စက်ဝိုင်းပုံပတ်နေတဲ့ သိုးအုပ်ရဲ့ ပဟေဠိ

08/12/2022 10:10 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

တရုတ်နိုင်ငံအတွင်းပိုင်း မွန်ဂိုးလီးယား (Inner Mongolia) ပြည်နယ်ထဲက သိုးမွေးမြူရေးခြံတစ်ခြံမှာ နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုဟာ ကမ္ဘာတစ်လွှားက လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ အတော်ကိုရေပန်းစားခဲ့ပါတယ်။

ဒါဇင်နဲ့ချီတဲ့ သိုးတွေဟာ ၁၂ ရက်လောက်ကြာအောင် နာရီလက်တံပုံစံ (လက်ယာရစ်) လှည့်ပတ်နေကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့တာပါ။

ရုပ်သံကို စတင်ပြီး လွှင့်တင်ခဲ့တာကတော့ တရုတ်ပြည်သူ့နေ့စဉ် (People’s Daily) သတင်းစာရဲ့ Twitter စာမျက်နှာကနေ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၄ ရက်ကစတင်ခဲ့တဲ့ အဲဒီဖြစ်စဉ်အပေါ် ထင်ကြေးတွေ အမျိုးမျိုးပေးခဲ့ကြပေမယ့် အဖြစ်မှန်တိတိကျကျကိုတော့ ဘယ်သူမှ မဖော်ထုတ်နိုင်ကြသေးပါဘူး။

ယူနိုက်တက်ကင်းဒမ်း အခြေစိုက် သတင်းစာတစ်စောင်ဖြစ်တဲ့ Metro ကတော့ သိုးခြံပိုင်ရှင် Ms. Miao ရဲ့ ပြောကြားချက်အရ သိုးကောင်ရေ အနည်းငယ်ကသာ အဲဒီလို စက်ဝိုင်းပုံစံလမ်းလျှောက်တဲ့ အပြုအမူမျိုးကို စတင်ခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ သိုးအုပ်တစ်အုပ်လုံးဟာ လူမှုကွန်ရက်မှာ မြင်ရသလိုပဲ အုပ်စုလိုက်ကြီး စက်ဝိုင်းပုံနဲ့ ရွေ့လျားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သိုးတွေရဲ့ အမူအကျင့် (Social behavior) အရ ခြံရှင် Ms. Miao ပြောတာဟာ မှန်ကန်နိုင်ပါတယ်။ သိုးတွေဟာ တစ်ကောင်ရဲ့အမူအကျင့်ကို နောက်တစ်ကောင်က ပုံတူကူးချတဲ့နေရာမှာ နာမည်ကြီးပါတယ်။ သူတို့ဟာ သဘာဝမှာကို သားရဲတိရစ္ဆာန်တွေ (အထူးသဖြင့် ဝံပုလွေတွေ) ရဲ့ အနိုင်ကျင့်ဖမ်းဆီးသတ်ဖြတ်စားသောက်မှုကို ခံ ကြရလေ့ ရှိတာကြောင့် အဲဒီလို အန္တရာယ်တွေကို ရင်ဆိုင်ဖို့ အုပ်စုလိုက်နေထိုင်သွားလာလေ့ ရှိပါတယ်။

သားရဲတိရ စ္ဆာန်နဲ့ ရင်ဆိုင်ရချိန်မှာ အရှေ့ကအကောင်ရဲ့နောက်ကို ကပ်လိုက်ခြင်းအားဖြင့် သိုးအုပ်ထဲက တစ်ကောင်ချင်းစီကို ပိုပြီးကာကွယ်နိုင်တာကို သဘာဝအလျောက်သိရှိထားကြပါတယ်။ ဒါကြောင့်ပဲ သိုးအုပ်ထဲက သိုးအနည်းငယ်က အစပြုလိုက်တဲ့ အပြုအမူ (လှုပ်ရှားမှုပုံစံ) တစ်ခုကို ကျန်တဲ့သိုးတွေက နောက်ကလိုက်ပြီး တုပလုပ်ဆောင်ရင်း အခုလို သိုးအုပ်ကြီး တစ်ခုလုံး စက်ဝိုင်းပုံ လှည့်ပတ်နေတာမျိုး ဖြစ်လာတာလို့ ယူဆနိုင်ပါတယ်။

