“ စပါးဈေးသာမကောင်းဘူးဆိုရင်တော့ ငါတို့လယ်သမားတွေသေရောပေါ့”
တောင်ငူမြို့နယ်၊ ငါးဖယ်အင်းရွာက နွေစပါးစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဦးလင်းရဲ့ ငြီးတွားမှုပါ..။
ဦးလင်းဟာ ပြီးခဲ့တဲ့နှစ် နွေစပါးစိုက်ရာသီတုန်းက တစ်ဧကကို ဓာတ်မြေဩဇာဖိုး ကျပ်တစ်သိန်း အောက်သာ သုံးခဲ့ပါတယ်။ ဒါဟာ နွေစပါးအတွက် သူတို့ ပုံမှန် ဓာတ်မြေဩဇာသုံးတဲ့နှုန်းကို ကာမိစေပါတယ်။ ဒီရာသီအတွက်တော့ ဓာတ်မြေဩဇာဖိုးသက်သက်တင် ဦးလင်းသုံးလိုက်ရတဲ့ငွေက ကျပ် ၁၈၀၀၀၀ ကျော်ရှိသွားပါတယ်။ ငွေကသာ နှစ်ဆလောက်ကုန်သွားပေမယ့် ပြန်ရတဲ့ ဓာတ်မြေဩဇာ ပမာဏက ဘယ်လောက်ဖြစ်သွားလဲဆိုတာ ဦးလင်းရဲ့ ပြောစကားကို ခံစားကြည့်ပါဦး..။
“ သေချာတွက်ကြည့်လိုက်မှ တစ်ဧက တစ်သိန်းရှစ်သောင်း ကျော်သွားပြီဟ..။ တစ်ဧကအတွက် မြေဩဇာပမာဏကတော့ မနှစ်ကလောက်ပဲ။ မတူတာကတော့ ဒီနှစ်က ဈေးပေါတာတွေ ရှာသုံးရတာပေါ့” တဲ့။
ဒါဟာ ဦးလင်းတစ်ဦးတည်းခံစားရတဲ့ ပြဿနာလားဆိုတော့ မဟုတ်ပါဘူး။ တောင်ငူခရိုင်အတွင်းက လယ်သမားတွေအားလုံးပါ။ ကုန်ကုန်ပြောရရင် တစ်နိုင်ငံလုံးက လယ်သမားတွေ ခံစားရတာမျိုးလည်း ဖြစ်ပါလိမ့်မယ်။
ပြီးခဲ့တဲ့နှစ် နွေရာသီက ကျပ် ၃၀၀၀၀ ကျော် ၄၀၀၀၀ နီးပါးသာရှိခဲ့ပြီး လယ်သမားတွေအတွက် မရှိမဖြစ် ဓာတ်မြေဩဇာဖြစ်နေတဲ့ ပုလဲ(ခ) ယူရီးယားဓာတ်မြေဩဇာတစ်အိတ်ဟာ ဒီနှစ်နွေရာသီမှာ နှစ်ဆခွဲလောက်ဖြစ်တဲ့ ကျပ် ၉၀၀၀၀ ဝန်းကျင်ထိ ဈေးထိုးတက်သွားပါတယ်။ တခြားဓာတ်မြေဩဇာဈေးနှုန်းတွေကလည်း နှစ်ဆလောက် ဈေးတက်သွားတာပါပဲ။
ဒီတော့ စပါးစိုက်တောင်သူတွေရဲ့ သွင်းအားစုပမာဏကုန်ကျစရိတ်ဟာ နှစ်ဆမက ထိုးတက်သွားတာပါ။
“ ကျွန်တော်ဆို မနှစ်က နွေစပါးတုန်းက တစ်ဧကကို ၁ သိန်းလောက်ပဲ သုံးတာ။ ဒီနှစ်တော့ နှစ်သိန်းနှစ်သောင်း ကျော်သွားပြီ။ ဒါတောင် တစ်ဧကကို အိတ်ဝက်နှုန်းလောက် လျော့သွားသေးတယ်” လို့ တောင်ငူမြို့နယ်၊ ငါးရှဉ့်ချောင်းကျေးရွာက တောင်သူတစ်ဦးဖြစ်သူ ဦးလှိုင်က ဆိုပါတယ်။
မြေဩဇာပုံမှန်သုံးမယ်ဆို တစ်ဧကကို ကျပ် နှစ်သိန်းခွဲလောက်ထိ ကျသွားနိုင်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။ ပုလဲတစ်အိတ်ကို ကျပ် ၃၅၀၀၀ နှုန်းနဲ့ စိုက်ပျိုးရေးရုံးတွေက ချပေးနေတယ်ဆိုပေမယ့် အများစုကတော့ မရကြသေးပါဘူး။
