ကီးစတုန်းမျိုးစိတ်များ မိတ်ဆက် - ၉
၁၉၆၉ ခုနှစ်တွင် ဝါရှင်တန်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာရောဘတ်ပိန်းက ကီးစတုန်းမျိုးစိတ် သဘောတရားကို ထုတ်ဖော်ရှင်းပြခဲ့သည်။ ယင်းက အမေရိကန်ပြည်ထောင်စု၏ ပညာရေးရပ်ဝန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် ကြီးမားသော လှုပ်ခတ်ပြောင်းလဲမှုကိုဖြစ်ပေါ်စေခဲ့သည်။
ဂေဟစနစ်တစ်ခု၊ အစာကွင်းဆက်တစ်ခုအတွင်း မျိုးစိတ်များ၏အရေအတွက်၊ မျိုးစိတ်တစ်ခုချင်းစီရှိ သက်ရှိအရေအတွက်တို့ကို ၎င်းတို့အတွက် အစာရရှိနိုင်မှုကသာ ထိန်းချုပ်ထားသည်မဟုတ်ဘဲ အစာကွင်းဆက်၏ အပေါ်ဘက်မှ သားရဲတိရစ္ဆာန်များကလည်း ထိန်းချုပ်ထားသည်ဟူသော ထရိုးဖစ်ကက်စကိတ် ရှင်းလင်း ချက်သည် Yellowstone အမျိုးသားဥယျာဉ်ကြီး ပြန်လည်ရှင်သန်ရေးအတွက် အရေးကြီးသည့် သံချောင်း ခေါက်သံတစ်ခု ဖြစ်လာခဲ့သည်။
ထို့အတူ ဂေဟစနစ်တစ်ခုအတွင်း မျိုးစိတ်များစွာရှိသည့်အနက် ကီးစတုန်းမျိုးစိတ်ဟု သတ်မှတ်နိုင်သည့် မျိုးစိတ်တစ်ခု သို့မဟုတ် မျိုးစိတ်အချို့သည် ဂေဟစနစ်ကြီးကို ထိန်းကျောင်းပေးနေပြီး၊ ယင်းမျိုးစိတ်ကို ဖယ်ရှားလိုက်ရုံဖြင့် ဂေဟစနစ်အတွင်း အလွန်ကြီးမားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သည်ဟူသည့် ကီးစတုန်းမျိုးစိတ်သဘောတရားသည်လည်း Yellowstone အတွင်းမှ ရာစုနှစ်တစ်ဝက်ခန့် ပျောက်ကွယ်သွားခဲ့သည့် ဝံပုလွေတို့၏ ဆွဲဆွဲငင်ငင်အူသံကို ပြန်လည်ကြားယောင်စေခဲ့သည်။
မှန်ပါသည်။ Yellowstone ၏ အသက်ဝိဉာဉ်ကို ရှင်သန်အောင် ထိန်းကျောင်းပေးခဲ့သူများမှာ အဖယ်ရှားခံ ဗီလိန်များဖြစ်သည့် ဝံပုလွေများ ဖြစ်ပါသည်။ ဝံပုလွေများက Elk အရေအတွက်ကို ထိန်းသိမ်းကာ ဂေဟစနစ်ကြီးတစ်ခုလုံး၏ဟန်ချက်ကို စနစ်တကျ ထိန်းညှိပေးထားခဲ့ခြင်း ဖြစ်ပါသည်။ Yellowstone ဂေဟစနစ်အတွက် ဝံပုလွေများသည် မရှိမဖြစ် ကီးစတုန်းမျိုးစိတ်တစ်ခု ဖြစ်ပါသည်။
၁၉၇၄ ခုနှစ်တွင် ဝံပုလွေများကို မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိသော မျိုးစိတ် (endangered species) အဖြစ် တရားဝင်သတ်မှတ်ခဲ့ရသည်။ ထိုသို့ သတ်မှတ်လိုက်သဖြင့် မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိနေသည့် မျိုးစိတ်များ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ (Endangered Species Act – ESA) အရ ဝံပုလွေများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်လာသည်။ ထိုလိုအပ်ချက်အတွက် လက်တွေ့လုပ်ငန်းများကိုလည်း နောက်ထပ်တစ်နှစ်အကြာ ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့သည်။ Yellowstone ဂေဟစနစ်အတွင်းသို့ ဝံပုလွေများ ပြန်လည်ဖြည့်ဆည်းပေးရမည် ဖြစ်ပါသည်။
