ကီးစတုန်းတွေနဲ့သက်ရှိတွေ အစုအပြုံလိုက် မျိုးမသုဉ်းစေဖို့... (ကီးစတုန်းမျိုးစိတ်များမိတ်ဆက် - ၁၅)

17/07/2023 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ကီးစတုန်းမျိုးစိတ်များ မိတ်ဆက် - ၁၅

#တွက်ရခက်သည့်ပုစ္ဆာ

ကီးစတုန်းမျိုးစိတ် သဘောတရား ပေါ်ထွက်လာခြင်းက ဂေဟဗေဒပညာရပ် နယ်ပယ်အတွက် ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အတွက် ပိုမိုလွယ်ကူပြီး ထိရောက်သည့် နည်းလမ်းများကို ဖော်ထုတ်လာနိုင်စေခဲ့သည်။

ဥပမာ - ဆာရန်ဂတ်တီ မြက်ခင်းပြင်ကြီးတွင် ဆတ်ကျွဲများက ကီးစတုန်းမျိုးစိတ်အဖြစ် တာဝန်ယူကာ ဂေဟစနစ်တစ်ခုလုံးကို ထိန်းသိမ်းထားသည့်သဘာဝကို ‌တုပကာ ဇင်ဘာဘွေ၏ ကန္တာရများကို ပြန်လည်၍ စိမ်းလန်းစို ပြည်လာစေရန် မွေးမြူရေးတိရစ္ဆာန်များဖြင့် ပြုပြင်ယူခြင်းမျိုး ဖြစ်သည်။ 

အခြားတစ်ဖက်တွင်လည်း ကီးစတုန်းမျိုးစိတ်များဖြင့် ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်နိုင်သဖြင့် သက်ရှိမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှုကို ပိုမိုထိရောက်စွာ ကာကွယ်လာနိုင်မည် ဖြစ်သည်။ ယင်းအချက်မှာ ကမ္ဘာလောကအတွက် အလွန်အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။

ဂေဟစနစ်တစ်ခု၏ ကီးစတုန်းမျိုးစိတ်များကို ရှာဖွေဖော်ထုတ်နိုင်ရုံဖြင့် ယင်းဂေဟစနစ်ကို ထိန်းသိမ်းရန်၊ ပြုပြင်ရန်၊ ပိုမိုကောင်းမွန်လာစေရန် ယခင်ကထက် ပိုမိုလွယ်ကူသွားစေသည်။ 

ကမ္ဘာမြေ၏ အတိတ်ဖြစ်စဉ်များကို ဘူမိဗေဒလေ့လာမှုများမှတဆင့် ဖော်ထုတ်နိုင်သည်။ ဘူမိမှတ်တမ်းများအရ ကမ္ဘာမြေကြီး၏ သက်တမ်း နှစ်ပေါင်း ၄.၆ ဘီလီယံအတွင်း သက်ရှိတို့ ကမ္ဘာပေါ်တွင် နေထိုင်ရှင်သန်ခဲ့သည့် ကာလမှာ နှစ်ပေါင်း ၃.၇ ဘီလီယံခန့် ရှိပြီဖြစ်သည်။

အနည်းဆုံး လွန်ခဲ့သော နှစ်ပေါင်း သန်း ၅၀၀ ခန့် အတွင်း သက်ရှိမျိုးစိတ်များ အလုံးအရင်းဖြင့် မျိုးသုဉ်းပျောက်ကွယ်မှု (mass extinction) ၅ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာမြေပေါ်ရှိ သက်ရှိမျိုးစိတ်ပေါင်း ၉၉ ရာခိုင်နှုန်း မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။ 

နောက်ဆုံးဖြစ်ပွားခဲ့သည့် mass extinction မှာ လွန်ခဲ့သော နှစ်ပေါင်း ၆၆ သန်းက ကမ္ဘာမြေပေါ်သို့ အလွန်ကြီးမားသည့် ဥက္ကာပျံတစ်စင်း ပျက်ကျလာမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်တွင် အထင်ရှားဆုံးအနေဖြင့် ဒိုင်နိုဆောမျိုးစိတ်များ ကမ္ဘာမြေပေါ်မှ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ရသည်။ 