ဒီနေရာမှာ ထွက်လာတဲ့ မေးခွန်းတစ်ခုကတော့ စက်ဝိုင်းပုံလှုပ်ရှားသွားလာမှုကို စတင်ခဲ့တဲ့ သိုးအနည်းငယ်ကရော ဘာကြောင့် အဲဒီအပြုအမူကို စတင်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းပါ။

အင်္ဂလန်မှာရှိတဲ့ Hartpury တက္ကသိုလ်၊ စိုက်ပျိုးရေးပညာဌာနက ပါမောက္ခ Matt Bell ကတော့ “သိုးတွေဟာ ခြံထဲမှာနေတာ အတော်ကြာပြီလို့ ယူဆရတယ်။ သူတို့သွားလာတာကို ကန့်သတ်ထားတဲ့ ခြံထဲမှာ နေထိုင်ရတာ ကြာလာတဲ့အခါ ငြီးငွေ့လာပြီး စက်ဝိုင်းပုံ ရွေ့လျားသွားလာတဲ့ အမူအကျင့်ကို သိုးအချို့က စတင်ပြုလုပ်လိမ့်မယ်။ အဲဒီနောက်မှာတော့ ကျန်တဲ့သိုးတွေကပါ အနောက်က လိုက်ပြီး တုပလုပ်ဆောင်ကြတာဖြစ်လိမ့်မယ်” လို့ Newsweek သတင်းစာနဲ့ အင်တာဗျူးမှာ သူ့အမြင်ကို  ပြောပြခဲ့ပါတယ်။

အချို့က အဲဒီ အမူအကျင့်ဟာ Listeria လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးမွှားကူးစက်ခံရတာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြတာကို လူမှုကွန်ရက်မှာ တွေ့ရပြန်ပါတယ်။ အဲဒီ ဘက်တီးရီးယားဟာ ပတ်ဝန်းကျင်ဒဏ်ကို အတော်ခံနိုင်ပြီး မာရည်ကျောရည်ရှိတဲ့ ဘက်တီးရီးယားမျိုးပါ။ အထူးသဖြင့် ချဉ်ဖတ်ကောင်းကောင်းမဖြစ်တဲ့ မြက်ချဉ်ဖတ် (silage) တွေမှာ ပေါက်ပွားပြီး အဲဒီ မြက်ချဉ်ဖတ်ကို စားတဲ့ တိရစ္ဆာန်တွေမှာ ရောဂါဖြစ်စေတတ်ပါတယ်။ အဲဒီဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါကို Listeriosis လို့ခေါ်ပါတယ်။ ဒီရောဂါဟာ သိုးတွေမှာ ပုံစံနှစ်မျိုးနဲ့ တွေ့ ရလေ့ရှိတယ်လို့ ဆိုပါတယ်။

ပထမတစ်မျိုးက သားလျှောစေတဲ့ပုံစံပါ။ ကိုယ်ဝန်ဆောင်ကာလ ၂ လနောက်ပိုင်းမှာ သားလျှောတာမျိုးကို တွေ့ရလေ့ ရှိပါတယ်။ နောက်တစ်မျိုးကတော့ အာရုံကြောဆိုင်ရာ ပြဿနာတွေ ပေါ်ပေါက်စေတာပါ။

Listeriosis ကြောင့် အာရုံကြောပြဿနာတွေဖြစ်တဲ့အခါ၊ တက်တာ၊ ဒယိမ်းဒယိုင်တွေ လျှောက်တာ၊ လဲနေတာ၊ အကြောဆွဲတာနဲ့ စက်ဝိုင်းပုံ လမ်းလျှောက်တာတွေ တွေ့ရတတ်ပါတယ်။ သေဆုံးတဲ့အထိ ဖြစ်နိုင်ပြီး သေနှုန်းက ၀.၅ ရာခိုင်နှုန်းကနေ ၁၀ ရာ ခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ တချို့ကတော့ သေနှုန်း ၃၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်မှာ တွေ့ရတဲ့ သိုးအုပ်မှာတော့ နာမကျန်းဖြစ်တာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။ သိုးတွေ သေဆုံးမှုရှိတယ်ရယ်လို့လည်း နောက်ဆက်တွဲ သတင်းတွေ မကြားရပါဘူး။ ယေဘုယျအားဖြင့် ဒီရောဂါကြောင့် သေဆုံးမယ်ဆိုရင် လက္ခဏာစပြပြီး ၄၈ နာရီအတွင်း သေဆုံးတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တရုတ်ပြည်က သိုးအုပ်ကတော့ ၁၂ ရက်ကြာအောင် လှည့်ပတ်နေပြီး ဒီကြားထဲမှာ သေဆုံးတာ မရှိဘူးဆိုရင်တော့ ဒါဟာ တချို့ သူတွေ ထင်သလို Listeriosis ရောဂါမဟုတ်ဘူးလို့ ပြောလို့ရမယ်ထင်ပါတယ်။

