မှိုဆိပ်ကို အင်္ဂလိပ်အခေါ်အားဖြင့် မိုင်ကိုတောက်စင်(Mycotoxin)ဟု ခေါ်သည်။ မိုင်ကိုသည် ဂရိစကားဖြစ်၍ တောက်စင်(Toxin) သည် လက်တင်စကားဖြစ်သည်။
Myco = Mukes = Fungus, Toxin = Toxicum = Poison
မှိုဆိပ်ကို မှို(Fungus) မှ ထုတ်လွှတ်သည်။ မှိုဆိပ်အများစုသည် လူနှင့်တိရစ္ဆာန်များ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။
မှို၏သဘာဝ
မှိုများသည် နေရာဒေသမရွေး ကမ္ဘာအနှံ့အပြားနေရာတိုင်းတွင် ပေါက်ပွားနိုင်စွမ်းရှိသည်။ မှိုဆိပ်ရှိမှုမှာလည်း ဒေသအလိုက် ပမာဏအနည်းနှင့်အများရှိကြသည်။ မှိုများသည် ကြီးထွားဆဲအပင်များ၊အသီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံသီးနှံများ(အထူးသဖြင့် ပြောင်းနှင့် ဆီထွက်သီးနှံများ)၊ အစာကုန်ကြမ်းများ၊ လယ်ကွင်းနှင့် ကြက်ခြံအောက်ခြေများ၊ လုပ်ငန်းသုံးပစ္စည်းများစသည့် နေရာအနှံ့ပေါက်ပွားနိုင်ကြပါသည်။ အလွန်ပူခြင်း၊အလွန်အေးခြင်းစသည့် ဒဏ်များကိုလည်း ခံနိုင်ရည်ရှိကြပါသည်။ မှိုများကို အမြစ်ပြတ်အောင် မသတ်နိုင်ပါ။ မပြန့်ပွားရန်၊ အန္တရာယ်မရှိရန်သာ ကာကွယ်မှုများပြုနိုင်ပါသည်။
မှိုနှင့် မှိုဆိပ်များ စွဲကပ်ပြန့်ပွားနိုင်မှု
မှိုဆိပ်များသည် တိရစ္ဆာန်များအားကျွေးမွေးသည့် အစာကုန်ကြမ်း၊ ကုန်ချောများမှလည်းကောင်း၊သောက်သုံးရေမှလည်းကောင်း၊ လေထုမှလည်းကောင်း နည်းအမျိုးမျိုးဖြင့် ရောက်ရှိကူးစက်နိုင်ပါသည်။
မှိုများသည် သီးနှံများ မရိတ်သိမ်းမီကပင် သီးနှံပင်များတွင် တွယ်ကပ်ပေါက်ပွား၍နေကြသည်။သီးနှံပင်များတွင် ဒဏ်(Stress)ဖြစ်စေသည့် မြေဆီဓာတ်လျော့နည်းခြင်း၊ မြေအစိုဓာတ်နည်းပြီး ရေငတ်ခြင်း၊ ပိုးမွှားဝင်ရောက်၍ ရောဂါကျရောက်ခြင်း စသည်များသည် မှိုကျရောက်မှုကို ဖြစ်ပေါ်စေနိုင်သည့်အပြင် သီးနှံအစေ့အဆန်များတွင် အစိုဓာတ်ရှိခြင်း၊ ရိတ်သိမ်းချိန်နောက်ကျခြင်း၊ရိတ်သိမ်းပြီး သယ်ယူသိုလှောင်မှုနောက်ကျခြင်း၊ သိုလှောင်မှုစနစ် မှားယွင်းခြင်းများသည်လည်း မှိုဆိပ်ဖြစ်ပေါ်ပြန့်ပွားမှုကို တိုးပွားစေပါသည်။
ပတ်ဝန်းကျင်အပူချိန် ၈၀-၁၀၀ ဒီဂရီဖာရင်ဟိုက်၊ စိုထိုင်းဆ ၈၅ % တွင် မှိုပေါက်ပွားရန် အခြေ အနေပေး၍ အစေ့အဆန်များတွင်တော့ စိုထိုင်းဆ ၁၄ % အထက် ရှိချိန်တွင် မှိုစွဲကပ်မှုရှိနိုင်ပါသည်။ အစေ့အဆန်သီးနှံများဖြစ်သည့် ပြောင်း၊ မြေပဲ၊နှံစားပြောင်းစသည်များတွင် အစိုဓာတ်ရှိခြင်းဖြင့် မှိုစွဲကပ်နိုင်ပြီး တစ်မျိုးထက်ပိုသည့်မှိုဆိပ်များ အနည်းငယ်စီပါဝင်ပါက မှိုဆိပ်အချင်းချင်းပေါင်စည်း အာနိသင်(Synergistic action)ရှိသဖြင့် တိရစ္ဆာန်များ ရောဂါခံစားရမှု ပိုများနိုင်ပါသည်။
မှိုမျိုးစိတ်များ
ကမ္ဘာပေါ်တွင် မှိုမျိုးစိတ်ပေါင်း နှစ်သိန်းကျော်ရှိ၍ မျိုးစိတ် ၁၄၅ ခု ခန့်မှာ လူ၊ တိရစ္ဆာန်များသို့ အန္တရာယ်ဖြစ်စေနိုင်ပါသည်။ မှို(fungus)တစ်မျိုးမှ မှိုဆိပ်(mycotoxin)ပျှမ်းမျှ အမျိုးပေါင်း ၅၀၀ ခန့်ထိ ထုတ်လွှတ်နိုင်ကြသည်။ မှိုဆိပ်များ၏ ဓာတုဖွဲ့စည်းပုံကွဲပြားခြင်းကြောင့် ရောဂါလက္ခဏာများ ကွဲပြားကြသည်။ သဘာဝအလျောက်မှိုဆိပ်သင့်နေသော အစာကိုစား၍ဖြစ်ပေါ်စေသော ရောဂါ သည် ၎င်းပမာဏနှင့်တူညီသည့် မှိုဆိပ်ကို ကျွေးမွေး၍ ဖြစ်ပေါ်သောလက္ခဏာထက် ပို၍ ပြင်းထန်သည်ကို စမ်းသပ်တွေ့ရှိရပါသည်။
စားသောက်မိသော မှိုဆိပ်ပမာဏ၊ စားသောက်သော ကာလကြာမြင့်မှု၊ အခြားမှိုဆိပ်များ ရောနှောပါရှိမှု၊ တိရစ္ဆာန်၏ အသက်အရွယ်၊ ပတ်ဝန်းကျင်အခြေအနေနှင့် ဒဏ်သင့်မှုတို့ကြောင့် ဖြစ်ပေါ်သည့် ရောဂါလက္ခဏာများသည်လည်း ကွဲပြားမှုများ ဖြစ်ပေါ်နိုင်ပါသည်။
အဓိကအန္တရာယ်ပေးနိုင်သည့် မှိုဆိပ်(၆) မျိုးမှာ...
- ၁။ Aflatoxins
- ၂။ Fumonisins
- ၃။ Trichothecens
- ၄။ Ochratoxins
- ၅။ Zearalenone
- ၆။ Deoxynivalenol တို့ ဖြစ်ကြပါသည်။
မှိုဆိပ်သည် နေရာဒေသမရွေး တိရစ္ဆာန်အမျိုးအစား (ကြက်၊ ဝက်၊ နွားစသည်) မရွေး၊ မျိုးပွားတိရစ္ဆာန်များတို့တွင် ရောဂါဖြစ်ပွားမှုအဆင့်(သို့)ရောဂါလက္ခဏာမပြသော်လည်း ရောဂါရှိနေသည့်အဆင့်(Subclinical stage)ဖြင့် ရာသီမရွေး ဖြစ်ပွားနိုင်ပါသည်။ အစာကုန်ကြမ်းများတွင် မှိုစွဲကပ်သော်လည်း မျက်စိဖြင့် မမြင်တွေ့နိုင်ပါ။ မှိုစွဲကပ်သည်ကို မြင်တွေ့ရပါက မှိုဆိပ်အလွန်အကျွံရှိနေပြီဟု မှတ်ယူနိုင်သည်။
ယခုအခါ အစာစက်ရုံများ၊ အစာစပ်သူများသည် မှိုဆိပ်ကာကွယ်ခြင်းအတွက် မှိုတားဆေး(Mold Inhibitor) များနှင့် မှိုဆိပ်ဖြေဆေး (Mycotoxin binder)များ အသုံးပြု၍ မှိုဆိပ်ဖယ်ရှားသည့်နည်းကို အဓိကထားသုံးစွဲကြပါသည်။
မှိုဆိပ်ကြောင့် ကြက်၊ ဘဲများတွင် တွေ့ရှိရသည့် ရောဂါလက္ခဏာများ
- ၁။ အစာစားချင်စိတ် မရှိခြင်း၊ အစာမစားခြင်း၊
- ၂။ ကိုယ်အလေးချိန် တိုးနှုန်းနည်းခြင်း၊
- ၃။ ဥနှုန်းကျခြင်း၊
- ၄။ အစာအကျိုးရှိနှုန်းနည်းခြင်း၊ အစာမှ အသားပြောင်းနှုန်း(FCR) မူမမှန်ခြင်း၊
- ၅။ သားအောင်/သားပေါက်နှုန်းနည်းခြင်း၊ ဥတွင်းသေ ကြက်ဥ(Dead in shell)အထွက်များခြင်း၊
- ၆။ ကိုယ်ခံအားကျဆင်း၍ အခြားရောဂါများအလွယ်တကူ ဝင်ရောက်နိုင်ပြီး ကျန်းမာရေးညံ့ခြင်း၊
- ၇။ ပုံမှန်ပြုလုပ်သည့် ကာကွယ်ဆေးများ မအောင်ခြင်း၊
- ၈။ ဝမ်းသွားခြင်း၊ တုန်ခြင်း၊
- ၉။ ကြက်ဥခွံ အရည်အသွေးညံ့ခြင်း၊
- ၁၀။ အမွေးဖြစ်နှုန်းညံ့ခြင်း၊
- ၁၁။ သေနှုန်းများခြင်း၊
- ၁၂။ ပါးစပ်နှုတ်သီးများတွင် အနာဖြစ်ခြင်း၊
- ၁၃။ အမြစ်တွင် အနာဖြစ်ခြင်း၊
- ၁၄။ အသည်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အရိုးပုံမမှန်ခြင်း၊
- ၁၅။ ကြက်ငယ်၊ ကြက်လတ်များ၏အဆုတ်တွင် မှိုကပ်ငြိခြင်းကြောင့် အသက်ရှူရခက်ခဲ၍ သေဆုံးခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။
*ဘဲများသည် အခြားသတ္တဝါများထက် အက်ဖလာတောက်စင်(Aflatoxin) မှိုဆိပ်ကို ပိုမိုခံစားရပါသည်။
မှိုဆိပ်ကြောင့် ဝက်များတွင်တွေ့ရှိရသည့် ရောဂါလက္ခဏာများ
- ၁။ အစာစားချင်စိတ်မရှိခြင်း၊ အစာမစားခြင်း၊
- ၂။ ကိုယ်အလေးချိန် တိုးနှုန်းနည်းခြင်း၊ အရွယ်ရောက်နောက်ကျခြင်း၊
- ၃။ ကိုယ်ခံအားကျဆင်း၍ အခြားရောဂါများ အလွယ်တကူဝင်ရောက်နိုင်ပြီး ကျန်းမာရေးညံ့ခြင်း၊
- ၄။ ပုံမှန်ပြုလုပ်သည့် ကာကွယ်ဆေးများ မအောင်ခြင်း၊
- ၅။ ဝမ်းသွားခြင်း၊ တုန်ခြင်း၊ အန်ခြင်း၊
- ၆။ သားလိုက်လိုစိတ်မရှိခြင်း၊ သုက်ရည်အရည်အသွေးညံ့ခြင်း၊ သားအောင်နှုန်းနည်းခြင်း၊
- ၇။ အရေပြား ဖြူဖျော့အားနည်းခြင်း၊
- ၈။ ရုတ်တရက် သေဆုံးခြင်း၊
- ၉။ သန္ဓေသားသေဆုံးပြီး ကိုယ်တွင်းသို့ ပြန်လည်စုပ်ယူခြင်းကြောင့် မြိုင်ပြန်လာနောက်ကျသဖြင့် ထုတ်လုပ်မှုလျော့နည်းကျဆင်းခြင်း၊
- ၁၀။ Zearalenone မှိုဆိပ်သည်(အီစတိုဂျင်ဟော်မုန်း(estrogen) ကဲ့သို့ ညှစ်အားပေးသည့်သတ္တိရှိသဖြင့်)ဝက်များ၏သားအိမ် နှင့် အူမကြီးများ စအိုပြင်ပသို့ ထွက်ကျခြင်း၊ ဝက်မတန်ဆာ ရောင်ရမ်းခြင်း၊
- ၁၁။ မွေးစဝက်ငယ်များ လက်ခြေကားခြင်း(splayleg)၊
- ၁၂။ သားလျှောခြင်း၊
- ၁၃။ မွေးဝက်ငယ်များ အရွယ်မညီ ကိုယ်အလေးချိန် နည်းခြင်း၊
- ၁၄။ မွေးဝက်မကြီး နို့မထွက်ခြင်း၊
- ၁၅။ အသည်းနှင့် ကျောက်ကပ်များတွင် ရောဂါဖြစ်ပွားမှုများ ဖြစ်ပေါ်ခြင်း စသည်တို့ ဖြစ်ပွားနိုင်ပါသည်။
(အပိုင်း-၂ တွင် မှိုဆိပ်ကြောင့် နွား၊ ငါး၊ ပုစွန်များတွင် တွေ့ရှိရသည့်ရောဂါလက္ခဏာများအကြောင်း၊ မှိုဆိပ်ဖြေဆေးနှင့် မှိုတားဆေးအကြောင်းများကို ဆက်လက်ဖော်ပြပေးပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်