မြန်မာ့ကျောက်ပုစွန်(Lobster)များသည် ပြည်ပပို့ကုန်အဖြစ် စျေးကွက်တွင် နေရာရနေသော အခွံမာ ရေနေ သတ္တဝါတစ်မျိုး ဖြစ်သည့်အတွက် မွေးမြူလိုသူများအတွက် လေ့လာရေးသား ဖော်ပြပေးလိုက်ပါသည်။
ကျောက်ပုစွန်မွေးမြူနိုင်သည့်နည်းစနစ်
ကျောက်ပုစွန်ကို သဘာဝမှဖမ်းဆီးခြင်းကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအတော်များများ၌ လုပ်ဆောင်လျက်ရှိကြပြီး မြန်မာနိုင်ငံ၌ ဆောင်းရာသီကာလတွင် ပိုမိုရမိကြလေ့ ရှိသည်။ အထူးသဖြင့် အရှေ့တိုင်းအစားအစာများတွင် ကျောက်ပုစွန်မှာ ထင်ပေါ်ကျော်ကြားသည်။ သဘာဝမှ ကျောက်ပုစွန်များကို အလွန်အကျွံဖမ်းဆီးမှုကြောင့် သဘာဝရေနေသယံဇာတများ အများအပြား သေကြေပျက်စီး၍ ကျောက်ပုစွန်စျေးနှုန်းကို ပိုမိုမြင့်တက်စေသည်။
ယခုဆိုလျှင် နိုင်ငံအချို့ရှိ ကုမ္ပဏီကြီးများတွင် ကျောက်ပုစွန်သားပေါက်(Post-larval stage puerulus)အဆင့်မှ စီးပွားဖြစ်ရောင်းဝယ်သောအရွယ်အထိ ဖော်စပ်ထားသောအစာများကျွေး၍ မွေးမြူနိုင်သည့်နည်းစနစ် ဖွံ့ဖြိုးလာပြီ ဖြစ်သည်။
အင်ဒို - ပစိဖိတ်ဒေသတွင် ကျောက်ပုစွန်(Spiny lobster, Panulirus sp) မျိုးစိတ်များစွာကို တွေ့ရှိနိုင်ပြီး အမေရိကန်ကျောက်ပုစွန်နှင့် မတူဘဲ ၎င်းတွင် အစာသားကောင်များကို ခွဲခြေနိုင်ရန်နှင့် ရန်သူအား ကာကွယ်နိုင်မည့် သန်မာတုတ်ခိုင်သော လက်မများ မပါရှိပါ။ ၎င်းအစား Spiny Lobster ကျောက်ပုစွန်၌ ရှည်လျားသော နှာမောင်းတံပိုင်ဆိုင်ထားပြီး ထိုနှာမောင်းဖြင့် ၎င်း၏သားလောင်းနှင့် အန္တရာယ်များကို ဝှေ့ယမ်းရန်အသုံးပြုကြပါသည်။
ကမ္ဘာတစ်ဝန်းကျောက်ပုစွန်စျေးကွက်
အင်ဒို-ပစိဖိတ်ဒေသတွင်း၌ ကျောက်ပုစွန်ကို ရေငုပ်သမားများက ဖမ်းယူကြပြီး ပိုက်လှောင်အိမ်ဖြင့် ထည့်လှောင်၍ ပင်လယ်ရေထဲတွင်ထားကာ ဂျပန်၊ ထိုင်ဝမ်၊ ရှန်ဟိုင်းနှင့် ဟောင်ကောင်စျေးကွက်များသို့ အရှင်တင်ပို့ရောင်းချကြပါသည်။
ဒေသအပြင်ဘက်များတွင်မူ အဓိကအားဖြင့် ကျောက်ပုစွန်ကို သြစတြေးလျနှင့် ကာရစ်ဘီယန် (Carribean sea)ဒေသများ၌ တွေ့ရှိနိုင်ပါသည်။ ကျောက်ပုစွန်စျေးကွက် လိုအပ်ချက်မြင့်မားခြင်းသည် အကျိုးအမြတ်များသောစျေးကွက်ကို ဖြစ်စေပါသည်။