၁၉၈၀ ပြည့်လွန်နှစ်များတွင် သိပ္ပံပညာရှင်များအကြား စိုးရိမ်မှုတစ်ခု ပေါ်ပေါက်လာသည်။ ကမ္ဘာမြေသည် သက်ရှိမျိုးစိတ်များ အလုံးအရင်းဖြင့် မျိုးသုဉ်းပျောက်ကွယ်မှုကို  ဆဋ္ဌမအကြိမ်မြောက် ကြုံတွေ့နေရပြီလား ဟူသော စိုးရိမ်ပူပန်မှု ဖြစ်သည်။

ကမ္ဘာပေါ်ရှိ သက်ရှိမျိုးစိတ်အားလုံးကို ကုန်စင်အောင် ရှာမတွေ့ သေးသည့်တိုင် ရှာဖွေတွေ့ရှိပြီး အမည်တပ်ပြီးသား မျိုးစိတ်ပေါင်းများစွာသည် နှစ်စဉ်လိုလို မျိုးသုဉ်းပျောက်ကွယ်နေကြသည်။ တစ်နှစ်လျှင် မျိုးစိတ် ၀.၀၁% မှ ၀.၁% အကြား မျိုးသုဉ်းနေကြသည်ဟု ယူဆကြသည်။

အမှန်တကယ်တမ်းတွင် မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှုမှာ ရှောင်လွှဲ၍ မရသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်သည်။ တနည်းအားဖြင့် ဆင့်ကဲဖြစ်စဉ်ပြောင်းလဲခြင်းအတွက် လိုအပ်သည့် အစိတ်အပိုင်းတစ်ရပ်ပင် ဖြစ်သည်။

သို့ရာတွင် မျိုးသုဉ်းပျောက်ကွယ်သည့်နှုန်း များလွန်းခြင်း၊ အချိန်တိုအတွင်း မျိုးသုဉ်းပျောက်ကွယ်သည့် မျိုးစိတ် အလွန်များပြားလွန်းခြင်းက ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်သည့် လူသားများအပါအဝင် အရာအားလုံးအတွက် ဆိုးဝါးသော ထိခိုက်ယိုယွင်းမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ဇီဝမျိုးကွဲများ အရှိန်အဟုန်နှင့် လျော့ကျသွားမည်ဆိုပါက နောင်လာမည့် မျိုးဆက်များအတွက် သေချာပေါက် ခက်ခဲစေမည် ဖြစ်ပါသည်။ 

သည်နေရာတွင် မေးစရာတစ်ခုရှိလာပါသည်။ မျိုးသုဉ်းပျောက်ကွယ်နေသည့် မျိုးစိတ်များတွင် ကီးစတုန်းမျိုးစိတ် မည်မျှပါဝင်နေပါသနည်း ဟူသည့် မေးခွန်းဖြစ်ပါသည်။ ကီးစတုန်းမျိုးစိတ်တစ်ခု မျိုးသုဉ်းပျောက်ကွယ်သွားပါက အခြားမျိုးစိတ်များစွာပါ မျိုးသုဉ်းသွားရန် အလွန်လွယ်ကူစေမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ကီးစတုန်းမျိုးစိတ်များကို တတ်နိုင်သမျှ မြန်မြန် ရှာဖွေတွေ့ရှိကာ မြန်မြန် ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ဂေဟစနစ်ကို ပြုပြင်ထိန်းသိမ်း ရင်း mass extinction ကိုလည်း အားလျော့သွားစေနိုင်မည် ဖြစ်ပါသည်။ 