သို့သော်...။ အခက်အခဲများက စောင့်ကြိုနေဆဲ ဖြစ်ပါသည်။
ဝံပုလွေများကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန်အတွက် လုံလောက်သည့် ရန်ပုံငွေများကို မရရှိခဲ့ပါ။ အခြားတစ်ဖက်တွင် ထိုထက် အရေးကြီးသည့် ကိစ္စတစ်ရပ်ရှိနေပါ သေးသည်။ အခြားမဟုတ်ပါ။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု နည်းပါးနေသေးခြင်းဖြစ်ပါသည်။ မူဝါဒချမှတ်သူများအကြားတွင်လည်း အန္တရာယ်များလှသည့် သားရဲတိရစ္ဆာန်မျိုးစိတ်တစ်ခုကို ကာကွယ်စောင့်ရှောက်ပေးရမည်ဟူသည့်အချက်အပေါ် သံသယရှိနေကြဆဲ ဖြစ်ပါသည်။ ထို့သံသယကြောင့်ပင် လက်တွေ့လုပ်ငန်းလုပ်ဆောင်ရန် စိတ်ပါလက်ပါ မရှိခဲ့ကြပေ။
သို့နှင့်ပင် ၁၉၇၅ ခုနှစ်ကတည်းက ဝံပုလွေမျိုးစိတ် ပြန်လည်ထိန်းသိမ်းရေးအတွက် တရားဝင်စတင်ဆောင် ရွက်ခွင့် ရရှိခဲ့သော်လည်း နောက်ထပ် ၁၅ နှစ်ကျော်အကြာ ၁၉၉၁ ခုနှစ်ရောက်မှသာ Yellowstone သို့ ဝံပုလွေမျိုးစိတ်ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သည့်ရန်ပုံငွေကို အလုံအလောက်စတင်သုံးစွဲခွင့် ရရှိခဲ့ပါတော့သည်။
၁၉၉၅ ခုနှစ်၊ ဆောင်းရာသီ။
မီးခိုးရောင် ဝံပုလွေ ၁၄ ကောင်သည် အဆက်မပြတ် ကျဆင်းနေသော နှင်းပွင့်များအကြားတွင် စီတန်းလမ်းလျှောက်လာနေကြသည်။ သူတို့သည် ထူထပ်လှသော နှင်းများဖြင့် ဖုံးအုပ်နေသည့် နယ်မြေသစ်ကို စတင်ခြေချလာနေကြခြင်း ဖြစ်သည်။ အဖြူရောင် နှင်းလွှာများပေါ်တွင် ထင်ကျန်ရစ်သည့် သူတို့၏ ခြေရာများသည် အနာဂတ်တွင် Yellowstone ၏ ဂေဟဗေဒ အသက်ဝိဉာဉ်ကို ပြန်လည်ယူငင်ပေးကြမည့် ခြေလှမ်းများပင် ဖြစ်ပါသည်။
မှန်ပါသည်။ ကွန်ဂရက်လွှတ်တော်က ခွင့်ပြုပေးခဲ့သည့် ရန်ပုံငွေဖြင့် Yellowstone တွင် ဝံပုလွေမျိုးစိတ် ပြန်လည်ဖြည့်တင်းသည့် အစီအစဉ်ကို လက်တွေ့ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ ကနေဒါနိုင်ငံမှ ဝံပုလွေ ၁၄ ကောင်ကို လွှဲပြောင်းရယူကာ Yellowstone ဂေဟစနစ်အတွင်းသို့ ရွှေ့ပြောင်းနေရာချထားခြင်း ဖြစ်ပါသည်။ ယင်းအစီအစဉ်၏ ရလဒ်ကိုလည်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။
ဝံပုလွေများ Yellowstone သို့ ပြန်လည်ရောက်ရှိလာသည်နှင့် Elk အရေအတွက်မှာ သိသိသာသာ လျော့ကျလာသည်ကို တွေ့ရှိခဲ့ကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်များက Elk ကောင်ရေ ၁၅၀၀၀ ခန့် ရှိခဲ့ရာမှ ၂၀၂၀ ဝန်းကျင်တွင် ကောင်ရေ ၆၀၀၀ ခန့်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။
