ပြည်တွင်းငါးမျိုးစိတ်တစ်မျိုးဖြစ်သော ငါးစင်ရိုင်းငါးကို မြန်မာနိုင်ငံဒေသအနှံ့အပြား၌ တွေ့ရှိရပြီး ရေချိုဒေသ၊ ရေချိုရေငန်စပ်ဒေသနှင့် ရေကန်များတွင် နေထိုင်ကျက်စားကြသည်။ ၄င်းငါးသည် ရေပေါ်ရေလွှာ(Pelagic Fish)နှစ်မျိုးလုံးတွင် နေထိုင်ကျက်စားသောငါးများဖြစ်ပြီး အုပ်စုလိုက်ရွှေ့ပြောင်း နေထိုင်တတ်သော ငါးမျိုးစိတ်လည်းဖြစ်သည်။
ငါးစင်ရိုင်းငါးကို အဂ်လိပ်လို”Striped Dwarf Catfish”ဟု ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ “Mystus vittatus” ဟု အမည်တွင်သည်။ Mystus မျိုးစုတွင် ပါဝင်သောငါးများ၌ နှုတ်သီးမွေး ၄ စုံ ပါရှိသည်။ အထက်မေးရိုးရှိ နှုတ်ခမ်းမွေးသည် တင်ဆူးတောင်ထိအောင် ရှည်လျားပြီး နှာတံမှာ ဆောက်ပုံသဏ္ဌာန်ရှိပြီး ခန္ဓာကိုယ်သည် သေးသွယ်ရှည်လျားပါသည်။ တင်ဆူးတောင်၏ အနောက်ဘက်မှ အမြီးပိုင်းသို့တိုင်အောင် ကိုယ်ထည်မှာ ချိုင့်ဝင်လျက်ရှိပါသည်။ အမြီးဆူးတောင်မှာ ခွပုံသဏ္ဌာန် ရှိပါသည်။ ခွအထက်ပိုင်းသည် အောက်ပိုင်းထက် အနည်းငယ်ရှည်ထွက်နေပါသည်။ ခန္ဓာကိုယ်ရှည်လျားပြီး အနည်းငယ်ကျယ်ပြန့်သည်။ ကျောဘက်ဆူးချွန်ပါရှိခြင်းကလည်း ငါးစင်ရိုင်း၏ ထူးခြားမှုတစ်ခုဖြစ်ပေသည်။ အကြေးခွံမပါသည့် ခန္ဓာကိုယ်ကို အကျိအချွဲများဖြင့် ဖုံးလွှမ်းထားပါသည်။
ငါးစင်ရိုင်းအုပ်စုတွင် ငါးစင်ရိုင်း၊ ငါးစင်ရိုင်းကျွဲ၊ ငါးစင်ရိုင်းကြက်ချေး၊ ငါးဇင်ဟူ၍ မျိုးကွဲ အမည်များစွာ ရှိသည်။ ငါးစင်ရိုင်းသည် သက်တမ်းအားဖြင့် ၁နှစ် မှ ၂နှစ်ခန့်သာ အသက်ရှည်ကြပြီး အရှည်ဆုံးခန္ဓာကိုယ်အလျားသည် ၂၁ စင်တီမီတာအထိ ရှိပါသည်။
မိုးဦးကျတွင် ငါးစင်ရိုင်းငါးများသည် မြစ်ပြင်ကျယ်မှတစ်ဆင့် ချောင်းငယ်၊ မြောင်းငယ်၊ ချောင်းရိုး၊ မြောင်းရိုး၊လယ်ကွင်းပြင်များအတွင်းသို့ ဥချသားပေါက်ရန် ရောက်ရှိလာကြပါသည်။ ဥမှ သားပေါက်သောရေသတ္တဝါဖြစ်ပြီး ညဘက်တွင်အစာရှာဖွေလေ့ ရှိကြပါသည်။ ငါးစင်ရိုင်းများမှာ တစ်ကောင်တည်း နေလေ့မရှိဘဲ အထီးနှင့် အမကို တွဲလျက်တွေ့ရှိရလေ့ရှိပြီး မြစ်ဝများ၊ ဒီရေအတက် အကျရှိသောနေရာများတွင် များစွာတွေ့ရတတ်ပါသည်။ ရွံ့နွံပေါများသည့် မြစ်၊ ချောင်း၊ ရေပြင်ကျယ်များတွင် အုပ်စုဖွဲ့၍ တစ်အုပ်စုလျှင် ၁၀ ကောင်မှ ၂၅ ကောင်ခန့်အထိ တွေ့ရှိရပါသည်။ ထို့ကြောင့် ငါးဖမ်းဆီးရမိလျှင် ငါးစင်ရိုင်းတစ်ကောင်ချင်း ပါလေ့မရှိဘဲ အုပ်စုလိုက် ရတတ်ခြင်းဖြစ်သည်။
ငါးစင်ရိုင်းမျိုးစိတ်များတွင် “Mystus pulcher”မျိုးစိတ်မှာ မွေးမြူ၍ရသဖြင့် မွေးမြူနည်းကိုပါ ရေးသားဖော်ပြလိုက်ရပါသည်။
Mystus pulcher ငါးစင်ရိုင်းမျိုးစိတ်များ၏ နေထိုင်မှုအလေ့အထ
ငါးစင်ရိုင်းငါးများသည် အာရှတိုက်နိုင်ငံများဖြစ်သော ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလက်ာနိုင်ငံ၊ နီပေါနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဘဂ်လားဒေ့ရှ်နိုင်ငံတို့တွင် ပေါက်ပွားကြသည်ကို တွေ့ရလေ့ရှိသည်။ ရေချဥ်ဖန်နှုန်း(pH)သည် ၆ မှ ၇ အထိနှင့် ရေအပူချိန်သည် (၂၃-၂၅)ဒီဂရီစင်တီဂရိတ်အတွင်း နေထိုင်လေ့ရှိသည်။ ၄င်းမျိုးစိတ်သည် မျိုးအောင်နှုန်းမြင့်မားပြီး အစုံစားမျိုးဖြစ်ကာ ကြီးထွားနှုန်းမြန်သော ငါးမျိုးစိတ်ဖြစ်သဖြင့် အဓိကအားဖြင့် ရေညှိများ၊ ရေနေအပင်များ၊ အင်းဆက်များ၊ သတ္တမျောလှေးနှင့် ငါးငယ်များကို စားသောက်နေထိုင်ပါသည်။ ငါးများသည် နွေရာသီအချိန်တွင် လျင်မြန်စွာ အစာကောက်ယူစားသုံးနှုန်း မြင့်မားသော်လည်း ရေအပူချိန်ကျဆင်းသော ဆောင်းရာသီကာလမျိုးတွင် နှေးကွေးစွာ ကောက်ယူစားသုံးကြသည်ကို ငါးမွေးမြူသူများ သတိပြုမွေးမြူရန် လိုအပ်ပါသည်။
အရွယ်ရောက်ရှိမှု
ငါးစင်ရိုင်းငါးများအတွက် မျိုးပွားရာသီချိန်သည် မေလ မှ စက်တင်ဘာလအထိ ဖြစ်ပြီး အကောင်းဆုံး ဥတည်နှုန်းသည် ဇွန်လမှ ဇူလိုင်လအထိ ဖြစ်ပါသည်။ အမများသည် အထီးများထက် ခန္ဓာကိုယ်ပိုကြီးပြီး မျိုးပွားရာသီချိန်တွင် ဥလုံးအရောင်ကိုကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။မျိုးငါးများ၏ မျိုးပွားအင်္ဂါသည် မျိုးပွားရာသီချိန်(မေလမှ စက်တင်ဘာအထိ)တွင် သိသာထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။ စတင်အရွယ်ရောက်ချိန်တွင် ခန္ဓာကိုယ်အရွယ်အစားအားဖြင့် ၈ ဒသမ ၂ နှင့် ၉ ဒသမ ၅ စင်တီမီတာရှိပြီး အမများသည် အထီးများထက် စောစီးစွာ အရွယ်ရောက်ကြသော်လည်း အထီးများမှာ ကာလကြာရှည်စွာ မျိုးအောင်နှုန်းကောင်းမွန်သည်ကို လေ့လာမှုများမှ သိရှိရပါသည်။
