မုတ်သုံနန်းတော်
၁၈၇၀ ပြည်လွန်နှစ်တွေတုန်းက အိန္ဒိယအနောက်ပိုင်း မဲဝါတိုင်းကို အစိုးရတဲ့ 'ဆပ်ဂျန်ဆင်း' မင်းဟာ အင်းမြို့တော် 'ယူဒိုင်ပေါ' ရဲ့ အထက်က ကျောက်တောင်ကုန်းတစ်ကုန်းပေါ် မှာ စကျင်ကျောက်သားနန်းတော်တစ်ဆောင် ဆောက်လုပ်ဖို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီမင်းဟာ မုတ်သုံရာသီကို အင်မတန်မှ နှစ်ခြိုက်တယ်။ ဒါကြောင့် နန်းတော်သစ်ကြီးသာ ဆောက်ပြီးရင် မိုးသားတိမ်တိုက်တွေ တလိမ့်လိမ့် ရွေ့လျားနေတာကို ရှုစားဖို့ နေရာကောင်းတစ်ခု ရလာလိမ့်မယ်။
ဒါပေမဲ့ 'ဆပ်ဂျန်ဆင်း' မင်းဟာ နန်းတော်သစ်ကြီး ဆောက်ပြီးတာကို တွေ့မြင်မသွားရပါဘူး။ အသက် ၂၆ နှစ်အရွယ်မှာတင် သေသောက်ကျူးပြီး ကွယ်လွန်သွားခဲ့တယ် ဆိုပါတယ်။ ဒါပေမဲ့ ထီးနန်းဆက်ခံသူက နန်တော်ကြီးကို အပြီးသတ်အောင် တည်သွားခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ ခရီးသွားတွေ အထူး သဖြင့် အိန္ဒိယနိုင်ငံထဲက ပိုပိုများလာနေတဲ့ လူလတ်တန်းစားတွေ အဲဒီကို ရောက်လာနေကျပါ။ အငှားယာဉ်တွေပေါ် လူအပြည့်အသိပ် လိုက်ပါပြီး ကောက်ကွေ့ကြမ်းတမ်းတဲ့ တောင်တက်လမ်းအတိုင်း တက်လာနေကျပါ။
"မုတ်သုံနန်းတော်" လို့ ခေါ်ကြတဲ့ ဒီနန်းတော်ကြီးရဲ့ အရှေ့ဘက်မျက်နှာစာကနေ ကြည့်ရင် ယူဒိုင်ပေါမြို့ တမျှော်တခေါ် မြင်ကွင်းကျယ်နဲ့ လက်လက်တောက်နေတဲ့ အင်းရေပြင်တွေကို တွေ့ရပါတယ်။ မိုးတွင်းရောက်လို့ နန်းတော်ရဲ့ ဆန့်ကျင်ဘက်မျက်နှာစာကနေ ကြည့်ရင်တော့ အလားတူ ရှုမငြီးစရာ မြင်ကွင်းပါပဲ။ ရေခိုးရေငွေ့ ပြည့်ဝနေတဲ့ မိုးသားတိမ်တောင်တွေ ကောင်းကင်ယံမှာ တလိပ်လိပ် တက်သုတ်နှင်နေတဲ့ မြင်ကွင်းပါ။
အဲဒီတိမ်တိုက်တွေကို အနောက်တောင်လေက သယ်ဆောင်လာတာဖြစ်ပါတယ်။ ဟိုးအရင် ခေတ်အဆက်ဆက်မှာလည်း မုတ်သုံရာသီနဲ့ပတ်သက်တဲ့ အမြင့်ဆုံးအသိဟာ အဲလောက်ပဲ ရှိခဲ့ပါတယ်။ နွေအကုန်ကစပြီး မိုးတစ်တွင်းလုံးမှာ လေတိုက်ခတ်ရာအရပ် ပြောင်းလဲလာမှုကြောင့် ခုလို ဖြစ်ပေါ်ရတဲ့အကြောင်းပါ။ ပထမရာစုနှစ်ကာလလောက်ကတည်းက ရွက်သင်္ဘောသမားတွေဟာ လေကြောင်း ပြောင်းလဲလာမှုကို အခွင့်ကောင်းယူပြီး အိန္ဒိယသမုဒ္ဒရာနဲ့ အာရေဗျပင်လယ်တို့ကို ဖြတ်ကာ အရှေ့အလယ်ပိုင်းဒေသကနေ အိန္ဒိယနိုင်ငံထိ လာရောက်ခဲ့ကြဖူးပါတယ်။
