ရေဘဝဲမွေးမြူရေး တကယ်လုပ်တော့မှာလား..

21/03/2023 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

လူသားတွေဟာ သူတို့ရဲ့ စားနပ်ရိက္ခာအတွက် တိရစ္ဆာန်အမျိုးမျိုးကို မွေးမြူထုတ်လုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲ၊ ဝက်၊ ငါး၊ ပုစွန် တို့ကတော့ အထင်ရှားဆုံး မွေးမြူရေးတိရစ္ဆာန်တွေပါ။

ဖား၊ မြွေ၊ မိကျောင်းနဲ့ အင်းဆက်အမျိုးမျိုး စသည်ဖြင့် အခြားသော တိရစ္ဆာန်အချို့ကိုလည်း မွေးမြူကြပါသေးတယ်။ ဒါနဲ့တင် မလုံလောက်သေးတာမို့ တောရိုင်းတိရစ္ဆာန်အချို့ကိုလည်း ဖမ်းဆီးပြီး မွေးမြူဖို့ ကြိုးစားလေ့ရှိကြပါသေးတယ်။

အဲဒီလို မွေးမြူရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းထဲမှာ ထူးခြားတဲ့ BBC သတင်းတစ်ပုဒ်ကတော့ ကမ္ဘာ့ပထမဆုံး ရေဘဝဲမွေးမြူရေးလုပ်ငန်း စတင်ဆောင်ရွက်မယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး စားသုံးသူတွေ၊ သိပ္ပံပညာရှင်တွေအကြား ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်ပေါ်နေတဲ့သတင်းပဲ ဖြစ်ပါ တယ်။ 

စပိန်နိုင်ငံအခြေစိုက် ပင်လယ်စာစားသောက်ကုန် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့  Nueva Pescanova က ရေဘဝဲတွေကို မွေးမြူထုတ်လုပ်ရောင်းချမဲ့အစီအစဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ငါးဦးစီးဌာန (Canary Islands' General Directorate of Fishing) ကို အဆိုပြုလွှာတင်ပြပြီး ခွင့်ပြုချက်တောင်းခံခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ရေဘဝဲတွေကို သားဖောက်ပြီး စီးပွားဖြစ်မွေးမြူနိုင်ဖို့ သုတေသနလုပ်ငန်းတွေက အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြတာ ဆယ်စုနှစ်နဲ့ချီနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်ရောက်မှ Nueva Pescanova က သူတို့အနေနဲ့ ရေဘဝဲကို စီးပွားဖြစ် မွေးမြူထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

အခု အဆိုပြုထားတဲ့ မွေးမြူရေးစီမံကိန်းကို Octopus vulgaris မျိုးစိတ် ရေဘဝဲတွေကို  Gran Canaria မှာ ရှိတဲ့ Palmas ဆိပ်ကမ်းမှာ အကောင်အထည်ဖော်မှာဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ထပ်အဆောက်အဦမှာ မွေးမြူရေးကန် (communal tank) အလုံး ၁၀၀၀ နဲ့ မွေးမြူမှာပါ။ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့အတွက် တစ်နှစ်ကို ရေဘဝဲတန်ချိန် ၃၀၀၀ လောက် မွေးမြူသွားမယ်လို့လည်း ဆိုပါတယ်။

ဒီပမာဏ ထုတ်လုပ်ဖို့ဆိုရင် ရေဘဝဲကောင်ရေပေါင်း ၁ သန်းလောက် မွေးမြူရမှာ ဖြစ်တယ်လို့ တွက်ချက်ယူကြပါတယ်။ ကုမ္ပဏီက တင်ပြထားတဲ့ အဆိုပြုချက်မှာ ပါဝင်တဲ့ ကန်ရဲ့ အနေအထားနဲ့ သူတို့ မွေးမြူထုတ်လုပ်လိုတဲ့ ရေဘဝဲပမာဏကို အခြေခံပြီး တွက်ချက်ရင် တစ်ကုဗမီတာအကျယ် ရေကန်အတွင်းမှာ ရေဘဝဲ အကောင်ရေ ၁၀-၁၅ ကောင်လောက် ထည့်သွင်းမွေးမြူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Nueva Pescanova ရဲ့ ခန့်မှန်း တွက်ချက်မှုအရ သူတို့ရဲ့ မွေးမြူရေးကန်မှာ မွေးမြူထားတဲ့ ရေဘဝဲတွေရဲ့ သေဆုံးနှုန်းကတော့ ၁၀-၁၅% လောက် ရှိလိမ့်မယ်လို့ သိရပါတယ်။ 