ဥတည်နှုန်း
ဥတည်နှုန်းဟုဆိုရာတွင် မျိုးငါးအမတစ်ကောင်၏ ခန္ဓာကိုယ်အလေးချိန်၊ သားဥအိမ်အလေးချိန် နှင့် အလျားတို့အပေါ်မူတည်၍ သားဥအိမ်တွင် မျိုးတည်နေသော ဥအရေအတွက်ကို ဆိုလိုခြင်းဖြစ်ပြီး ငါးစင်ရိုင်းအမတစ်ကောင်သည် မျိုးပွားရာသီတစ်ရာသီတွင် ပျှမ်းမျှဥတည်နှုန်း ၆၇၇၀ မှ ၂၁၇၈၀ အထိ ရရှိပါသည်။ သို့ရာတွင် ဥဘဝ၌ လည်းကောင်း၊ ငါးသားပေါက် ဘဝ၌လည်းကောင်း၊ ငါးကြီးများ၏ ရန်ကြောင့် ပျက်စီးဆုံးပါးခြင်းများရှိသဖြင့် ဥပေါင်းများစွာ ဥပါမှ တစ်ကောင်တစ်လေသာ အဖတ်တင်နိုင်ပါသည်။ ထို့ကြောင့် မျိုးအောင်ဥအဆင့်မှ ငါးမှုန်အဆင့်၊ ငါးမှုန်အဆင့်မှ ငါးသန်၊ ငါးဖျန်းစသည်ဖြင့် အရွယ်ရောက်သည်အထိ ရှင်သန်နှုန်း ကောင်းမွန်စေရန်အတွက် သုတေသနပြုလုပ်၍ ရရှိလာသော သားပေါက်များအား အရည်အသွေးကောင်းမွန်စေရန်နှင့် ငါးမွေးတောင်သူများထံသို့ နည်းပညာများ ပြန်လည်ဖြန့် ဝေပေးနိုင်ရန် အကျိုးပြုသုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။
မျိုးငါးစုဆောင်းခြင်းနှင့် မျိုးပွားရာသီချိန်
မျိုးပွားရာသီမတိုင်မီ ၂လ-၃လ ကြိုတင်၍ ပျှမ်းမျှ ၁၀ ဒသမ ၄၃ မှ ၁၅ ဒသမ ၈၁ ဂရမ်အထိ (ခန့်မှန်းကောင်ရေ ၁၅၀)ရှိသော မျိုးငါးများကို တန် ၄၀ ဆန့် (၁၂၇၀ ဂါလန်)အုတ်ကန်၌ ထည့်သွင်းကာ ရေအသုံးပြုမှုအနေဖြင့် အမြဲစီးဆင်းသည့်စနစ်(Water flow through system) အသုံးပြု၍ မွေးမြူပြုစုပါသည်။ အသားဓာတ် ၃၆ ရာခိုင်နှုန်းပါဝင်သော ဖော်စပ်စာများအား စုစုပေါင်းခန္ဓာကိုယ်အလေးချိန်၏ ၃ ရာခိုင်နှုန်းဖြင့် တစ်နေ့လျှင် ၂ ကြိမ်ကျွေးမွေးပါသည်။ ပြုစုစဥ်ကာလအတွင်း၌ ရေအရည်အသွေးများဖြစ်သည့် ရေတွင်ပျော်ဝင်အောက်ဆီဂျင်ပျော်ဝင်မှု(Dissolved Oxygen)၊ ချဥ်ဖန်နှုန်း(pH)၊ အပူချိန်၊ အမိုးနီးယားပါဝင်မှုစသည်တို့ကို ပုံမှန်တိုင်းတာ၍ မျိုးငါးများ၏ ကျန်းမာရေးကောင်းမွန်စေရန်အတွက် နေ့စဥ်မပြတ် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။