Elk ကောင်ရေ လျော့ကျလာခြင်းကြောင့် အပင်များရှင်သန်ရေးကို အထောက်အကူပြုမည်မှာ ပြောစရာလိုမည် မထင်ပါ။ သို့သော် ဝံပုလွေများက Elk ကောင်ရေကိုသာ လျှော့ချခဲ့သည်မဟုတ်ပါ။ ၄င်းတို့သည် Elk များ၏ ပြုမူနေထိုင်ပုံ သဘာဝကိုပါ Yellowstone ၏ ရေရှည်ရှင်သန်ရေးနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပေးခဲ့ခြင်း ဖြစ်ပါသည်။ မည်သို့ ပြောင်းလဲခဲ့ပါသနည်း။
တချိန်က ကြောက်စရာဟူ၍ ဘာမျှမရှိဘဲ သွားချင်တိုင်းသွား၊ စားချင်တိုင်းစားခဲ့ကြသည့် Elk များသည် သူတို့ကို ဖမ်းယူစားသောက်မည့် သားရဲတိရစ္ဆာန် ဝံပုလွေများ ရောက်လာသည့်အခါ ဘယ်နေရာကိုမျှ လက်လွတ် စပယ် မသွားလာကြတော့ပါ။ သူတို့သည် အန္တရာယ်ကို ဘယ်တော့မျှ မျက်ခြေမအပြတ်မခံတော့ပါ။
နေရာတစ်နေရာတွင် ကြာကြာနေလေ၊ ထိုနေရာသို့ ဝံပုလွေများရောက်လာပြီး ဖမ်းယူစားသောက်ခြင်းခံရနိုင်သည့် အန္တရာယ်က များလေလေ ဆိုသည်ကို သိလာကြသည်။ ထို့အတွက် ရေကြည်ရာမြက်နုရာ တစ်နေရာကို ရှာတွေ့ပါက ထိုနေရာမှ အစာကို ဝမ်းဝရုံသာစားကာ အခြားနေရာသို့ ရွှေ့ပြောင်းသွားလာကြတော့သည်။ အထူးသဖြင့် Elk များသည် တောင်ကြားများ၊ လျှိုမြောင်များ၊ တောင်ကြားချောင်းငယ်များတွင် အစာရှာခြင်းကို ရှောင်ရှားလာကြသည်။ ယင်းနေရာများတွင် ဝံပုလွေများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ပိုမိုခံရနိုင်သည် မဟုတ်ပါလား။
ယင်းအပြုအမူအပြောင်းအလဲက Elk တို့၏ အစာဖြစ်သော အပင်များ အလွန်အကျွံ ဖျက်ဆီးစားသောက်ခံရခြင်းကို လျော့နည်းသွားစေသည်။ အပင်များသည် ဖူးချိန်၊ ပွင့်ချိန်၊ သီးချိန်၊ အပင်သစ် ပေါက်ပွားရှင်သန်ချိန် ရလာကြသည်။ ယင်းအချက်သည် Yellowstone အမျိုးသားဥယျာဉ်ကြီး ပြန်လည်ရှင်သန်နိုးထလာရေးအတွက် အရေးကြီးသည့် အချက်ဖြစ်သည်။
၂၀၀၆ ခုနှစ်အရောက်တွင် အက်စပန် (Aspen) အပင်အချို့သည် Elk များက အရွက်ခူးစား၍ မရနိုင်လောက်တော့သည်အထိ မြင့်မားလာကြသည်။ ယခင်က ၄င်းအပင်၏ အရွက်များကို Elk များက အဆမတန် စားသောက်ကြသဖြင့် အပင်မှာ ထိုမျှလောက် မကြီးထွားနိုင်ခဲ့ပေ။
မြင့်မားသော Aspen ကြီးများ ပေါ်ထွက်လာပြီးသည့်နောက် ယင်းအပင်များပေါ် တွင် အသိုက်ဆောက်ကာ နေထိုင်ကြသည့် ငှက်များ Yellowstone သို့ ပြန်လည်ရောက်ရှိလာကြသည်။
သစ်ပင်များပြန်လည်ပေါက်ရောက်လာသဖြင့် ဘီဗာများ ပြန်လည်ပွားများလာကြသည်။ ၁၉၉၆ ခုနှစ်တွင် Yellowstone ၌ ဘီဗာအုပ် တစ်အုပ်သာ ကျန်ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ်သို့ ရောက်လာသည့်အခါ ဘီဗာအုပ် ၁၂ အုပ်အထိ ပွားများလာပြီ ဖြစ်သည်။