နောက်ဆုံး ၁၇ ရာစုထဲကို ရောက်လာတော့မှ အင်္ဂလိပ်လူမျိုး နက္ခတ္တဗေဒနဲ့ မိုးလေဝသပညာရှင် အက်ဒ်မွန်ဟေလီက မုတ်သုံရာသီ ဖြစ်ပေါ်ပုံကို ဖော်ထုတ်တင်ပြနိုင်ခဲ့ပါတယ်။ လေတိုက်ရာအရပ် ပြောင်းလဲလာမှု (မိုးဦးကျမှု) ဟာ ရာသီချိန်ခါလိုက်ပြီး သမုဒ္ဒရာနဲ့ ကုန်းမြေတို့ကြား အပူချိန်ကွာခြားချက်အပြောင်းအလဲနဲ့ ဆက်နွှယ်ဖြစ်ပေါ်တယ်ဆိုတာကို ဟေလီက တင်ပြခဲ့ပါတယ်။
သူ့ရဲ့ယူဆချက် မှန်ပါတယ်။ ထူးထူးခြားခြားပဲ "သူ့သီအိုရီကို ဖော်ထုတ်ရာမှာ တစ်ဆင့်ကြား အကိုးအကားအချက်အလက်တွေအပေါ် လုံးလုံးလျားလျား အခြေခံခဲ့တာဖြစ်တယ်" လို့ အိန္ဒိယမိုးလေဝသဌာနကို ၁၉၉၈ ကနေ ၂၀၀၃ အထိ ဦးဆောင်ခဲ့သူ ရန်ဂျန်ကယ်လ်ကာ က ပြောပါတယ်။ "ဟေလီဟာ အိန္ဒိယနိုင်ငံကို တစ်ခေါက်မှတောင် ရောက်မလာခဲ့ဖူးဘူး" လို့ သူ ပြောပြတယ်။
မုတ်သုံနန်းတော်ကြီး တည်ဆောက်ပြီးချိန်ရောက်တော့ မုတ်သုံရာသီနဲ့ ပတ်သက်တဲ့ ကိုးကားစရာ လက်တွေ့အထောက်အထားတွေ အမြောက်အမြား ရှိနေပါပြီ။ ဒါတွေရလာတာဟာ နိုင်ငံကို ၁၈ ရာစုအလယ်ပိုင်းအထိ ရာစုနှစ်တစ်ခုကြာ အုပ်စိုးခဲ့တဲ့ British East India Company ရဲ့ ကျေးဇူးများစွာ ပါပါတယ်။ "ဒီကုမ္ပဏီရဲ့ မကောင်းတဲ့လုပ်ရပ် များစွာ ရှိတဲ့ကြားကနေ သူတို့ကောင်းတာ ရွေးထုတ်ပြရရင်တော့ မိုးရေချိန်တိုင်းတာရေးကိရိယာနဲ့ မိုးလေဝသလေ့လာရေးအဆောက်အအုံတွေ တပ်ဆင်ဆောက်လုပ်ခဲ့တာပါ" လို့ ဒေါက်တာကယ်လ်ကာက ပြောပါတယ်။
ဗြိတိသျှနဲ့ အိန္ဒိယ သိပ္ပံပညာရှင်အဆက်ဆက်တို့ဟာ မုတ်သုံရာသီအကြောင်းကို ပိုပြီး အသေးစိတ်ကျကျ လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ သမုဒ္ဒရာက ရေမှုန်ရေငွေ့ပါတဲ့လေတွေ ကုန်းတွင်းကို ဝင်ရောက်လာပုံ၊ လေက အထက်အရပ်ကို တက်သွားပြီးနောက် အေးမြသွားပုံ၊ ရေငွေ့တွေဟာ ငွေ့ရည်ဖွဲ့ပြီး မိုးစက်မိုးပေါက်အဖြစ် ရွာချပုံ စတဲ့ မိုးရွာသွန်းမှုဖြစ်စဉ်တွေ ပါဝင်ပါတယ်။
မုတ်သုံဟာ အိန္ဒိယတောင်ပိုင်းမှာ စတင်ပြီး အဲဒီမှာ ရှိတဲ့ ကမ်းရိုးတန်း တောင်တန်းတွေက မိုးရွာသွန်းမှုပုံစံကို ပုံဖော်ပါတယ်။
ရေငွေ့ သယ်လာတဲ့ လေတွေဟာ အာရေဗျပင်လယ်ဘက်ကနေ ဝင်လာပြီး အိန္ဒိယအနောက်ရိုးမ တောင်တန်းတွေနဲ့ တွေ့ဆုံပါတယ်။
လေဟာ တောင်တန်းတွေနဲ့ ဝင်ဆောင့်မိတဲ့အခါ အထက်အရပ်ဆီကို လမ်းကြောင်း ပြောင်းသွားပါတယ်။ အထက်ကို ရောက်လာတာနဲ့ လေထု ပိုအေးမြလာပြီး ရေငွေ့တွေက ရေစက်အဖြစ် ငွေ့ရည်ဖွဲ့ကာ မိုးအဖြစ် ရွာချပါတယ်။