သားဖောက်၍ မျိုးပွားခြင်း
မျိုးပွားရာသီချိန်တွင် သဘာဝရေပြင်များ၌ မိတ်လိုက်ဥချသားပေါက်နိုင်သကဲ့သို့ ငါးမျိုးစေ့များကို သဘာဝအတိုင်းစုဆောင်းရန် မဖြစ်နိုင်သောနေရာများတွင် ဆေးထိုးသားဖောက်သည့်နည်းလမ်းများကို အသုံးပြုကြပါသည်။ မျိုးပွားရန် ရင့်မှည့်နေသော ငါးများကို ဟော်မုန်းဆေးထိုးခြင်းဖြင့် မျိုးပွားရန် လှုံ့ဆော်ပေးသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ မွေးမြူထားသော ငါးမျိုးများ၏ အရည်အသွေး ကောင်းမွန်သော ငါးမျိုးစေ့များ(သားပေါက်များ)ထုတ်လုပ်ရန်အတွက် မွေးမြူသည့်နည်းစနစ်တစ်ခုလည်း ဖြစ်ပါသည်။
ဆေးထိုးသားဖောက်ခြင်း ဆောင်ရွက်ရာတွင် ဟော်မုန်းဆေးထိုးခြင်းမပြုမီ ၂၄ နာရီအလိုတွင် မျိုးဥရင့်မှည့်ပြီး မျိုးရည်ပြည့်ဝနေသော မျိုးငါးများအား ရွေးချယ်၍ အထီးနှင့်အမ သီးသန့်ကန်ခွဲထား ပြီး အထီး ၂ ကောင်၊ အမ ၁ ကောင်နှုန်းစီဖြင့် စီနာဖက်(CINNAFACT)ဟော်မုန်းဆေး အသုံးပြု၍ဆေးထိုးသားဖောက်ပါသည်။ ထို့အတူ Suprefact Hormone ၊ Human Chorionic Gonadotropin(HCG) ၊ Luteinizing Hormone-Releasing Hormone (LH-RH) နှင့် Ovaprim စသော ဟော်မုန်းဆေးများကိုလည်း အသုံးပြု၍ ရပါသည်။
ဆေးထိုးပြီးသား ငါးအစုံများကို အသင့်ပြင်ထားသော ကန်အတွင်းသို့ ထည့်ပေးပြီးနောက် ၂နာရီခန့်အကြာတွင် စတင်လှုံ့ဆော်မှုရှိလာပြီး သဘာဝအတိုင်း ငါးများမိတ်လိုက်ကြပြီးနောက် ၇ နာရီ ခန့်အကြာတွင် စတင်၍ ဥဥချပါသည်။ မျိုးငါးအမ တစ်ကောင်လျှင် ပျှမ်းမျှအားဖြင့် ဥလုံးရေ ၇၂၈၇- ၁၉၁၂၃ ဥဥချနိုင်ပါသည်။
ငါးများမိတ်လိုက်သည့်အချိန်တွင် ရှိသင့်သည့်အပူချိန်မှာ ၂၅-၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်လျှင် ပို၍ကောင်းပါသည်။ သန္ဓေအောင်ဥများ၏ အရွယ်အစားသည် ၀ ဒသမ ၁၁ မီလီမီတာ အရွယ်ရှိပြီး ထွင်းဖောက်မြင်နိုင်ကာ မအောင်မြင်သောဥများမှာ အလင်းထိုးဖောက်မြင်နိုင်မှု မရှိချေ။ ငါးဥမှ အကောင်ပေါက်ရန် ကြာချိန်သည် ရေအပူချိန်ပေါ်မူတည်၍လည်း ကွာခြားမှုရှိနိုင်ပါသည်။