“ ရရင်လည်း ဒီနွေအတွက်က မမီဖို့များသွားပါပြီ။ မိုးအတွက်သုံးပေါ့။ ဒါပဲရှိတော့တယ်” လို့ ရေတာရှည် မြို့နယ်အတွင်းက လယ်သမားတစ်ဦးက ဆိုပါတယ်။
တချို့လယ်သမားတွေက ဖြစ်ချင်ရာဖြစ်ဆိုပြီး မြေဩဇာတွေကို အတတ်နိုင်ဆုံးအကုန်အကျခံ သုံးစွဲကြ ပေမယ့် ဘယ်လိုမှ အဆင်မပြေလို့ အဆင်ပြေသလောက်ပဲ သုံးနေရတဲ့လယ်သမားတွေလည်း ရှိပါတယ်။ စိုက်ပျိုးရေးသွင်းအားစုဆိုင်အတော်များများကလည်း အများစုကို အကြွေးနဲ့ မပေးနိုင်တော့ပါဘူး။ လယ်သမားတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်က သုံးတဲ့ငွေပမာဏထက်တော့ လျော့သုံးလိုက်တာမဟုတ်ပေမယ့် ဓာတ်မြေဩဇာကတော့ ပြီးခဲ့တဲ့နှစ်ပမာဏရဲ့ တစ်ဝက်တောင် မရှိတော့တာဖြစ်ပါတယ်။
“ နောက်ဆုံးတစ်သုတ်ကျမှပဲ ထိထိမိမိ ကျွေးပစ်လိုက်တော့မယ်ဗျာ” လို့ လယ်သမားတစ်ဦးက ဆိုပါတယ်။ သူ့လယ်တွေကတော့ လက်ရှိမှာ ဘယ်လိုမှ မကောင်းပါဘူး။
တချို့ကတော့ မြေဩဇာဈေးကိုကြောက်လို့ တစ်ကြိမ်လောက် လျှော့သုံးလိုက်ကာမှ နောက်ကနေ ပိုလိုက်နေရတဲ့အဖြစ်နဲ့ကြုံနေရတဲ့ လယ်သမားလည်း ရှိပါတယ်။ အရင်က မြေခံအမြဲထည့်ပေမယ့် ဒီရာသီ ရောက်မှ အဲ့ဒါကို မထည့်ဘဲ ခိုလိုက်မိတဲ့အခါ စပါးတွေက အတက်မကောင်းတော့လို့ နောက်ထပ်ထည့်ရတဲ့မြေဩဇာတွေအတွက် စရိတ် ပိုသုံးနေရတာဖြစ်ပါတယ်။
“ ကိုယ့်စပါးပင်တွေက အစာတောင်းနေတာ မြင်ရတော့လည်း မနေနိုင်ပြန်ဘူး။ ဖြစ်ချင်ရာဖြစ် ထည့်ရတော့တာပဲ။ ငွေဘယ်လောက်ကုန်သွားပြီလဲဆိုတာတောင် မတွက်ဖြစ်တော့ဘူး။ တစ်ကြိမ်ခိုလိုက်ကာမှ ပိုဆိုးသွားတယ်” လို့ ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာက တောင်သူတစ်ဦးဖြစ်တဲ့ ဦးဌေးက ပြောပါတယ်။
လက်ရှိမှာ စပါးဈေးမြင့်တက်မှုတွေရှိနေပေမယ့် တောင်သူတွေကတော့ အပြည့်အဝ စိတ်မချနိုင်သေးပါဘူး။ တောင်သူတွေလက်ထဲ စပါးမရှိသေးတဲ့အချိန် စပါးဈေးတွေမြင့်တက်၊ စပါးပေါ်ချိန်ကျ ဈေးပြန်ကျတဲ့ အဖြစ်မျိုးက သူတို့ ကြုံနေကျဖြစ်နေလို့ပါ။
ဒီကြားထဲ လောင်စာဆီဈေးနှုန်းတွေမြင့်တက်လာမှုကလည်း လယ်သမားတွေကို တိုက်ရိုက်ထိပါတယ်။ ရိတ်သိမ်းခြွေလှေ့စက်ခတွေ အများကြီး မြင့်တက်သွားတာကြောင့်ပါ။ ပြီးခဲ့တဲ့နှစ် နွေရာသီက တစ်ဧက ကျပ် ၄၅၀၀၀ ခန့်သာ ရှိခဲ့တဲ့ ရိတ်စက်ခက အခုအချိန်မှာတော့ တစ်ဧက ကျပ် ၈၀၀၀၀ လောက် ဖြစ်မယ်လို့ သတင်းတွေထွက်နေပါပြီ။
