အခုလို ဓာတ်မြေဩဇာဈေးနှုန်းတွေ၊ ပိုးသတ်ဆေးဈေးတွေ အရင်ထက် နှစ်ဆမက ဈေးတွေတက်လာနေတဲ့အချိန်မှာ အော်ဂဲနစ်ဘက်ကို တဖြည်းဖြည်းကူးပြောင်းလာရင်း ၃ နှစ်မြောက်မှာ ကုန်ကျစရိတ်သက်သာ၊ အကျိုးအမြတ်ရလာသူတစ်ဦးဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဇရပ်လှအုပ်စုထဲက တောင်သူတစ်ဦးဖြစ်သူ ကိုရန်နောင်စိုးရဲ့ အခက်အခဲတွေ၊ အောင်မြင်မှုတွေ၊ ဘယ်လိုပုံစံတွေနဲ့ စနစ်တကျကူးပြောင်းနေသလဲဆိုတာတွေကို Green Way က မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ ကိုရန်နောင်စိုးအနေနဲ့ အော်ဂဲနစ်ဘက်ကို တဖြည်းဖြည်း ကူးပြောင်းလာတဲ့ပုံစံလေးကို စရှင်းပြပေးပါဦး။
ဖြေ။ ။ ကျနော် ပိုးကာကွယ်တဲ့နည်းတွေရော တွဲသုံးတယ်ဗျ။ ကာကွယ်နည်းကတော့ ထန်းလျက်ရည်ကို ရေသန့်ဘူးထဲထည့်ပြီး ဖလံကိုဖမ်းတာပါ။ ယာမှာတော့အဲ့နည်းသုံးတာပေါ့။ လယ်မှာကျတော့ ငှက်နားတိုင်လုပ်ပေးပါတယ်။ တမာပိုးသတ်ဆေးကိုလည်း ကိုယ်တိုင်လုပ်သုံးတယ်။ ငရုတ်သီးပိုးသတ်ဆေးရည်လည်းသုံးတယ်ဗျ။ ပိုးကျတာတွေ့ရင် ၃ ရက်ခြားပြီး နှစ်ပတ်လောက်ဖျန်းလိုက်ရင် နိုင်သွားပါတယ်။ အရွက်ဖျန်းအားဆေးကတော့ ငါးအမိုင်နိုအက်ဆစ် တမျိုးတည်းပဲသုံးပါတယ်။ မြေသြဇာကတော့ လက်ရှိမှာ နွားချေး တစ်ဧက တင်း ၁၅၀ လောက်သုံးထားတယ်။ မြေခံမှာပေါ့နော်။ နွားချေးက တစ်တင်းကို ၂၀၀ ပေးရတယ်။ အရင်ကတော့ ၁၅၀ ပဲ။ အခုကျ မြေဆီဈေးတွေကောင်းတော့ သူလည်း ဈေးတက်လာတာ။ နှမ်းရိုးခြောက်တွေကိုလည်း အစည်းဖြည်ပြီး လယ်ထဲမှာဖြန့်ကျဲထားလိုက်တယ် နောက်မှ ရေသွင်းပြီး စက်နင်းခုတ်ပါတယ်။ အဲ့တာက စပါးအတွက်တော့ P ဓာတ်လုံလောက်ပါတယ်ဗျ။ K ဓာတ်ရောပေါ့။ အဲ့တော့ N တစ်မျိုးပဲ လိုတော့မယ်။ အကုန်လဲသက်သာတာပေါ့။ N ကိုကျ မနှစ်က တစ်ဧက ကို 75 kg လောက်သုံးတယ်။
မေး - ဘယ်လိုကြောင့် အော်ဂဲနစ်ဘက်ကို ခြေလှမ်းဖို့ ဖြစ်လာတာလဲဗျ။
ဖြေ။ ။ ဘယ်လိုလှမ်းဖြစ်လာတာလဲဆိုတော့ EM နည်းပညာကို တီထွင်ခဲ့တဲ့ ဂျပန်နိုင်ငံက ဒေါက်တာ တာရူဟီးဂါးလေ။ သူ့လမ်းစဉ်လေးကိုအားကျတာလည်းပါတယ်။ နောက်ပြီးကျတော့လည်း အဆိပ်အတောက်ကင်းတယ်ဆိုတာပေါ့ဗျာ။ အဲ့ဒါလေးကို သဘောကျလို့လည်း ပါတယ်။
မေး။ ။ အော်ဂဲနစ်ကိုပြောင်းဖို့ လေ့လာမှုတွေကျ ဘယ်ကနေစလုပ်ဖြစ်လဲ။
ဖြေ။ ။ ဘယ်ကနေလဲဆိုတော့ အကိုတို့ Green Way ဆော့ဝဲတို့၊ ထွက်တိုးဆော့ဝဲတို့ကနေ သဘာဝနည်းနