန်းမှု တားဆီးရန် ဂေဟစနစ်အတွင်းသို့ ထည့်သွင်းမွေးမြူမည့် နွားများကို မွေးရုံ၊ ရွှေ့ရုံမဟုတ်ဘဲ၊ ရွှေ့ပြောင်းရာတွင် တိရစ္ဆာန်ကောင်ရေ၊ မြက်ပင်ပေါက်ရောက် မှု၊ မြေနေရာအကျယ်အဝန်း၊ ရာသီဥတု စသည်ဖြင့် အချက်အလက်ပေါင်းစုံကို ထည့်သွင်းစဉ်းစားကာ မည်သည့်နေရာတွင် တိရစ္ဆာန်ကောင်ရေ မည်မျှကို အချိန်မည်မျှကြာအောင် စားစေပြီး မည်သည့်နေရာသို့ ရွှေ့ပြောင်းရမည် ဆိုသည့် ကြိုတင်စီမံခန့်ခွဲမှုများကို ဖြည့်စွက်ဆောင် ရွက်ခဲ့သည်။ ယင်းကို အလန်ဆေဗရီက “Holistic Management and Planned Grazing” ဟု ခေါ်သည်။
Holistic Management and Planned Grazing ဖြင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို မွေးမြူကာ ဒေသခံများဝင်ငွေ နှင့် အစာအာဟာရ တိုးတက်ရရှိလာရုံမျှမက ကန္တာရဖြစ်ထွန်း မှုကိုလည်း လျော့ချလာနိုင်ခဲ့သည်။ ဇင်ဘာဘွေ၏ ကန္တာရများသည် မြက်စားသတ္တဝါများ၏ စွမ်းဆောင်မှုဖြင့် မြက်ခင်းပြင်များအဖြစ် ပြန်လည်စိမ်းလန်းစိုပြေလာသောကြောင့် ဆင်၊ သစ် ကုလားအုတ် အစရှိသဖြင့် အခြားသော သတ္တဝါမျိုးစိတ်များလည်း ပြန်လည် ခိုလှုံလာကြသည် ဟု အလန်ဆေဗရီက ဆိုသည်။
သဘာဝကို တုပကာ စနစ်တကျစီမံခန့်ခွဲပေးခြင်းဖြင့်ကန္တာရများကို ပြန်လည် စိမ်းလန်းစိုပြည်စေနိုင်ကြောင်း အလန်ဆေဗရီက သက်သေသာဓက များစွာဖြင့် ကမ္ဘာကို တင်ပြခဲ့ သည်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်များသည် ဂေဟစနစ်ကို ပြည်လည် ပြုပြင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ၄င်းတို့သည် ဂေဟစနစ်ကို ပြုပြင်သည့် အင်ဂျင်နီယာ (Eco-engineers) များ ဖြစ်ကြသည်။ မွေးမြူရေးတိရစ္ဆာန်ကောင်ရေ များလွန်းခြင်းက သဘာဝဝန်းကျင်ကို ထိခိုက်ကာ၊ ကန္တာရဖြစ်ထွန်းမှုကို ဖြစ်ပေါ်စေသလိုပင် တိရစ္ဆာန်နည်းလွန်းခြင်းကလည်း ကန္တာရဖြစ်ထွန်းဖို့ အဓိကအကြောင်းအရင်း ဖြစ်နေပြန်ပါသည်။
အမှန်တကယ်တော့ဖြင့် ယင်း မွေးမြူရေးတိရစ္ဆာန်များသည် ဆတ်ကျွဲ ကဲ့သို့သော သဘာဝတွင်ရှိနှင့်ပြီးသား တောရိုင်း မြက်စားသတ္တဝါများနေရာတွင် အစားထိုးထားခြင်းသာ ဖြစ်ပါသည်။ ဆာရန်ဂတ်တီတွင်မူ ယင်း မွေးမြူရေးတိရစ္ဆာန်များအစား ဆတ်ကျွဲ ဟူသော ကီးစတုန်းမျိုးစိတ်က ဂေဟစနစ်အင်ဂျင်နီယာများအဖြစ် ဆောင်ရွက်ကာ ဆာရန်ဂတ်တီ မြက်ခင်းပြင်ကြီးကို ဆာရန်ဂတ်တီကန္တာရ မဖြစ်အောင် ကယ်တင်ထားသည်ကို သတိပြုဖွယ် တွေ့ ရှိရမည် ဖြစ်ပါသည်။
ဂေဟစနစ်ဆိုသည်မှာ ယင်းစနစ်အတွင်းပါဝင်နေသည့် သက်ရှိများအချင်းချင်းတွင် လည်းကောင်း၊ ယင်း သက်ရှိမျိုးစိတ်များနှင့် သဘာဝပတ်ဝန်းကျင် အကြားတွင်လည်းကောင်း တစ်ခုနှင့်တစ်ခု ရှုပ်ထွေးဆန်းကျယ်စွာ ချိတ်ဆက်ပြီး ဟန်ချက်ညီစွာ တည်ရှိနေသည့် အသိုက်အဝန်းတစ်ခုပင် ဖြစ်ပါသည်။
ထိုသို့ ရှုပ်ထွေးဆန်းကျယ်လှသည့် သဘာဝဖြစ်စဉ်များအားလုံးကို တိတိကျကျ နားလည်သိရှိနိုင်ရန်မှာ လွယ်ကူလှသည့် ကိစ္စမဟုတ်ပါ။ သို့တိုင်အောင် ယင်းဂေဟစနစ်ကို အဓိက ထိန်းချုပ်မောင်းနှင်ပေးနိုင်သည့် ကီးစတုန်းမျိုးစိတ်များကို ရှာဖွေဖော်ထုတ်ပြီး ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါလျှင် ဂေဟစနစ်များ ရေရှည်တည်တံ့ရှင်သန်နိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။
#ခိုင်ကြည်သစ်
#keystonespecies_khaingkyithit
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်