ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration – FDA) က တိရစ္ဆာန်တွေ မွေးမြူစရာမလို၊ သားသတ်စရာမလိုဘဲ၊ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထုတ်လုပ်တဲ့ အသား (Lab-Grown Meat) ကို လူသားတွေစားသုံးဖို့ ထုတ်လုပ်ခွင့်ပြုလိုက်ပါတယ်။
ဒီသတင်းကို မကြာသေးမီရက်ပိုင်းအတွင်းက ဘီဘီစီ မြန်မာပိုင်းသတင်းဌာနရဲ့ Facebook စာမျက်နှာမှာ တင်ပြခဲ့တာမို့ မြန်မာနိုင်ငံကစာဖတ်ပရိသတ်တွေလည်း အတော်လေး စိတ်ဝင်တစား ရှိခဲ့တာကို တွေ့ရပါတယ်။
FDA အနေနဲ့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Upside Foods ကုမ္ပဏီကြီးက ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထုတ်လုပ်တဲ့ ကြက်သားနမူနာကို စမ်းသပ်စစ်ဆေးပြီးတဲ့နောက်မှာ “အဲဒီ အသားတွေဟာ အများပြည်သူရဲ့ အစားအသောက် ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီး ဘာမျှထပ်ပြီး မေးခွန်း ထုတ်စရာ မရှိတော့ဘူး” လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲက ထုတ်လုပ်တဲ့အသားတွေဟာ ဈေးကွက်ထဲကို မရောက်ရှိလာသေးသလို၊ ဘယ်အချိန်လောက်မှာ ဈေးကွက်ထဲ ရောက်ရှိနိုင်မယ်ဆိုတာကိုလည်း တိတိကျကျတော့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့လည်း အခုလို FDA က ထုတ်ပြန်လိုက်တာကြောင့် ဓာတ်ခွဲခန်းမှာ ထုတ်လုပ်တဲ့အသားတွေ ဈေးကွက်ထဲရောက်ရှိလာဖို့ လမ်းစတော့ ပွင့်သွားပြီလို့ ဆိုရမှာပါ။
ဘာကြောင့် ဓာတ်ခွဲခန်းက အသားတွေထုတ်လုပ်ဖို့ စဉ်းစားရတာလဲ
၂၀၅၀ အရောက်မှာ ကမ္ဘာ့လူသားထုအတွက် အသားလိုအပ်ချက်ဟာ နှစ်ဆအထိ မြင့်မားလာနိုင်တယ်လို့ စာရင်းဇယားတွေက ဖော်ပြနေပါတယ်။ ဒါကြောင့် မြေယာအသုံးချမှု မလိုအပ်ဘဲ အသားတွေ ထုတ်လုပ်နိုင်ဖို့ စဉ်းစားလာကြရပါတယ်။ လက်ရှိမှာ ကမ္ဘာမြေကြီးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို မွေးမြူရေးတိရစ္ဆာန်တွေအတွက် အသုံးပြုနေကြရပြီး အဲဒီ မြေအကျယ်အဝန်းတစ်ခုတည်းနဲ့ မွေးမြူရေးလုပ်လို့ရတာ မဟုတ်ပြန်ပါဘူး။ မြေအပြင်၊ ရေ၊ တိရစ္ဆာန်အစာပင်တွေစိုက်ဖို့ မျိုး၊ မြေသြဇာ၊ လောင်စာစွမ်းအင် စသည်ဖြင့် သွင်းအားစုတွေ အများအပြား လိုအပ်ပြန်ပါတယ်။ ကမ္ဘာမြေပေါ်မှာစိုက်ပျိုးတဲ့ ကောက်ပဲသီးနှံတွေအားလုံးရဲ့ ၅၅ ရာခိုင်နှုန်းဟာလည်း တိရစ္ဆာန်တွေကို ကျွေးမွေးဖို့ အစာအဖြစ် စိုက်ပျိုးကြရတာ ဖြစ်ပါတယ်။
လက်ရှိမှာ လူဦးရေ သန်း ၈ ထောင်ရှိတဲ့အနက် သန်း ၂ ထောင်ဟာ စားနပ်ရိက္ခာမဖူလုံတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပြီး ကမ္ဘာ့လူဦးရေကလည်း ဆက်ပြီးတိုးနေပြန်ပါတယ်။ ၂၀၅၀ မှာ လူဦးရေ သန်း ၉ ထောင် ဖြစ်လာတဲ့အခါ အဲဒီလူဦးရေက ဝဝလင်လင် စားသုံးနိုင်ဖို့ အသားတွေတိုးပြီး လိုအပ်လာဦးမှာဖြစ်ပါတယ်။
