မြစ်ကြီးနားထောပတ်သီး (သို့) တရုတ်ဈေးကွက်နဲ့နီးတဲ့ ဒေသထွက်ကုန်အမယ်သစ်တစ်ခု

10/03/2022 17:00 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

တရုတ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်တဲ့ ကန်ပိုက်တီးနဲ့ နေ့ချင်းပြန်သွားနိုင်တဲ့ အကွာအဝေးမှာရှိတဲ့ မြစ်ကြီးနားမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကစလို့ ဒေသထွက်ကုန်အမယ်သစ်တစ်ခု စတင်စိုက်ပျိုးလာခဲ့ပါတယ်။

အဲ့ဒါကတော့ ဒေသတွင်းက ဥယျာဉ်ခြံတွေမှာ စိုက်ပျိုးလာတဲ့ ထောပတ်သီးပင်တွေပါပဲ။

၂၀၂၂ ထောပတ်ရာသီရဲ့ အခုလိုပန်းပွင့်ချိန်မှာတော့ သက်တမ်းအရ ထောပတ်အပင်တွေပိုပြီး ဖူးပွင့်လာကြပါပြီ။ ဆိုတော့ အသီးအထွက်နှုန်းတွေ ကောင်းမွန်လာနိုင်ဖို့ ထောပတ်သီးပင်စိုက်တောင်သူတွေ မျှော်လင့်လာကြပါပြီ။ 

ဒီလို မြစ်ကြီးနားမြို့နယ်ထဲ ထောပတ်သီး   စီးပွားဖြစ် ထုတ်လုပ်နေတဲ့ အခြေအနေများနဲ့ပတ်သက်ပြီး မြစ်ကြီး နားမြို့ မိုင် ၂၀ ဥယျာဉ်ခြံရှင်ဖြစ်သူ ဦးအောင်ရွှေက အခုလို ရှင်းပြပါတယ်။

“သီးတာကတော့ Hass ,Bucaneea ၂ မျိုးပဲ ကျွန်တော့်ဆီမှာ များပါတယ်။ ကြီးတာကတော့ မနှစ်ကတော့ ဘာကေးနီးယားကတော့ အလုံးလည်းကြီးတယ်။ Hass ကျတော့ သူက အလုံးလည်း နည်းနည်းသေးတယ်လေ။ အဲ့ဒါနဲ့ တစ်ဝက်စီလောက်တော့ သီးတယ်။ သီးတာကတော့ မနှစ်က ၁၀ ပင်လောက်ပဲ သီးတာ။ မနှစ်ကမှ ကောင်းကောင်း အလုံး တစ်ထောင်၊ နှစ်ထောင်လောက်သီးပါတယ်။ မနှစ်က နည်းနည်းတော့ စားရတာပေါ့။  ဒီနှစ်က အပင်တွေ တော်တော်များများ ပန်းပွင့်တာကိုတွေ့ရပါတယ်။ ဒီနှစ်တော့နည်းနည်းပိုရမယ်လို့ ထင်ပါတယ်”

မြစ်ကြီးနားမြို့နယ်အတွင်း တရုတ်နိုင်ငံဈေးကွက်ကိုတင်ပို့နိုင်ဖို့ နှစ်ရှည်သီးနှံအပင်တွေကို အများအပြား စိုက်ပျိုး လာကြတာပါ။

ဒီလိုစိုက်ပျိုးထုတ်လုပ်ရာမှာ ဈေးကွက်ဝင်မျိုးကောင်းမျိုးသန့်များရရှိနိုင်ရန်နဲ့ လယ်ယာဘေးထွက်ပစ္စည်းများမှ သဘာဝ မြေသြဇာများ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ အသုံးပြုနိုင်ဖို့တွေကိုတော့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့တာလို့ သိရပါတယ်။

မြစ်ကြီးနားမြို့နယ်အနီးတဝိုက်ရှိ ထောပတ်ခြံများကို မိုင်နှစ်ဆယ်၊ ပလန၊ နန်မ်ကျင်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ တွေ့ရမှာဖြစ်ပြီး Buccaneer, Lamb Hass, Hass, Reed, Boot – 7, Peterson, Zutano, Bacon, Fuerte, Gem, 034 စတဲ့ ပြည်ပမှ တင်သွင်းလာတဲ့ မျိုးများကို ကိုင်းကူးကိုင်းဆက်နည်းဖြင့် ရွေးချယ်စိုက်ပျိုးထားတာကို တွေ့ရ ပါတယ်။

ဒေသအတွင်းရှိ ထောပတ်ခြံသစ်များမှာ ထောပတ်အပင်ရေ ၃၀၀၀ ကျော် စိုက်ပျိုးထားပြီး ၂၀၂၁ ခုနှစ်အတွင်း ကတော့ သက်တမ်းငါးနှစ်ရှိလာပြီဖြစ်တဲ့ ထောပတ်ပင်များမှ အလုံးရေ နှစ်ထောင်ခန့်ကို မြစ်ကြီးနား ဈေးကွက် တင်ပဲ ဖြန့်ဖြူးရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

အရင်က ထောပတ်သီးဆိုရင် ရှမ်းပြည်နယ်ကသာအထွက်များတဲ့ ထွက်ကုန်တစ်ခုလို့ အများစုက သိထားကြတာ ဖြစ်ပြီး အခုတော့ ကချင်ပြည်နယ်ရဲ့ထွက်ကုန်အမယ်သစ်တစ်ခုအနေနဲ့ပါ ပေါ်ထွက်လာပြီဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်