ကမ်းရိုးတန်းဒေသတွေကတော့ မိုးရွာသွန်းမှုဒဏ် အခံရဆုံး ဖြစ်ပါတယ်။ လေက တောင်တန်းတွေကို ကျော်ဖြတ်ပြီးတဲ့အခါ ရေငွေ့ပါနှုန်း နည်းလာပြီး မိုးကလည်း သည်းထန်မှု လျော့နည်းလာပါတယ်။
ဒါပေမဲ့ ကမ္ဘာကြီး ပိုမိုပူနွေးလာတာနဲ့အမျှ လေထုက ရေခိုးရေငွေ့ကို ပိုပြီး ထိန်းသိမ်းထားနိုင်လာပါတယ်။ ဒါကြောင့် ခြောက်သွေ့တဲ့ မိုးနည်းဒေသတွေမှာတောင် မိုးတွေ ပိုမိုသည်းသည်းထန်ထန် ရွာသွန်းတာ တွေ့လာရပါမယ်။
ယနေ့ခေတ်မှာတော့ သိပ္ပံပညာရှင်တွေက မုတ်သုံဖြစ်စဉ်ဟာ တော်တော်လေး ရှုပ်ထွေးတယ်လို့ သိလာကြပါတယ်။ မုတ်သုံ အစတည်ဖြစ်ပေါ်ပုံနဲ့ ပတ်သက်ပြီး အခြားသီအိုရီတွေလည်း ပေါ်ထွက်လာပါတယ်။ အဲဒီထဲမှာ မုတ်သုံဟာ ကုန်သည်လေတိုက်ခတ်ရာရပ်ဝန်း မြောက်ဘက်ဆီ ပြောင်းလဲလာတာနဲ့ ဆက်နွယ်နေကြောင်း ယူဆချက်လည်း အပါအဝင်ပါ။ ဒါပေမဲ့ အခြေခံကတော့ ဟေလီ ဖော်ထုတ် တင်ပြခဲ့တဲ့အတိုင်း ရှိနေဆဲပါပဲ။ ဒီမုတ်သုံဖြစ်စဉ်ယန္တရားကို မောင်းနှင်ပေးတဲ့ အင်ဂျင်ကတော့ ကုန်တွင်းပိုင်းနဲ့ သမုဒ္ဒရာအပူချိန် ခြားနားမှု ဖြစ်ပါတယ်။
နွေလတွေမှာ မြောက်ကမ္ဘာလုံးခြမ်းဟာ နေနဲ့တည့်တည့်ကျရောက်နေတာကြောင့် ကုန်းတွင်းပိုင်းဟာ သမုဒ္ဒရာထက်ပိုပြီး ပူပါတယ်။ ကုန်းမြေပေါ်က လေထု ပူနွေးလာတာနဲ့အမျှ လေဖိအား နည်းလာပါတယ်။ ဒါက လေဖိအားများတဲ့ သမုဒ္ဒရာထဲကလေတွေကို ကုန်းတွင်းပိုင်းဆီ တိုက်ခတ်လာစေပါတယ်။ "ဒီလိုအပူချိန်ခြားနားမှုက လေဖိအား ကွာဟချက်ကို ဖြစ်စေပြီး သမုဒ္ဒရာထဲက မိုးလေတွေကို ကုန်တွင်းပိုင်းဆီ ဝင်ရောက်လာစေပါတယ်" လို့ ဒေါက်တာကိုးလ်က ပြောပါတယ်။ ကမ္ဘာကြီး လည်ပတ်နေတာကလည်း ဒီလေတွေ ရှေးရှုတိုက်ခတ်ရာအရပ်ကို ဖြစ်ပေါ်စေပါတယ်။
ဒါပေမဲ့ ဒါဟာ မုတ်သုံဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ဒေသမျှသာ ရှိသေးတယ်လို့ ဂျာမနီနိုင်ငံရှိ Potsdam Institute for Climate Impact Research သုတေသနဌာနက ရာသီဥတုပညာရှင် အန်းဒါး လီဗာမန်း က ပြောပါတယ်။ "ပထမဆုံး မိုးဦးကျတဲ့အချိန်ကစလို့ ကုန်းမြေကလည်း အေးမြပြီး အပူချိန်ကျလာတယ်" လို့ သူက ပြောပါတယ်။
ဒီလိုဆိုတော့ ကုန်းတွင်းပိုင်းနဲ့ သမုဒ္ဒရာအပူချိန် ကွာဟချက်နည်းလာပြီး မုတ်သုံလေ ရပ်သွားမလား ဒါမှမဟုတ် နှေးကွေးသွားမလားလို့ မျှော်လင့်စရာရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကုန်းတွင်းပိုင်းကို အနွေးဓာတ် တိုးစေတဲ့ နောက်ဖြစ်စဉ်တစ်ခု ရှိလာပါတယ်။ အဲတာကတော့ ရေငွေ့တွေကို မိုးစက် မိုးပေါက်အဖြစ် ပြောင်းလဲစေတဲ့ ငွေ့ရည်ဖွဲ့မှုကတစ်ဆင့် အပူဓာတ်ကို ထုတ်လွှတ်တဲ့ဖြစ်စဉ်ပါ။ ဒါက ကုန်းတွင်းနဲ့ သမုဒ္ဒရာ အပူချိန်ကွာခြားချက်ကို ဆက်ထိန်းပေးထားပြီး မုတ်သုံယန္တရားကို ဆက်လက်လည်ပတ်စေပါတယ်။