တခြားတစ်ဖက်မှာလည်း မွေးမြူရေးတိရစ္ဆာန်တွေကြောင့် ဖန်လုံအိမ်အာနိသင် ထုတ်လွှတ်မှုတွေ ဖြစ်ပေါ် ပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတယ်ဆိုတဲ့ အချက်ကလည်း ရှိနေပြန်ပါတယ်။ အထူးသဖြင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိတဲ့ စားမြုံ့ပြန်သတ္တဝါတွေဟာ သူတို့ရဲ့ အစာချေစနစ်က မီသိန်းဓာတ်ငွေ့ကို ထုတ်လွှတ်မှု အလွန်မြင့်မားပါတယ်။ မီသိန်းဟာ ဖန်လုံအိမ်ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် မွေးမြူရေးအတွက် မြေယာအလုံအလောက်ရှိသေးတယ်ဆိုရင်တောင် တိုးမွေးဖို့ ခက်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ချက်က ရှိနေပြန်ပါတယ်။
ဒါကြောင့် အသားလျှော့စားဖို့ ဒါမှမဟုတ် အသားစားတာ ရှောင်ရှားဖို့အထိတောင် စဉ်းစားလာကြပါတယ်။ ဒါပေမယ့် ဒါက လက်တွေ့မကျလှပါဘူး။ ကမ္ဘာ့လူသားတွေအတွက် အသားက မဖြစ်မနေ လိုအပ်နေဦးမှာပါ။ ဒါကြောင့်မို့ မွေးမြူရေးမလုပ်ဘဲ အသားထုတ်ဖို့ ဆိုတဲ့ စိတ်ကူးရလာကြတာ ဖြစ်ပါတယ်။
အပင်ကထုတ်တဲ့ အသားတွေ
ရှေ့ဆုံးက စဉ်းစားကြတာကတော့ အသီးအရွက်ကို အခြေခံပြီး အသားနဲ့ တထေရာတည်းတူတဲ့ အသားတု ထုတ်လုပ်ဖို့ဖြစ်ပါတယ်။ အစားအသောက်နည်းပညာကုမ္ပဏီကြီးတွေဟာ အပင်ကနေ အသားထုတ်လုပ်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေခဲ့ကြတာပါ။
ဥပမာ Chipotle ကုမ္ပဏီကြီးဟာ Chorizo ဆိုတဲ့ စပိန်အစားအစာတစ်မျိုးကို ပဲကနေ ထုတ်လုပ်ခဲ့ပါတယ်။ Chorizo ဆိုတာကတော့ ဝက်သားကို အချဉ်တည်ပြီး ကျပ်တိုက်ကင်ထားတဲ့ စားသောက်ဖွယ်တစ်မျိုးပါ။ Taco Bell ကတော့ ကုလားပဲကိုအခြေခံတဲ့အသားကို ထုတ်လုပ်ဖို့ လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။ Beyond Meat ကလည်း ပဲကိုပဲ အခြေခံပြီး Beyond Chicken Tender ဆိုတဲ့ ထုတ်ကုန်တစ်မျိုးကို ထုတ်လုပ်ရောင်းချနေပါတယ်။ ကြက်သားရဲ့ အနံ့၊ အရသာ၊ အထိအတွေ့ကို ရရှိစေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ plant-base meat လို့ဆိုတဲ့ အသားတုတွေဟာ တကယ့်အသားမဟုတ်ပါဘူး။ အပင်ထွက် စားသောက်ကုန်တွေကို အသားအဖြစ် အမြင်ပြောင်းထားသလိုပဲ ဖြစ်နေပါသေးတယ်။ အဲဒီ အသားတုတွေကို စားမယ်ဆိုရင် သက်သတ်လွတ်သမားအဖြစ်နဲ့ ဘာမျှ ကွာခြားမှာ မဟုတ်ပါဘူး။
မွေးမြူရေး လုပ်တာကို မကြိုက်ဘူး၊ တိရစ္ဆာန်တွေကို သတ်တာလည်း မကြိုက်ဘူး၊ ဒါပေမဲ့ အသားမစားရရင်လည်း မနေနိုင်ဘူးဆိုတဲ့သူတွေကလည်း ကမ္ဘာပေါ်မှာ အများအပြားပါ။ ဒီလိုလူတွေအတွက် ဓာတ်ခွဲခန်းထဲကနေ အသားတွေကို ဖန်တီးထုတ်လုပ်ဖို့ ဖြစ်လာတာပါပဲ။
ဓာတ်ခွဲခန်းထဲကနေ အသားတွေ ဘယ်လိုထုတ်လုပ်သလဲ