ငါးမှုန်များ ပြုစုထားရှိခြင်း
ဥချပြီး ၁၇-၁၉ နာရီကြာမြင့်ချိန်တွင် ငါးသားပေါက်ကလေးများ ပေါက်ဖွားလာကြပါသည်။ အလျား ၆ပေ × အနံ ၄ပေ × အနက် ၂ဒသမ ၆ပေ ရှိသော ကွန်ကရစ်ကန်တစ်ကန်လျှင်ငါးမှုန် ၈၀၀၀မှ ၁၂၀၀၀ အထိ ထည့်သွင်းပြုစုပါသည်။ ၅ရက်သားတွင် အပင်မျောလှေးများနှင့် ကြက်ဥအနှစ် အရည်တို့ကို စတင်ကျွေးပြီး ၇ ရက်သားမှ စတင်ကာ သတ္တမျောလှေးများ စတင်ကျွေးမွေးပြီးသည်နှင့် အစာကောက်ယူစားသုံးမှုနှင့် အစာလမ်းကြောင်းများကို လေ့လာရန် လိုအပ်ပါသည်။ ထို့နောက်မှတစ်ဆင့် အသားဓာတ် ၃၄ ရာခိုင်နှုန်းပါဝင်သော ဘိုင်အိုဖလော့အစာများဖြင့် ဆက်လက်ကျွေးမွေးရာတွင် ငါးမှုန်များ၏ ကြီးထွားမှု၊ အစာစားသုံးမှုနှင့် ကိုယ်ခံစွမ်းအားကောင်းမွန်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖိအားပေးမှုများနှင့် ကျရောက်လာမည့် ရောဂါပိုးမွှားများကို ခံနိုင်ရည်ရှိရန် လိုအပ်သော ဇီဝကမ္မဖြစ်စဥ်လမ်းကြောင်းများကို ထိန်းညှိပေးနိုင်မှုများကြောင့် ရက်သတ္တပတ် ၂ ပတ်အကြာတွင် တစ်လက်မ မှ တစ်လက်မခွဲအရွယ်ထိ ကြီးထွားလာသော ငါးသန်ကလေးများ ရရှိမည်ဖြစ်ပါသည်။
ငါးစင်ရိုင်းစားဖွယ်စုံ
ငါးစင်ရိုင်းငါးမှာ အခြားငါးများထက် အရသာလေးလေးပင်ပင်ရှိသောကြောင့် ပို၍စားကောင်းကြသည်။ ငါးစင်ရိုင်းကို ငါးပိရေကျို ပြုလုပ်ကြသလို ငါးစင်ရိုင်းခြောက်ကိုလည်း လူကြိုက်များကြသည်။ ငါးစင်ရိုင်းအချဥ်ဆီပြန်၊ ငါးစင်ရိုင်းအိုးကပ်၊ ငါးစင်ရိုင်းပင်စိမ်းဟင်း၊ ငါးစင်ရိုင်းသရက်/သစ်တိုသီးချက်၊ ငါးစင်ရိုင်းမန်ကျည်းရွက် ချဥ်ရည်ဟင်းတို့မှာ နာမည်ကြီးသည်။
ငါးစင်ရိုင်းဟင်းချက်မည်ဆိုပါက ငါးကိုဆူးတောင်ဖြုတ်၊ဗိုက်ဖောက် အညစ်အကြေးသန့်စင်ရပါသည်။ မန်ကျည်းသီးမှည့်(သို့)ဆားကြမ်းဖြင့် ငါးကိုပွတ်ဆေးပြီး နယ်ပေးပါမှ အချွဲနှင့် ညှီနံ့များ စင်သွားပါလိမ့်မည်။ ဆူးချွန်ပါငါးမို့ ဆူးဆိပ်တက်တတ်သဖြင့် သတိထားကိုင်တွယ်ရပါမည်။မတော်တဆဆူးစူးမိပြီးအဆိပ်တက်ပါက ပင်လယ်သားများမှ ဒဏ်ရာကို အရက်ပျံထည့်ခြင်း(သို့)လူ့ကျင်ငယ်ရည်ဖြင့် ဆေးခြင်းဖြင့် ကုသကြကြောင်း သိရသည်။ ငါးစင်ရိုင်းငါးကို ငါးမြှားတံ(သို့)ငါးစင်ရိုင်းမြှုံးများ ဖြင့် ဖမ်းဆီးကြကြောင်း သိရပါသည်။