အဲဒီလို ကိုယ်ထူကိုယ်ထနည်းနဲ့ မုတ်သုံ ဆက်လက်ဖြစ်တည်စေတဲ့ ဝိသေသလက္ခဏာဟာ အရေးကြီးတယ်လို့ ဒေါက်တာလီဗာမန်းက ပြောပါတယ်။ အကြောင်းကတော့ ကမ္ဘာကြီး ပူနွေးသထက် ပူနွေးလာချိန်မှာ မုတ်သုံရာသီရဲ့ တစ်နှစ်နဲ့တစ်နှစ် ပြောင်းလဲတတ်မှုဟာ ပိုတိုးလာနိုင်တာကြောင့်ပါ။ "မုတ်သုံက အားကောင်းကောင်းနဲ့ ဝင်လာပြီဆိုရင် ကောင်းသထက် ဆက်ကောင်းသွားမယ်။ အားပျော့ပျော့နဲ့ ဝင်လာရင်လည်း ပျော့သထက် ဆက်ပျော့မယ်" လို့ သူက ပြောပါတယ်။
ရာစုနှစ်များစွာအတွင်း အိန္ဒိယတိုက်မှာ မိုးရေချိန် ရွာမြဲအောက် ၂၀-၃၀ ရာခိုင်နှုန်းလောက် နည်းတဲ့ အားပျော့တဲ့မုတ်သုံ တစ်နည်းအားဖြင့် ဗွေဖောက်တဲ့ မုတ်သုံရာသီများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ၁၈၉၉ ခုနှစ်မှာ မုတ်သုံဖောက်ခဲ့လို့ အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာ လူ ကိုးသန်းလောက် သေဆုံးတဲ့အထိ ဖြစ်ခဲ့တယ်လို့ ခန့်မှန်းချက်အချို့က ဆိုပါတယ်။
၂၀ ရာစု အလယ်ပိုင်းလောက်ကလည်း ပြည်ပအကူအညီတွေကြောင့်သာ အိန္ဒိယအနေနဲ့ အငတ်ဘေးကို ရှောင်လွှဲပြီး ဗွေဖောက်တဲ့ မုတ်သုံရာသီတွေကို ဖြတ်ကျော်နိုင်ခဲ့တာပါ။ အဲဒီကနေ နောက်ပိုင်းတော့ စိုက်ပျိုးရေးကဏ္ဍတိုးတက်မှုကနေ အပြောင်းအလဲ အကြီးအကျယ် ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒေါက်တာ ကယ်လ်ကာက ၁၉၆၀ ကျော်ကာလ၊ သူ့အသက် ၂၀ ကျော်အရွယ်မှာ ကြုံခဲ့ရတဲ့ မုတ်သုံရာသီတွေအကြောင်း ပြန်အမှတ်ရနေပါတယ်။ "မုတ်သုံက ဖောက်ပြီးရင်း ဖောက်ရင်းပဲ။ အဲဒီအတွက် ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းအဖြစ် ပြည်ပကနေ ဂျုံတင်သွင်းခဲ့ရတယ်" လို့ ပြောပြတယ်။
"ကျွန်တော် ခွဲတမ်းစနစ်နဲ့ ရောင်းပေးတဲ့ဆိုင်မှာ တန်းစီခဲ့ရဖူးတယ်။ ဒီတော့မှ တစ်ပတ်စာ ရိက္ခာ ရတာလေ" လို့ သူ ပြောပြတယ်။ ဒါကို မုတ်သုံဘေးလို့တောင် ဆိုနိုင်ပြီး ဘယ်သူကမှ ဒီလိုမျိုး ထပ်ပြီး မတွေ့ချင်မကြုံချင်ကြတော့ဘူး။
[ဆက်လက်ဖော်ပြပါမည်…]
ဝေယံဟိန်း (B.Ag)
Ref: The Monsoon Is Becoming More Extreme - The New York Times
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်