ဘီဗာများက မြစ်ချောင်းများကို တားဆီးကာ သဘာဝဆည်ကလေးများကို တည်ဆောက်ပေးကြသည့် အတွက် ထိုနေရာတွင် ရေက ပိုနက်လာသည်။ မြစ်ချောင်းများအတွင်း ရေစီးဆင်းမှုမှာလည်း ငြင်သာလာသည်။ ထို့အတွက် ငါးမျိုးစိတ်ပေါင်းများစွာ ပြန်လည်၍ ရှင်သန်နေထိုင်ရန်အတွက် နေစရာများ ရလာသည်။ ဝိုင်ယိုမင်းပြည်နယ်တွင် ဖြတ်သန်းစီးဆင်းသည့် မြစ်ချောင်းများအား လေ့လာချက်များအရ၊ ဘီဗာများရှိသော မြစ်ချောင်းများသည် ယင်းတို့မရှိသော မြစ်ချောင်းများထက် ရေနေသတ္တဝါမျိုးစိတ်အရေအတွက် ၇၅ ဆ ပိုမိုမြင့်မားသည်ဟု ဆိုသည်။
အရွက်စားသတ္တဝါများ လျော့နည်းသွားသဖြင့် မြစ်ချောင်းများနံဘေးရှိ အပင်များ ပျက်စီးမှု လျော့ကျသွားကာ ပိုမိုရှင်သန်လာကြသည်။ မြစ်ဘေး၊ ချောင်းဘေးတွင် အပင်များပိုရှိလေ၊ ယင်းမြစ်ချောင်းများအတွင်းသို့ မြေဆီလွှာများ တိုက်စားသယ်ဆောင်သွားခြင်းကို လျှော့ချလာနိုင်လေ ဖြစ်သည်။ ထို့အတွက် Yellowstone အတွင်းရှိ မြစ်ချောင်းများ၏ သဘာဝမှာလည်း ပြောင်းလဲလာတော့သည်။
စတုရန်းမိုင် ၃၄၀၀ ကျော် ကျယ်ဝန်းသည့် ဂေဟစနစ်ကြီးအတွင်းသို့ ကီးစတုန်းမျိုးစိတ်ဖြစ်သည့် ဝံပုလွေ ၁၄ ကောင်မျှကို ပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် Yellowstone ၏ ဂေဟစနစ်ကို ပြောင်းလဲယူ၍ ရသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။ ထိုအပြောင်းအလဲသည် အနာဂတ်မျိုးဆက်သစ်များအတွက် Yellowstone ဂေဟစနစ်ကြီးကို ထိန်းသိမ်းကာကွယ်ရာတွင် အရေးကြီးသည့် အစိတ်အပိုင်းမှ ပါဝင်လျက်ရှိပါသည်။
ကီးစတုန်းမျိုးစိတ်သဘောတရား ကို အခြေခံသည့် လက်တွေ့ကြိုးပမ်းဆောင်ရွက် မှုများသည် Yellowstone ကဲ့သို့သော ဂေဟစနစ်ကြီးများကိုပင် ပြန်လည်ရှင်သန်အောင် အကူအညီပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပြီဖြစ်ပါသည်။
ဂေဟစနစ်ဆိုသည်မှာ အမှတ်မထင်ဖြစ်စေ၊ ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ဖျက်စီးခံရပါက အချိန်တိုအတွင်း ပျက်စီးသွားတတ်သော်လည်း ယင်းကို ပြန်လည်တည်ဆောက်ရာတွင် အချိန်များစွာ၊ ရင်းနှီးမြှုပ်နှံမှုများစွာ၊ အသိပညာနှင့် အတတ်ပညာများစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါသည်။ ကီးစတုန်းမျိုးစိတ်အယူအဆသည် ယင်းရင်းနှီးမြှုပ်နှံမှုများကို လျှော့ချကာ လိုအပ်သည့် အပြောင်းအလဲကို လျင်လျင်မြန်မြန်ဖော်ဆောင်ရာတွင် များစွာ အထောက်အကူပြုပါသည်။
ကီးစတုန်းမျိုးစိတ်များနှင့် ပတ်သက်သည့် အချက်အလက်၊ အသိပညာများ အများပြည်သူထံသို့ ကျယ်ကျယ် ပြန့်ပြန့်ရောက်ရှိအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဂေဟစနစ်များ ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်မိပါသည်။
#ခိုင်ကြည်သစ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။