နောက်ထပ်ထူးခြားချက်က အဲဒီလို စက်ဝိုင်းပုံ နာရီလက်တံအတိုင်း လက်ယာရစ်လှည့်ပတ်တဲ့ အပြုအမူကို သိုးခြံတစ်ခုလုံးမှာ တွေ့ရတာ မဟုတ်ပြန်ပါဘူး။ သိုးခြံကြီးတစ်ခုလုံးမှာ သိုးတွေထားတဲ့ အကန့် (pen) စုစုပေါင်း ၃၄ ခုရှိပြီး၊ အဲဒီထဲကမှ အကန့်နံပါတ် ၁၃ မှာ ဖြစ်တာလို့ သတင်းတွေက ဆိုပါတယ်။ 

ဒီသတင်းဟာ လူမှုကွန်ရက်မှာ ခေတ်စားတဲ့ သတင်းတစ်ပုဒ်မျှသာဖြစ်ပြီး အဖြေကိုတော့ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေက ဖော်ထုတ်သွားပါလိမ့်မယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေရဲ့ ဖော်ထုတ်ချက်တွေကို ဆက်လက် နားစွင့်ထားတာက မြန်မာပြည်က မွေးမြူသူတွေအတွက် အကောင်းဆုံးပါပဲ။

တစ်ဖက်မှာလည်း မြန်မာ့သိုး၊ ဆိတ်မွေးမြူသူတွေကြားမှာ သိထားပြီးသား ခပ်ဆင်ဆင်တူတဲ့ ရောဂါတစ်ခုကို သတိပြုကြဖို့ ဒီဖြစ်စဉ်က သတိပေးနေပါတယ်။ သိုး၊ ဆိတ် မွေးမြူတဲ့အခါ သန်လည်ရောဂါလို့ လူသိများတဲ့ ရောဂါတစ်ခုကို တွေ့ရလေ့ ရှိပါတယ်။ ဒါက တိပ်ပြားသန်ကောင် တစ်မျိုးဖြစ်တဲ့ Taenia multiceps ကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပါ။ (အသေးစိတ်ကို သီးခြားထပ်မံဖော်ပြပေးပါမည်။)

ခွေးမှာရှိတဲ့ တိပ်ပြားသန်ကောင်ဥ ကို သိုး၊ ဆိတ်တွေက စားမိတဲ့အခါ သန်ဥဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သားလောင်းအဖြစ် ဆက်လက်ဖွံ့ဖြိုးလာပါတယ်။ သားလောင်းဟာ သိုး၊ ဆိတ်ရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီးတွေဆီ ရောက်ရှိသွားပြီး အရည်အိတ်အဖြစ် ကြာရှည်စွာ နေထိုင်ပါတယ်။ အရည်အိတ် ကြီးထွားလာတာနဲ့အမျှ သိုး၊ ဆိတ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပြီး လှုပ်ရှားပုံတွေမှာ ပြဿနာပေါ်လာတာပါ။ ပြဿနာတွေထဲက တစ်ခုကတော့ စက်ဝိုင်းပုံ လှည့်ပတ်နေတတ်တာပါပဲ။

လူမှုကွန်ရက်ပေါ်မှာ တွေ့ရတဲ့ သိုးအုပ်ဟာ အဲဒီ Taenia multicep ကြောင့် ဖြစ်တာ ဟုတ်၊ မဟုတ်လည်း တထစ်ချ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒါဟာလည်း သတိထားရမယ့် ကိစ္စတစ်ခုဖြစ်ပါကြောင်း စုစည်းတင်ပြလိုက်ရပါတယ်။

ကိုးကား

  • Mystery of Sheep Walking in Circle in China for 12 Days Potentially Solved (Newsweek, Decermber 7)
  • Social Behavior of Sheep (Merck Veterinary Manual)
  • Coenurosis (MSD Manual)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်