ငါးစင်ရိုင်းတွင်ပါဝင်သော အာဟာရဓာတ်များမှာ ပရိုတင်း(အသားဓာတ်)၊ ကယ်လ်စီယမ်(ထုံးဓာတ်)၊ ကစီဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ၊ဗီတာမင်ဘီတူးနှင့် တန်ဖိုးမြင့် အိုမီဂါသရီးတို့ ဖြစ်သည်။ အဆီဓာတ်ပါဝင်မှုမှာ အခြားငါးများတွင်ပါဝင်သော အဆီများနည်းတူ လူ့အကျိုးပြုအဆီတစ်မျိုး အနည်းငယ်ပါဝင်လျက်ရှိသည်။
မြန်မာ့နာမည်ကျော်ဆေးကျမ်းတစ်ဆူဖြစ်သော ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ပြုစုသည့် ဥတုဘောဇနသဂ်ဟကျမ်းတွင် ငါးစင်ရိုင်း၏ အကျိုးသွားကို”ငါးစင်ရိုင်းသည် အဆီမရှိ၊ ကြေလွယ်၏။ သလိပ်သည်းခြေကို နိုင်၏။ ဝမ်းမီးကို တောက်စေတတ်၏။ တိကဏ္ဍ-သဒ္ဒါ ငါးစင်ရိုင်းဟော” ဟု ဖော်ပြသည်။ အရှင်နာဂသိန် မဟာထေရ် ပြုစုစီရင်အပ်သော ပုံပြ သား-ငါး-ကျေး-ငှက် ဆေးအဘိဓာန်တွင် ငါးစင်ရိုင်း၏ ဂုဏ်သတ္တိနှင့် အကျိုးအာနိသင်ကို ဖော်ပြရာတွင် ငါးစင်ရိုင်းသည် ကြေလွယ် ၏။ အဆီမရှိ၊ ဝမ်းမီးကို တောက်စေ၏။ သလိပ်သည်းခြေကိုနိုင်၏။ အဆိပ်ကို လည်းကောင်း၊ သူငယ်နာကိုလည်းကောင်း နိုင်၏။ ပန်းနာချွဲကျခြင်းတို့ကို ပျောက်ကင်းစေနိုင်၏။ အိပ်ပျော်စေတတ်၏။ မန်းနာကို နိုင်၏။”ဟု တွေ့ရသည်။
ငါးစင်ရိုင်းကို ဓာတ်စာအဖြစ် ရောဂါအလိုက် စားသုံးနိုင်ကြောင်းလည်း ပုံပြဆေးအဘိဓာန်က ညွှန်းဆိုပါသေးသည်။ အဖျားပျောက်စအခါ ချွဲသလိပ်အားကြီးသူများ၊ ပန်းနာရင်ကျပ်၊ ငန်းနာ၊ မန်းနာအမျိုးမျိုးရှိသူများ ငါးစင်ရိုင်းကို စားသုံးနိုင်သည်။ ဝမ်းမီးပျက်သူတို့အဖို့ ဝမ်းပျက်ရောဂါရှိသူများမှာမူကား နနွင်းများထည့်၍ ချက်စားနိုင်သည်။ကင်စား၊ ကြော်စားနိုင်သည်။ မဆလာနှင့် ဆီသတ်ခြင်း မပါဘဲ ငါးကိုသန့်ရှင်းစင်ကြယ်အောင်လုပ်ပြီးနောက် သရက်သီးစိမ်းပေါက်ထည့်ပြီး အရည်သောက်အနေဖြင့် ၄င်းငါးကို စားသောက်ခဲ့သော် နှုတ်မမြိန်သူတို့အဖို့ ခံတွင်းလိုက်တတ်ပါသည်။ ပန်းနာ၊ ကြက်ညှာတို့နှင့် သင့်သောငါးဟု