ထို့ကြောင့် ဂေဟစနစ်များအတွင်း မည်သည့်မျိုးစိတ်များက ကီးစတုန်းမျိုးစိတ်ဖြစ်သနည်း၊ ဂေဟစနစ်ကို မည်သို့ ထိန်းကျောင်းပေးသနည်း ဆိုသည့် အချက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိရန် လိုအပ်လာမည် ဖြစ်ပါသည်။

ယခုအချိန်အထိ သိရှိထားသည့် ကီးစတုန်းမျိုးစိတ်အရေအတွက်မှာ အမှန်တကယ်ရှိနေသည့် ကီးစတုန်းမျိုးစိတ်များနှင့် နှိုင်းယှဉ်ပါက စကားထဲ ထည့်ပြောရလောက်အောင်ပင် မများလှသေးသည်ကို အလွယ်တကူ သိရှိနိုင်ပါသည်။ ထိုအချက်မှာ အထူးအဆန်းတော့ဖြင့် မဟုတ်ပါ။ ကမ္ဘာမြေ၏သက်တမ်း နှစ်ပေါင်း ၄.၆ ဘီလီယံအတွင်း ကီးစတုန်းမျိုးစိတ်သဘောတရားကို ဖော်ထုတ်ခဲ့သည်မှာ အနှစ် ၅၀ ကျော်ရုံမျှသာ ရှိသေးသည် မဟုတ်ပါလား။ 

အခြားတစ်ဖက်တွင်လည်း ကီးစတုန်းမျိုးစိတ် ရှာဖွေဖော်ထုတ်သည့်လုပ်ငန်းမှာ အချို့ ဂေဟစနစ်များအတွက် ခက်ခဲနေဆဲ ဖြစ်သည်။ ဆာရန်ဂတ်တီကဲ့သို့သော မြက်ခင်းပြင်ကြီးပေါ်တွင် ဆတ်ကျွဲများ၏ ကီးစတုန်းမျိုးစိတ်အဖြစ် ဆောင်ရွက်ပုံကို မျက်ဝါးထင်ထင် ရှာဖွေတွေ့ရှိနိုင်သော်လည်း ပင်လယ်သမုဒ္ဒရာအောက်ရှိ များပြားလှသော သက်ရှိများ၏ ဂေဟစနစ်အတွင်း လုပ်ငန်းလုပ်ဆောင်ပုံကို သိရှိနိုင်ရန်မှာ မလွယ်ကူလှပေ။ အချို့ သက်ရှိမျိုးစိတ်များမှာ ကီးစတုန်းမျိုးစိတ်ဖြစ်သည့်တိုင် သာမန်မျက်စိဖြင့် မြင်ရန်ပင်ခက်ခဲသော အဏုဇီဝ မျိုး စိတ်များလည်း ဖြစ်နေနိုင်သည် မဟုတ်ပါလား။ 

ထို့ပြင် သိပ္ပံပညာရှင်များ ဖော်ထုတ်တွေ့ရှိကာ အမည်ပေးထား၊ မှတ်တမ်းတင်ထားသည့် မျိုးစိတ်များသည်ပင်လျှင် အမှန်တကယ်ရှိနေသော မျိုးစိတ်အရေအတွက်နှင့် နှိုင်းယှဉ်လျှင် သေးငယ်သော အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်ပါသည်။ သိပ္ပံပညာရှင်များ ရှာမတွေ့သေးသည့် မျိုးစိတ်ပေါင်းများစွာသည်လည်း ကီးစတုန်းမျိုးစိတ်များအဖြစ် ဂေဟစနစ်ကို တည့်မတ်ထိန်းကျောင်းနေနိုင်ပါသေးသည်။ ထို့ကြောင့် ကီးစတုန်းမျိုးစိတ်များကို ရှာဖွေဖော်ထုတ်ရန်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ထက် ပို၍ခက်ခဲမည်မှာ အသေအချာပင် ဖြစ်ပါသည်။ 