Nueva Pescanova ရဲ့ အဆိုပြုလွှာမှာ သူတို့အနေနဲ့ စပိန်နိုင်ငံမြောက်ပိုင်း၊ Galicia မှာ ရှိတဲ့  Pescanova Biomarine Centre သုတေသမွေးမြူရေးကန်ကနေ ရေဘဝဲကောင်ရေ ၁၀၀ ယူဆောင်လာပြီး စတင်သားဖောက် မွေးမြူမယ်လို့ ဆိုထားပါတယ်။ အထီး ၇၀ နဲ့ အမ ၃၀ ပါဝင်မှာ ဖြစ်ပါ တယ်။ သူတို့အနေနဲ့ မွေးမြူလာတဲ့ ရေဘဝဲသားဖောက်တွေကိုကျွေးမွေးဖို့ အစာခြောက်ကိုလည်း ထုတ်လုပ်သွားမှာပါ။ ငါးဘေးထွက်ပစ္စည်းတွေကို အသုံးပြုထားတဲ့ ရေဘဝဲအစာခြောက်ကို ထုတ်လုပ်ပြီး ကျွေးမွေးမှာ ဖြစ်ပါတယ်။ ရေဘဝဲတွေကို သူတို့ရဲ့ အသက်အလိုက် လိုအပ်တဲ့ အခြေအနေရှိတဲ့ ပင်လယ်ရေ (ရေငံနှုန်း၊ အပူချိန် စသည်ဖြင့် ထိန်းချုပ်ထားတဲ့ ရေ)ကို ဖန်တီးပြီး မွေးမြူမယ်လို့လည်း ဆိုပါတယ်။ 

ဒီသတင်းဟာ ပင်လယ်စာ အထူးသဖြင့် ရေဘဝဲ ကြိုက်နှစ်သက်သူတွေအတွက်တော့ သတင်းကောင်းတစ်ပုဒ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တိရစ္ဆာန်သက်သာချောင်ချိရေး (animal welfare) ကို အလေးထားသူတွေအတွက်တော့ ဒီသတင်းဟာ အတော့်ကို စိတ်ပျက်စေတဲ့ သတင်းတစ်ပုဒ်ဖြစ်နေပြန်ပါတယ်။

တကယ်တော့ ရေဘဝဲတွေဟာ အတော်လေးအသိဉာဏ်မြင့်မားတဲ့ သတ္တဝါတွေပါ။ ရေဘဝဲရဲ့ အသိဉာဏ်နဲ့ ကြောင်ရဲ့ အသိဉာဏ်ဟာ အတူတူလောက် ရှိတယ်လို့ ခန့်မှန်းကြတာလည်း ရှိပါတယ်။ အဲဒီလို ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတဲ့ သတ္တဝါတွေကို လှောင်အိမ်ထဲမှာ ဘဝတစ်သက်တာလုံး လှောင်ထားပြီး မွေးမြူထုတ်လုပ်မယ်ဆိုရင် ဒါဟာ အင်မတန် ရက်စက်ရာကျလိမ့်မယ်လို့ အချို့သောပညာရှင်တွေနဲ့ ပြည်သူတွေက ရှုမြင်နေကြပါတယ်။