ဆိုထားသော်လည်း ငါးစင်ရိုင်းခြောက်ကို ဖုတ်၍လည်းကောင်း၊ ကြော်၍ လည်းကောင်း မည်သည့်အခါမျှ မကျွေးသင့်ပါ။ အဆိပ်ကိုနိုင်သည်ဟု ဆိုထားသော်လည်း မြွေဆိပ်၊ ကင်းဆိပ်တို့ကို ဆိုလိုဟန် မတူပါ။ အနာမန်းဝင်ခြင်း၊ မှို၊ ကျွေးဥ၊ ကဒူးဥ စသည်တို့ကို စား၍ အဆိပ်အ တောက်(သို့မဟုတ်) အဆိပ်၏ အခိုးအကင်းကျန်၍ ခေါင်းကိုက်၊နားကိုက် စသည်ဖြင့် ဖြစ်နေသော သူတို့ကား ငါးစင်ရိုင်းသည် များစွာအကျိုးပြုသည်ဟု ဆိုလိုဟန်ရှိသည်။ ငါးစင်ရိုင်းသည် အစာကိုကြေ စေတတ်၏။ ဝမ်းမီးတောက်စေတတ်၏။ အိပ်ပျော်စေတတ်၏ဟု ဖော်ပြထားသဖြင့် အဖျားရောဂါရှိသူမှစ၍ ဆီးရောဂါ၊ အဖောရောဂါ၊ ပန်းနာမကျန် ရောဂါအမျိုးမျိုးတို့အတွက် အသုံးဝင်သော ဆေးဟင်းကောင်းဓာတ်စာတစ်ခွက်ဟု မှတ်ယူအပ်ပေသည်ဟူ၍ အကျယ်တဝင့် ဖော်ပြခဲ့သည်။
တိုင်းရင်းငါးများတွင် ငါးစင်ရိုင်းကလည်း လူကြိုက်များသော ငါးတစ်မျိုးဖြစ်သည်။ ငါးစင်ရိုင်းကို ရေကျိုငါးပိလုပ်ရာတွင် အထူးကောင်းမွန်သည်။ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ငါးစင်ရိုင်းငါးပိရေကျိုများစွာ ပြုလုပ်စားသုံးလေ့ရှိသည်။ ငါးရံ့၊ ငါးပြေမနှင့် ငါးစင်ရိုင်း သုံးမျိုးရော၍ ပြုလုပ်ထားသော သုံးဦးစပ်ငါးပိရေကျိုမှာ အနံ့အရသာအထူးကောင်းမွန်ပြီး စားသုံးသူနှစ်သက်၍ အရောင်းရတွင်ကျယ်သော ရေကျိုငါးပိတစ်မျိုးဖြစ်သည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပူအင်းကျေးရွာရှိ ဒေါင်ဒင်အင်းအတွင်း နှစ်စဥ် ဖေဖော်ဝါရီလတွင် ငါးဖမ်းပွဲတော်တစ်ခု ကျင်းပလေ့ရှိသည်။ ဘိုးဘွားများ လက်ထက်မှစကာ အစဥ်အဆက်ကျင်းပလာသော ပွဲတော်ဖြစ်ပြီး ၄င်းကာလ၌ ဖမ်းမိသောငါးများတွင် ငါးစင်ရိုင်းများ လည်း အများအပြား ပါဝင်လေ့ရှိကြောင်း မှတ်သားရသည်။
အချုပ်အားဖြင့် ဆိုရလျှင် ငါးစင်ရိုင်းငါးမှာ တန်ဖိုးနည်းသော်လည်း လူသားတို့၏ကျန်းမာရေးအတွက်များစွာကောင်းကျိုးပြုပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ ရေချိုဒေသ၊ ရေချိုရေငန်စပ်ဒေသတွင် တွေ့ရှိရသော တိုင်းရင်း ငါးမျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။