သို့အတွက် သိပ္ပံပညာရှင်များသည် ကီးစတုန်းမျိုးစိတ် ရှာဖွေရေးလုပ်ငန်းများကို ပိုမိုခေတ်မီသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရန် လိုအပ်လာကြပြန်ပါသည်။ 

ကီးစတုန်းမျိုးစိတ်သဘောတရား၏ အခြေခံအကျဆုံးအစိတ်အပိုင်းမှာ ဂေဟစနစ်အတွင်းရှိ မျိုးစိတ်များ၏ အစာကွင်းဆက်ကို ခြေရာခံခြင်းပင် ဖြစ်သည်။ မည်သည့်မျိုးစိတ်က အခြားမည်သည့်မျိုးစိတ်ကို စားသုံးသည်ဆိုသည့် အချက်ကို အခြေခံကာ ကီးစတုန်းမျိုးစိတ်များကို ရှာဖွေခြင်းပင် ဖြစ်သည်။

ပစိဖိတ်သမုဒ္ဒရာကမ်းခြေမှ ကြယ်ငါးများသည် ဂုံးကောင်များကို စားသုံးကာ ရေတိမ်ပိုင်းရှိ ဂေဟစနစ်များကို ထိန်းကျောင်းပေးထားကြသည်။ ပင်လယ်ဖျံ များသည် သံပခြုပ်များကို စားသုံးကာ ပင်လယ်ရေမှော်ပင်များနှင့် အခြားမျိုးစိတ်များကို ရှင်သန်စေသည်။ ဆာရန်ဂတ်တီရှိ ဆတ်ကျွဲများသည် မြက်ကို စားကာ ဆာရန်ဂတ်တီလွင်ပြင်၏ ဂေဟစနစ်ကို ရှင်သန်စေသည်။ ထို့ကြောင့် မျိုးစိတ်များ စားသုံးသည့် အစာကို ခြေရာခံခြင်းက ကီးစတုန်းမျိုးစိတ်များကို ရှာဖွေဖော်ထုတ်ရန်နှင့် ၄င်းတို့၏ လုပ်ဆောင်ချက်များကို နားလည်ရန် အထောက်အကူပြုသည်။

သို့သော် ပင်လယ်သမုဒ္ဒရာထဲက သတ္တဝါမျိုးစိတ်များ၊ အထူးသဖြင့် မြင်နေကျမဟုတ်သည့် သတ္တဝါဆန်းများ၊ သူတို့အစာစားပုံကို မျက်လုံးဖြင့် မမြင်နိုင်သည့် သတ္တဝါလေးများ၏ အစာစားသောက်ပုံကို မည်သို့ လေ့လာကြည့်နိုင်ပါမည်နည်း။ အလွန်ခက်ခဲသည့်ကိစ္စ ဖြစ်ပါသည်။ 

သိပ္ပံပညာ၏ အခြေခံသဘောမှာ မေးခွန်းထုတ်ခြင်းနှင့် အဖြေရှာခြင်းပင် ဖြစ်ပါသည်။ ခက်ခဲလှသည့် ပုစ္ဆာမှန်သမျှအတွက် အဖြေရှာရင်းပင် သိပ္ပံပညာက ပိုမို၍ အစွမ်းထက်လာခြင်း ဖြစ်ပါသည်။ ရှာဖွေရခက်ခဲသော ကီးစတုန်းမျိုးစိတ်များကို ခြေရာခံရာတွင်လည်း သိပ္ပံပညာက လွယ်ကူအောင် ကူညီပေးပြန်ပါသည်။ ယင်းမှာ “stable isotopic analysis” ဟူသော နည်းပညာပင် ဖြစ်ပါသည်။ stable isotopic analysis ဆိုသည်မှာ အဘယ်နည်း၊ ကီးစတုန်းမျိုးစိတ်များကို မည်သို့ ရှာဖွေပေးပါသနည်း ဆက်လက်လေ့လာကြည့်သင့်ပါသည်။

#keystonespecies_khaingkyithit

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်