ပင်လယ်ပြင်ထဲ လွတ်လွတ်လပ်လပ် ကျင်လည်ကျက်စားတဲ့ သတ္တဝါမျိုးစိတ်တစ်ခုကို အလျား ၁ မီတာ (တစ်ကိုက်ဝန်းကျင်)၊ အနံ ၁ မီတာ၊ အမြင့် ၁ မီတာ သာကျယ်တဲ့ ရေပြင်ထဲ ၁၀ ကောင်၊ ၁၅ ကောင်လောက်နှုန်းနဲ့ ချုပ်နှောင်ထားမယ်ဆိုတဲ့အပေါ် အတော်လေး စိတ်မသက်မသာ ဖြစ်နေကြတာပါ။ 

တကယ်တော့ Nueva Pescanova ရဲ့ အဆိုပြုလွှာထဲမှာ ရေဘဝဲတွေကို လှောင်ပြီး မွေးမြူတာကသာ ပြဿနာမဟုတ်ပါဘူး။ မွေးမြူပြီးသား ရေဘဝဲတွေကို ဈေးကွက်တင်ရောင်းချမဲ့အချိန်မှာ ဘယ်လိုသတ်ဖြတ်ပြီး ရောင်းချမှာလဲ ဆိုတာကလည်း အလွန်ကြီးမားတဲ့ ပြဿနာတစ်ရပ်ပါ။

အဆိုပြုလွှာထဲမှာ ရေဘဝဲတွေကို အနုတ် ၃ ဒီဂရီစင်တီဂရိတ်အထိ အေးခဲနေတဲ့ ရေထဲမှာနှစ်ပြီး အေးခဲအောင်ပြုလုပ်သတ်ဖြတ်မှာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန် ဉာဏ်ရည်မြင့်မားတဲ့ သတ္တဝါတစ်ကောင်အတွက် အင်မတန်ဆိုးဝါးရက်စက်တဲ့ နှိပ်စက်မှုပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ရေဘဝဲတွေကို တခါမှ စီးပွားဖြစ်မွေးမြူဖူးတာမဟုတ်လို့ သူတို့အတွက် အသက်သာဆုံးနည်းလမ်းနဲ့ သတ်ဖြတ်မယ့် နည်းလမ်းကိုလည်း မသိကြရသေးပါဘူး။ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ စည်းကမ်းသတ် မှတ်ချက်တွေလည်း မရှိသေးပါဘူး။ ဒါကြောင့် ကုမ္ပဏီက အခုလို ရေခဲရေနဲ့ သတ်တဲ့နည်း(ice slurry) ကို တင်ပြထားတာဖြစ်ပါတယ်။

လေ့လာမှုတွေအရ သိထားရတာကတော့ ငါးတွေကို အဲဒီနည်းလမ်းနဲ့ သတ်ဖြတ်တာဟာ ငါးတွေ သေဆုံးတာကို နှေးကွေးစေပြီး (တဖြည်းဖြည်း ညှင်းသတ်သလိုဖြစ်နေတာ) အင်မတန် ဒဏ် (stress) ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (World Organization for Animal Health) ကလည်း ဒီ နည်းလမ်းဟာ ငါးတွေရဲ့ သက်သာချောင်ချိမှုကို ထိပါးတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ငါးမွေးမြူရေးလုပ်ငန်းတွေကို စစ်ဆေးပြီး အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Aquaculture Steward-ship Council (ASC) ကလည်း ငါးတွေကို အဲဒီနည်းနဲ့ မသတ်ခင် ကြိုတင်ပြီး သတိလစ်မေ့မျောအောင်ပြုလုပ်တဲ့အဆင့် (stunning) မလုပ်ထားရင် ဒီနည်းလမ်းကို အသုံးပြုခွင့်မပေးဘဲ ပိတ်ပင်ပစ်ဖို့ အဆိုပြုထားပါတယ်။ Tesco နဲ့ Morrison အပါအဝင် ကမ္ဘာကျော်ကုန်တိုက်ကြီးအချို့ကတော့ အဲဒီနည်းနဲ့ သတ်ထားတဲ့ငါးတွေကို သူတို့ရဲ့ ကုန်တိုက် မှာ တင်ပြီးရောင်းချခွင့်ကို လုံးဝပိတ်ပင်ထားပါတယ်။ ဒါကြောင့် အဆိုပြုထားတဲ့ ရေဘဝဲမွေးမြူရေးလုပ်ငန်းဟာ မေးခွန်းတွေအများကြီး ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အင်မတန်ကျဉ်းမြောင်းတဲ့နေရာထဲမှာ ရေဘဝဲအကောင်ရေအမြောက်အမြားကို မွေးမြူထားတာကလည်း တိရစ္ဆာန်တွေကို ညှင်းပမ်းနှိပ်စက်ရာ ရောက်နေတာပါပဲ။ ကုမ္ပဏီက အဆိုပြုထားတဲ့ သေနှုန်း ၁၅% အထိ မြင့်မားနိုင်တဲ့အချက်ကို ထောက်ပြနေကြတာပါ။ ဘယ်မွေးမြူရေးလုပ်ငန်းမဆို ရောဂါမဝင်ဘဲ အဲဒီလောက် သေနှုန်းမြင့်မားနေတာဟာ လက်ခံစရာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ 