ဓာတ်ခွဲခန်းထဲကနေ ကြက်သား၊ ဝက်သား၊ အမဲသားတွေ ထွက်လာဖို့ ပထမဆုံးလိုအပ်ချက်ကတော့ တိရစ္ဆာန်တွေရဲ့ ပင်မဆဲလ် (stem cell) တွေ ဖြစ်ပါတယ်။ Stem cell ဆိုတာကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်ပေါ်လာဖို့ သန္ဓေသားဘဝမှာ စတင်ဖြစ်ပေါ်လာတဲ့ဆဲလ်တွေပဲ ဖြစ်ပါတယ်။ ကြက်သားကို ဓာတ်ခွဲခန်းမှာထုတ်လုပ်ချင်တယ်ဆိုရင် သန္ဓေအောင်ကြက်ဥကလေးထဲက ကြက်သားပေါက်လေးကို ယူပြီး၊ ကြွက်သားအဖြစ်ပြောင်းလဲလာမဲ့ ပင်မဆဲလ်ကို ထုတ်ယူရမှာ ဖြစ်ပါတယ်။ ထို့အတူပါပဲ၊ အမဲသားကို ဓာတ်ခွဲခန်းမှာ ထုတ်ယူလိုတယ်ဆိုရင်လည်း နွားသန္ဓေသားလေးထဲက အမဲသားဖြစ်လာမယ့် ပင်မဆဲလ်တွေကို ထုတ်ယူရမှာ ဖြစ်ပါတယ်။
ရရှိလာတဲ့ ပင်မဆဲလ်တွေကို လိုအပ်တဲ့ အာဟာရဓာတ်တွေထည့်ဖျော်ထားတဲ့ အရည် (media) ထဲကို ထည့်ပေးပြီး၊ လိုအပ်တဲ အပူချိန်၊ အောက်ဆီဂျင် အစရှိတဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖန်တီးပေးရပါတယ်။ အာဟာရရည်ထဲမှာ သတ္တုဓာတ်ဆားတွေ၊ ဗီတာမင်တွေ၊ အသားဓာတ်(ပရိုတင်း) တွေ၊ အခြားဆဲလ်ပွားများဖို့အတွက် လိုအပ်တဲ့အရာ (Growth factor) တွေ ထည့်ပေးထားရပါတယ်။ အသားဓာတ်ရဖို့ အာဟာရရည်ထဲ ထည့်သွင်းဖျော်စပ်လေ့ ရှိတာကတော့ နွားသန္ဓေသားလေးထံက ထုတ်ယူရရှိတဲ့ သွေးခဲရည်ကြည် (Fetal bovine serum – FBS) ဖြစ်ပါ တယ်။ အဲဒီလို သင့်လျော်တဲ့ အာဟာရနဲ့ ပတ်ဝန်းကျင်ကို ရရှိရင်တော့ အချိန်ကာလ တစ်ခုအရောက်မှာ ပင်မဆဲလ်တွေကနေ လူတွေလိုလားတောင့်တတဲ့ အသားတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
ဓာတ်ခွဲခန်းကထုတ်တဲ့အသားရဲ့ ကောင်းကျိုး
ရိုးရိုးလေးတွေးကြည့်ရင်တော့ ဓာတ်ခွဲခန်းက အသားတွေ ထုတ်လာတာမို့ မွေးမြူရေးကို လျှော့လုပ်လို့ရမယ်ဆိုတဲ့ အချက်ပါပဲ။ ဒါဆိုရင် ကမ္ဘာကြီးပူနွေးလာတဲ့ပြဿနာ၊ ကမ္ဘာ့ရာသီဥတုပြောင်း လဲမှု ပြဿနာကို လျှော့ချနိုင်မယ်လို့ မျှော်လင့်ကြည့်နိုင်ပါတယ်။
နောက်တစ်ချက်ကတော့ ဓာတ်ခွဲခန်းထဲမှာ ထုတ်လုပ်တာမို့ မွေးမြူရေးခြံမှာ တိရစ္ဆာန်တွေမွေးမြူထုတ်လုပ်တာထက် ပိုပြီး ရောဂါပိုးမွှားတွေကို ထိန်းချုပ်နိုင်ပါတယ်။ ဥပမာ အသားထဲမှာ ဆဲလ်မိုနဲလားလို ဗက်တီးရီးယားမျိုး မပါလာအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။
ထင်သလောက် အကျိုးရှိပါ့မလား
ဒါပေမဲ့ ဓာတ်ခွဲခန်းထဲက အသားတွေ ထုတ်လုပ်တာဟာ ထင်ထားသလောက် အကျိုးရှိပါ့မလားဆိုတဲ့ မေးခွန်းတွေကလည်း ထွက်ပေါ်လာနေဆဲပါ။ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုကို Frontiers of Sustainable Food System ဂျာနယ်မှာ ဖော်ပြထားရာမှာ ဓာတ်ခွဲခန်းက အသားထုတ်လုပ်တာဟာ မွေးမြူရေးလုပ်ပြီး အသားထုတ်လုပ်တာထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှု ပိုပြီး မြင့်မားတယ်ဆိုတဲ့ အချက်ကို ဖော်ပြထားပါတယ်။
