လအလိုက်ကြံအလေးချိန်ကျဆင်းမှု

16/03/2023 13:00 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

၁။ အောက်တိုဘာလမှ ဧပြီလအထိ ကြံခုတ်ချိန်ကာလအတွင်း ခုတ်ချိန်နောက်ကျသည်နှင့်အမျှ ကြံအလေးချိန် လျော့နည်းကျဆင်းလာသောဖြစ်စဉ်ကို ၁၉၈၃-၈၄ ခုနှစ်မှ ၁၉၈၉-၉၀ ခုနှစ်အထိ ရေဆင်းဗဟိုစိုက်ပျိုးရေးသုတေသန၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် ညောင်ပင်သာ ဗဟိုစိုက်ပျိုးရေးခြံ (ဖြူး)တို့တွင် ဆောင်ရွက်ခဲ့သော သုတေသနအထောက်အထားများအရ သုံးသပ်တင်ပြအပ်ပါသည်။

၂။ ကြံအလေးချိန်ကျဆင်းမှုကို ပုံစံနှစ်မျိုးဖြင့်တွေ့ရပါသည်။ - အောက်တိုဘာလမှ ဧပြီလအထိ မျဉ်းဖြောင့်ပုံစံအတိုင်း တောက်လျှောက်ကျဆင်းမှုပုံစံနှင့် အခြားတနည်းအဖြစ် အောက်တိုဘာလမှ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလအထိ ကြံအလေးချိန်တိုးတက်ပြီး ဖေဖော်ဝါရီလနောက်ပိုင်း အလေးချိန်ပြန်လည်ကျဆင်းတတ်သော မျဉ်းကွေးပုံစံဖြင့် အတက်အကျရှိတတ်သောဖြစ်စဉ်ကိုလည်းတွေ့ရပါသည်။

၃။ မျဉ်းဖြောင့်ပုံစံအတိုင်းကျဆင်းမှု -  ကြံ၏ကြီးထွားမှုအရှိန်တန့်သွားချိန်၌ အစိုဓာတ်နှင့် မြေဆီဩဇာဓာတ် လျော့နည်းလိုက်လာချိန်နှင့်တိုက်ဆိုင်ကာ ကြံပင်သည် ဒြပ်ခြောက်အလေးချိန်ဆက်လက်မတိုးနိုင်တော့ပဲ မျဉ်းဖြောင့် အတိုင်း တစ်လပြီးတစ်လ အလေးချိန်ကျဆင်းရခြင်းဖြစ်ပါသည်။

၄။ မျဉ်းကွေးပုံစံအတိုင်း အလေးချိန်ကျဆင်းမှု - ကြံပင်သည် ကြီးထွားမှုအရှိန်မကုန်သေးပဲ အစိုဓာတ်၊ မြေဆီဩဇာဓာတ်စုပ်ယူမှုကောင်းကာ ဆက်လက်ကြီးထွားသဖြင့် ဒြပ်ခြောက်အလေးချိန်တိုးကာ ကြံအလေးချိန်သည် အောက်တိုဘာလမှ ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလအထိ တိုးနေဆဲဖြစ်ပါသည်။ ကြံပင်သည် နိုဝင်ဘာလမှစ၍ ပန်းပွင့်တတ်လေရာ ကြံမျိုးအများစုမှာ ပန်းပွင့်လေ့ရှိပြီး ကြီးထွားမှုမှာ ဆက်လက်မဖြစ်ပေါ်တော့ပေ။ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း ကြံလုံးတုတ်ခြင်း၊ ကြံဆစ်ရှည်ခြင်းနှင့် အမျှင်ဓာတ်တိုးပွားခြင်းစသည့် ကြီးထွားမှုအင်္ဂါရပ်များကြောင့်သာ အလေးချိန်တက်နိုင်ပေသည်။ ဖေဖော်ဝါရီလအတွင်းမှစ၍ နောက်ပိုင်းလများတွင် သက်တမ်းကုန်၍ ရာသီခြောက်သွေ့ကာ ကြံအလေးချိန်ကျဆင်းလာပါသည်။

၅။ ထို့ကြောင့် အောက်တိုဘာလ၌ အပင်ကြီးထွားမှုအခြေအနေကောင်းကိုမရပါက ကြံအလေးချိန်သည် အစဉ်တစိုက် ကျဆင်းနိုင်ပြီး အပင်ကြီးထွားမှုအခြေအနေကို ဖန်တီးနိုင်ပါက ဖေဖော်ဝါရီလအထိ အပင်သည် ကြီးထွား၍ အလေးချိန်တိုးနေကာ ဖေဖော်ဝါရီလလယ်မှစ၍ အလေးချိန်ကျဆင်းသွားပါသည်။