ထို့ကြောင့် အရှေ့တောင်အာရှဒေသရှိ ကျောက်ပုစွန်များရှိသော အဓိကနေရာများတွင် သဘာဝမှအလွန်အကျွံဖမ်းဆီးမှုကြောင့် သယံဇာတများလျော့နည်းခဲ့ပြီး အခြားဒေသများတွင်လည်း မျိုးသုဉ်းမှုအန္တရာယ်က ခြိမ်းခြောက်လျက် ရှိပါသည်။
ကျောက်ပုစွန်သယံဇာတများ ထိန်းသိမ်းရေး
ကမ္ဘာတစ်ဝန်း ကျောက်ပုစွန်ဖမ်းဆီးထုတ်လုပ်မှုမှာ နှစ်စဉ် တန်ချိန်ပေါင်း ၇၇၀၀၀၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရှိသည်။ အဆိုပါထုတ်လုပ်မှုမှ တန်ချိန်ပေါင်း ၃၈၀၀၀ မှာ ကာရစ်ဘီယန် (Carribean)ဒေသရှိ သဘာဝမှ ဖမ်းဆီးသော ကျောက်ပုစွန်များဖြစ်သည်။ ကာရစ်ဘီယန်ဒေသရှိ များစွာသောကျွန်းများ၏ အဓိကစီးပွားရေးအကျိုးအမြတ်ကို ကျောက်ပုစွန်များ ပြည်ပတင်ပို့ခြင်းမှ ရရှိပါသည်။
သဘာဝ၌ ကျောက်ပုစွန်များနေထိုင်ရာနေရာများ လျော့နည်းလာခြင်းနှင့်အတူ ပျက်စီးစေသောငါးဖမ်းနည်းဖြင့် ကျောက်ပုစွန်များ အလွန်အကျွံဖမ်းဆီးခြင်းတို့ကဲ့သို့ လူကြောင့်ဖြစ်သော သဘာဝကျောက်ပုစွန်သယံဇာတများ လျော့ကျစေမှုများသည် လက်ရှိကျောက်ပုစွန်စျေးကွက် ရေရှည်တည်တံ့ရေးကို ခြိမ်းခြောက်လာနိုင်ပါသည်။
ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာစေခြင်း ဖြစ်သော တီထွင်ဖန်တီးထားသည့်နည်းလမ်းများဖြင့် မွေးမြူထုတ်လုပ်ပြီး သဘာဝသို့ ကျောက်ပုစွန်သားပေါက်များ လွှတ်ပေးခြင်းဖြင့် ကျောက်ပုစွန်များပြန်လည်ပေါများလာမည်ဟု ယုံကြည်ပါသည်။ ယခုအခါ ကျောက်ပုစွန်သယံဇာတထိန်းသိမ်းရေးအစီအမံများဖြစ်သော ဖမ်းဆီးသည့်အရွယ်အစားကို ကန့်သတ်ထားခြင်းနှင့် ဥဆောင်ကျောက်ပုစွန်အမများ ဖမ်းဆီးခြင်းကို တားမြစ်ခြင်းတို့ လုပ်ဆောင်လာကြပြီဖြစ်ပါ သည်။
ကျောက်ပုစွန်အလွန်အကျွံဖမ်းဆီးထုတ်လုပ်ခြင်းကို ကာကွယ်နိုင်မည့် နောက်ထပ်နည်းလမ်းတစ်ရပ်မှာ ကျောက်ပုစွန်များကို စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်သည့် မွေးမြူရေးနည်းပညာရပ်များ ဖွံ့ဖြိုးလာစေရေးဖြစ်သည်။ အချို့သော သုတေသနနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များမှ စီးပွားဖြစ်မကျတကျ အတိုင်းအတာအထိ ကျောက်ပုစွန်သားပေါက် (Post-larvae) နှင့် သက်ငယ်ကောင်များကို စျေးကွက်ဝင်အရွယ်အထိ မြေပြင်ပေါ်ရှိ ရေရှင်စနစ်ကန်များနှင့် တီထွင်ဖန်တီးထားသည့် ပင်လယ်ရေဖြင့်မွေးသည့်ကန်များဖြင့် မွေးမြူနိုင်သည့် နည်းပညာများ ဖွံ့ဖြိုးလာပြီဖြစ်သည်။