မီသိန်းကို လျှော့ထုတ်ပေမဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို တိုးထုတ်တာမျိုးဖြစ်နေတာမျိုးဆိုရင်လည်း သဘာဝပတ်ဝန်းကျင်ကောင်းကျိုးရနိုင်တယ်ဆိုတာမျိုး ပြောဖို့ခက်ပါလိမ့်မယ်။ Oxford တက္ကသိုလ်ရဲ့ LEAP (Livestock, Environment and People Program) ရဲ့ အဲဒီ သုတေသနမှာ ဓာတ်ခွဲခန်းကနေ အသားတွေထုတ်လုပ်ရာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိရခြင်းရဲ့ အဓိကအချက်ကတော့ အသုံးပြုတဲ့ စွမ်းအင် (Energy) ကြောင့် ဖြစ်တယ်လို့ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ တကယ်လို့ အဲဒီလို အသုံးပြုတဲ့စွမ်းအင်ဟာ သန့်ရှင်းတဲ့အရင်းအမြစ်က ရရှိတဲ့ စွမ်းအင် ဖြစ်မယ်ဆိုရင်တော့ မွေးမြူရေးအစား၊ ဓာတ်ခွဲခန်းက ထုတ်တဲ့အသားက ပတ်ဝန်းကျင်အတွက် ပိုပြီး အကျိုးရှိစေမှာပါ။
တချို့ကလည်း ပင်မဆဲလ်တွေကို အသားအဖြစ် ပွားများယူရာမှာ အသုံးပြုတဲ့ အာဟာရတစ်မျိုးဖြစ်တဲ့ FBS တွေဟာ နွားရဲ့သန္ဓေသားကနေ ထုတ်ယူရတာ ဖြစ်တာမို့ နွားတွေ မွေးနေ၊ သတ်နေရဦးမှာပါပဲလို့ ထောက်ပြဝေဖန်တာလည်း ရှိပါတယ်။ ဒါကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်ပါ။
ဒါနဲ့ ဆက်စပ်ပြီး နောက်ထပ်ကြုံတွေ့ရတဲ့ ပြဿနာတစ်ရပ်ကတော့ ကုန်ကျစရိတ် မြင့်မားတဲ့ ကိစ္စပါ။ နည်းပညာမြင့်မြင့်မားမားလိုအပ်တဲ့ ဘယ်လိုထုတ်ကုန်မျိုးမဆို ကုန်ကျစရိတ်က မြင့်မားတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်လာနိုင်လေလေ ထုတ်လုပ်မှုကုန်ကျစရိတ်က လျော့နည်းလေလေပါပဲ။
ဈေးနှုန်းဘယ်လောက်လဲ
ဓာတ်ခွဲခန်းထဲကနေ အသား ၁ ပေါင် ထုတ်လုပ်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၁.၂ သန်း ကုန်ကျတယ်လို့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်တုန်းက The New York Times သတင်းစာမှာ တင်ပြခဲ့တဲ့ ဆောင်းပါးရှင် Henry Fountain ရဲ့ Lab-Grown Burger Gets a Taste Test ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ နာမည်ကြီး ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Chase Purdy က ၂၀၂၀ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ Billion Dollar Burger ဆိုတဲ့ စာအုပ်မှာတော့ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်တဲ့အသားအတွက် ကုန်ကျစရိတ်ဟာ ၁ ပေါင်ကို အမေရိကန်ဒေါ်လာ ၅၀ ပဲ ကျသင့်တော့ကြောင်း တွက်ချက်ပြထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၁ ပေါင် ကို ဒေါ်လာ ၅၀ ဆိုတာလည်း ဈေးကြီးနေ သေးတာပါပဲ။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ The Washington Post သတင်းစာမှာ ဖော်ပြထားတဲ့ စားသောက်ကုန် လုပ်ငန်း သတင်းထောက်တစ်ဦးဖြစ်သူ Laura Reiley ရဲ့ Impossible Burger: Here’s what’s really in it ဆိုတဲ့ ဆောင်းပါမှာတော့ ဈေးကွက်ထဲမှာ အပင်ကနေ ထုတ်လုပ်တဲ့ အသားတု ၁ ပေါင် ကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ် လာ နဲ့ ဝယ်ယူရရှိနိုင်တာကို ဖော်ပြထားပါတယ်။
နယ်သာလန်နိုင်ငံ Maastricht တက္ကသိုလ်က သုတေသီတွေရဲ့ ဈေးနှုန်းတွက်ချက်ပုံကလည်း စိတ်ဝင်စားစရာပါ။ ၂၀၂၃ ခုနှစ်က ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့ အမဲသားကို အသုံးပြုပြီး ဘာဂါတစ်လုံး လုပ်မယ်ဆိုရင် အဲဒီဘာဂါဟာ အမေရိကန် ဒေါ်လာ ၃ သိန်း ကျသင့်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ထပ် နှစ်နှစ်အကြာမှာတော့ ဘာဂါတစ်လုံးကို ၁၁.၃၆ ဒေါ်လာသာ ကျသင့်တော့တယ်လို့ ဆိုပါတယ်။ နည်းပညာကို တွေ့ရှိလာလေလေ ဈေးနှုန်းက ချိုသာလာလေလေ ဆိုတာကို တွေ့ရမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အချိန်အထိတော့ ဓာတ်ခွဲခန်းကထုတ်လုပ်တဲ့အသားတွေဟာ မွေးမြူရေးလုပ်ငန်းတွေက ထုတ်လုပ်တဲ့ အသားတွေထက် ဈေးကြီးနေသေးတာတော့ အမှန်ပါပဲ။
စိုက်ပျိုးမွေးမြူရေးသမားတွေအတွက် တွေးဆစရာ
အနာဂတ်မှာ ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့အသားတွေဟာ ဈေးကွက်ထဲ အတိုင်းအတာအထိ နေရာယူလာဖို့ ရှိပါတယ်။ ဒါကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကြီးအတွက် ကြီးမားတဲ့ သက်ရောက်မှု ရှိလာမှာ အသေအချာပါ။ အဲဒီအခါ ဘယ်လိုအပြောင်းအလဲမျိုးတွေ ကြုံတွေ့ရမလဲဆိုတာကို စောင့်ကြည့်နေတဲ့ တပြိုင်နက်တည်းမှာပဲ ကြိုတင်တွေးဆနေဖို့ လိုအပ်ပါကြောင်း စုစည်းတင်ပြလိုက်ရပါတယ်။
ကိုးကား
- Lab-grown chicken safe to eat, say US regulators - BBC News
- FDA Completes First Pre-Market Consultation for Human Food Made Using Animal Cell Culture Technology | FDA
- Chipotle's Plant-Based Chorizo Has Arrived! Here's Where to Find It - Brightly
- Beyond Chicken vegan tenders: How they taste and where to get them - Vox
- Taco Bell testing vegan meat alternative | Fox News
- Is lab-grown meat really better for the environment? | University of Oxford
- A Lab-Grown Burger Gets a Taste Test - The New York Times (nytimes.com)
- What’s inside an Impossible Burger - The Washington Post
- Lab-grown meat: How it's made, sustainability and nutrition | Live Science
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။