၆။ ကြံအလေးချိန်ကျဆင်းနှုန်းကိုရှာဖွေရန် လအလိုက်ကြံခုတ်ရသောကြံအလေးချိန်နှင့် ခုတ်သိမ်းလတို့၏ ဆက်စပ်မှုနှင့် မှီခိုမှုအတိုင်းအတာ (Correlation and Regression) Y = A - BX ဖြင့်လည်းကောင်း၊ မျဉ်းကွေးအတိုင်း ကျဆင်းမှုပုံစံကို Y = A + BX - CX2  ဖြင့်လည်းကောင်း သင်္ချာညီမျှခြင်းထုတ်၍ ၎င်းသင်္ချာညီမျှခြင်း၏ ခိုင်မာမှုအတိုင်းအတာကို ဆက်စပ်မှုတန်ဖိုး (R2) ဖြင့်တွက်ချက်တင်ပြထားပါသည်။ 

R2 တန်ဖိုးများလေလေ တွက်ချက်ဖော်ပြသောညီမျှခြင်း၏ ခိုင်မာမှုပိုကောင်းလေလေဟု မှတ်ယူနိုင်ပါသည်။ မျဉ်းဖြောင့်ကျဆင်းမှုပုံစံ၏ R2 တန်ဖိုးအများစုသည် 0.9 ပတ်ဝန်းကျင်ရှိ၍ ကောင်းသည်ဟုကောက်ချက်ချနိုင်ပါသည်။

၇။ အလေးချိန်ကျဆင်းနှုန်းသည် တစ်လလျှင်အနည်းဆုံး ၀.၇၃ တန်/ဧကနှုန်းမှ အများဆုံး ၄.၂၈ တန်နှုန်း ကျဆင်းနေကြောင်းတွေ့ရပါသည်။ စမ်းသပ်ချက်ပေါင်း (၁၂) ခုမှ ကြံမျိုး (၉) မျိုးကို ပျှမ်းမျှရှာ၍ ခုတ်ချိန်ကာလအတွင်း ကြံအလေးချိန်အတက်အကျကို ခြုံငုံတွက်ချက်ရာတွင် မျဉ်းကွေးပုံစံကို အထင်အရှားတွေ့ရပါသည်။

၈။ ယင်းမျဉ်း‌ကွေးအတက်အကျကို အလွယ်တကူသိသာထင်ရှားစေရန် နှစ်ပိုင်းခွဲ၍တင်ပြထားပါသည်။ ပထမပိုင်း၌ ခုတ်ချိန်အပင်သက်တမ်း ၁၀ လမှ ၁၂ လအတွင်း ကြံအလေးချိန်သည် Y = 15.6 + 1.5X  ညီမျှခြင်းအရ လစဉ် ၁.၅ တန်/ဧကနှုန်း တိုးတက်ပါသည်။ သက်တမ်း ၁၂ လသားတွင် ကြံခင်းမှခုတ်သိမ်းရသောအလေးချိန်သည် ၃၂.၉ တန်/ဧက အထိအမြင့်ဆုံးရပါသည်။ ဒုတိယပိုင်းကာလမှာ ကြံအလေးချိန်ကျဆင်းသောအပိုင်းဖြစ်၍ သက်တမ်း ၁၃ လမှ စ၍ ၁၆ လအတွင်း အလေးချိန်ကျဆင်းပေရာ Y = 70.5 – 2.9X ညီမျှခြင်းအရ တစ်ဧကပေါ်မှ ၂.၉ တန်နှုန်း (၃တန်) ခန့်လစဥ်ကျဆင်းကြောင်းတွေ့ရပါသည်။

၉။ မြေအစိုဓာတ်နှင့် ပတ်ဝန်းကျင်လေထုအစိုဓာတ်ခန်းခြောက်လာခြင်း၊ ပန်းပွင့်လာခြင်း၊ ဖော့သားထိုး၍ အူချောင်လာခြင်း၊ ကြံပင်အမြစ်များကောင်းစွာအလုပ်မလုပ်နိုင်ခြင်း စသော အကြောင်း အချက်များအပေါ်မူတည်၍ ကြံအလေးချိန်ကျဆင်းမှုပို၍များနိုင်ပါသည်။

တနည်းအားဖြင့် ခုတ်ချိန်နောက်ဆွဲ၍ စောင့်ဆိုင်းထားရန် လိုအပ်သောကြံမျိုးများအတွက် မြေအစိုဓာတ်ထိန်းနိုင်သော မြေသားထုထူသည့်မြေများတွင် ပန်းမပွင့်သောကြံမျိုးကို စိုက်ပျိုးစေပြီး အပင်နုပျိုစေ၍ ရေနှင့်အာဟာရဓာတ် ပြည့်ဝအောင်ဖြည့်တင်းထားခြင်းဖြင့် ရာသီနောက်ပိုင်း ကြံအလေးချိန်ကျဆင်းမှုကို လျော့နည်းအောင် ဟန့်တားနိုင်ပါသည်။ သို့ရာတွင် ကြံပင်သဘာဝနှင့် ရာသီဥတုအလိုကို ဆန့်ကျင်ဖက်ပြု၍ ရာသီနောက်ပိုင်း ကြံအလေးချိန်ကျဆင်းမှုကို ဟန့်တားရခြင်းသည် နေရာဒေသတိုင်း၌ ဆောင်ရွက်ရန်ခက်ခဲကြောင်းကိုမူ သုံးသပ်တင်ပြအပ်ပါသည်။

စံသိန်း (စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်