ကျောက်ပုစွန်၏ ရှုပ်ထွေးသော ဘဝစက်ဝန်း
သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အားထုတ်ကြိုးပမ်းမှုကြောင့် အနုစိတ်လွန်းသောကျောက်ပုစွန်သားဖောက်ခြင်းနှင့် မွေးမြူခြင်းနည်းပညာများ တိုးတက်ဖွံ့ဖြိုးလာသော်လည်း သားဖောက်ရုံမှ စီးပွားဖြစ်အတိုင်းအတာထုတ်လုပ်နိုင်သည်အထိ မဖြစ်လာသောအကြောင်းတစ်ရပ်မှာ ကျောက်ပုစွန်၏ဘဝစက်ဝန်းမှာ ရှုပ်ထွေးသောကြောင့်ဖြစ်သည်။
ဥမှပေါက်ကာစ ကျောက်ပုစွန်သားလောင်းငယ်(Phyllosomes)သည် အလွန်သေးငယ်၍ ထိုးဖောက်မြင်နိုင် သည့် ပင့်ကူကဲ့သို့ဖြစ်ပြီး အဆိုပါသားလောင်းအဆင့်၌ သွင်ပြင်ရုပ်ခန္ဓာပြောင်းလဲလာသည့်အဆင့် ၁၀ ဆင့်ရှိ၍ ၁၇ ကြိမ်အထိ အခွံလဲပါသည်။
ကျောက်ပုစွန်သားပေါက်များကို သဘာဝမှ ဝိုင်းချုပ်ပိုက်၊ အထူးပုံစံပြုလုပ်ထားသော မြှုံးနှင့် ရေငုပ်သမားများဖြင့် ဖမ်းဆီးကြသည်။ သဘာဝမှဖမ်းဆီးရယူသော ကျောက်ပုစွန် သားပေါက်များကို မွေးမြူရန်ဆိုပါက ၄ စင်တီမီတာမှ ၆ စင်တီမီတာအထိ အရွယ်ကောင်များကို ကြိုက်နှစ်သက်ကြပြီး ဗီယက်နမ်နိုင်ငံ၌ မေလနှင့် နိုဝင်ဘာလအကြား ဖမ်းဆီးရမိသော ကျောက်ပုစွန်သားပေါက်များမှာ ၅ စင်တီမီတာမှ ၇ စင်တီမီတာအထိ ရှိကြကာ ကျန်ရှိသောလများ၌ ဖမ်းဆီးရရှိသော ကျောက်ပုစွန်သားပေါက်များမှာ ၂ စင်တီမီတာထက်သေးငယ်ကြပါသည်။
ကျောက်ပုစွန်ကို သားပေါက်အရွယ်မှ စျေးကွက်ဝင်အရွယ်ဖြစ်သော ၁ ကီလိုဂရမ်အရွယ်အထိ မွေးမြူချိန်မှာ ၁၂ လမှ ၂၄ လအထိ ကြာမြင့်တတ်သည်။ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတွင် သားလောင်းငယ်အဆင့်မှ သားပေါက်အရွယ်အထိ မွေးမြူခြင်းမှာ အောင်မြင်မှုရရှိခဲ့သော်လည်း အလွန်နည်းပါးသော အရေအတွက်အတိုင်းအတာအထိသာ ထုတ်လုပ်နိုင်ပါသည်။
Ref:(1) Department of fisheries.
(2) Wikipedia.
(အပိုင်း-၂ တွင် သားပေါက်အရွယ်များကို စုဆောင်းမွေးမြူခြင်း၊ ကျောက်ပုစွန်အစာ၊ သင့်လျော်သောနေရာရွေးချယ်ခြင်း၊ ဗီယက်နမ်နိုင်ငံ၏ ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်း)တို့ကို ဆက်လက်ဖော်ပြပေးပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။