“ ဒါတောင် ဆီဈေးတွေက လက်ရှိဈေးထက်ပိုပြီး မတက်ဦးမှတဲ့” လို့ လယ်သမားတစ်ဦးက စိတ်ရှုပ်ထွေးနေတဲ့ပုံစံနဲ့ ငြီးတွားပါတယ်။
နွေစပါးပေါက်ဈေးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက စပါးပေါ်ချိန် တစ်တင်း ကျပ် ၅၅၀၀ ခန့်သာ အများ ဆုံးရှိခဲ့တာဖြစ်ပြီး ဒီနှစ် အဖွင့်ဈေး ကျပ် ၆၀၀၀ ခန့်ရှိရင်တောင် ရိတ်စက်ခအတွက်ချည်းတင် စပါး ၁၃ တင်းကျော် ပလုံသွားပါပြီ။ ဒါတောင် မြေပြင်ချိန်တုန်းက လောင်စာဆီဈေးတွေ အခုလောက်မတက်သေးလို့ နည်းနည်းသက်သာခဲ့တာကြောင့်သာ တော်သေးတာပါ။
အခုလက်ရှိအခြေအနေတွေအရ လာမယ့်မိုးရာသီအတွက် စပါးတစ်ဧကစိုက်ရင် ကုန်ကျနိုင်တဲ့ ခန့်မှန်းစရိတ်ကို ရေတာရှည်မြို့နယ်ထဲက လယ်သမားတစ်ဦးက အခုလို တွက်ပြပါတယ်။
ထွန်ယက်ခ (ထွန်နှစ်စပ်+အခြားမြေပြင်ခ) - ၈၀၀၀၀ ကျပ်
မျိုးဖိုး+ စပါးကြဲပက်အလုပ်သမားခ - ၂၅၀၀၀ ကျပ်
ကောက်ဖာခ (ကောက်စိုက်ခ) + ပေါင်းသတ်ဆေး - ၂၀၀၀၀ ကျပ်
ဓာတ်မြေဩဇာ (မြေခံပါ ၄ ကြိမ် (ပုံမှန်)) - ၂၃၁၀၀၀ ကျပ်
မှိုသတ်ဆေး + ပိုးသတ်ဆေး - ၁၀၀၀၀ ကျပ်
ရိတ်သိမ်းခ + သယ်ယူခ - ၁၀၀၀၀၀ ကျပ်
စုစုပေါင်း ကျပ် ၄၆၆၀၀၀ ရှိပါတယ်။ ဒါတောင် သူ့အတွက်လုပ်အားခနဲ့ သွင်းအားစုတွေအတွက် လက်ငင်းမပေးနိုင်ရင် တက်လာနိုင်တဲ့ အတိုးနှုန်းတွေ ထည့်တွက်မထားသေးပါဘူး။
မိုးစပါးအတွက် ပျမ်းမျှအထွက်နှုန်းဟာ တစ်ဧက တင်း ၈၀ လောက်သာရှိပါတယ်။ စပါးတင်း ၁၀၀ ကို ကျပ် ၆ သိန်းဈေးနဲ့တွက်ရင် ကျပ် ၄၈၀၀၀၀ ရပါမယ်။ အထက်မှာ ဖော်ပြခဲ့တဲ့နှုန်းအတိုင်းတွက်ရင် အမြတ်ငွေ တစ်ဧက ကျပ် ၁၄၀၀၀ ရှိပါမယ်။ ဒါတောင် ရာသီဥတုမဖျက်ဆီးဘဲ ရှောရှောရှူရှူ ရဦးမှ ဖြစ်မှာပါ။ မထင်မှတ်တဲ့ ပြဿနာတွေဝင်လာရင်တော့ သေချာပေါက် အရှုံးပေါ်ပါလိမ့်မယ်။
ဒီတော့ မိုးစပါးစိုက်ဖြစ်ဦးမှာလားလို့ လယ်သမားတစ်ဦးကိုမေးတော့ အခုလို ပြန်ပြောပါတယ်။
“ လယ်ပဲလုပ်စရာရှိတာ။ လယ်မစိုက်တော့ ဘာသွားလုပ်ရမတုန်း” တဲ့။
ဘာတွေဆက်ဖြစ်လာမလဲမသိပေမယ့် ဒီနွေရာသီမှာတော့ မြေဩဇာပုံမှန်မကျွေးနိုင်တဲ့ လယ်သမားတွေ အထွက်နှုန်းတွေ လျော့မှာကတော့ သေချာလှပါတယ်။
ဇင်ဘိုလွင်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်