အခုအဆိုပြုထားတဲ့ ရေဘဝဲမွေးမြူရေးလုပ်ငန်းဟာ တိရစ္ဆာန်ညှင်းပမ်းနှိပ်စက်မှု ကာကွယ်ရေး ရှုထောင့်ကကြည့်ရင် ပြဿနာများလှသလို အခြားတစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ပြဿနာတွေလည်း ရှိနေနိုင်ပါသေးတယ်။ ရေဘဝဲတွေကို သားလောင်းဘဝမှာ တိရစ္ဆာန်အရှင်တွေ ကျွေးမွေးပေးရမှာ ဖြစ်ပါတယ်။ မြောက်များလှတဲ့ ရေဘဝဲတွေကို မွေးမြူပြီး အဲဒီကနေ ထွက်ပေါ်လာမယ့် ရေဆိုးတွေကို ဘယ်လို စွန့်ပစ်မှာလဲ ဆိုတာကလည်း မေးခွန်းတစ်ခုပါ။ ကုမ္ပဏီကတော့ ရေဘဝဲမွေးမြူရေးကန်တွေက ထွက်လာတဲ့ အသုံးပြုပြီးသားရေတွေကို ပင်လယ်ထဲ ပြန်လည်စွန့်ထုတ်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေရဲ့ စိုးရိမ်ချက်ကတော့ အဲဒီစွန့်ပစ်ရေဆိုးတွေထဲမှာ နိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်စ်တွေ အမြောက်အမြား ပါဝင်လာမဲ့ကိစ္စပါ။ ကုမ္ပဏီဖက်က ငြင်းချက်ထုတ်တာကတော့ ရေတွေကို မစွန့်ထုတ်မီ အပင်တွေကို ဖြတ်သန်းလာမှာမို့ အဲဒီနိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်စ်တွေကို စစ်ထုတ်ထားပြီး ဖြစ်နေပြီး ပတ်ဝန်းကျင်ကို သက်ရောက်မှု ဘာမှရှိမှာ မဟုတ်ဘူး ဆိုတာပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် ရေဘဝဲမွေးမြူရေးကို လူတွေလက်ခံပြီး ဆက်လက်လုပ်ဆောင်နိုင်မှာလား၊ ဒါမှမဟုတ် “အခန်း(၁)၊ ဇာတ်သိမ်းပိုင်း” ဆိုသလို ပထမဆုံး အဆိုပြုလွှာမှာတင် ပယ်ချခံရပြီး မစတင်နိုင်ဘဲ ဖြစ်လာမှာလားဆိုတာကတော့ စောင့်ကြည့်ရဦးမဲ့ စိတ်ဝင်စားဖွယ်သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လန်ဒန်လိုမြို့ကြီးတွေမှာ ရေဘဝဲမွေးမြူရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။ စာဖတ်သူတို့ကရော ဒီသတင်းအပေါ် ဘယ်လိုများ မြင်မိပါသလဲ။ ဆွေးနွေးပေးကြပါဦးခင်ဗျား။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်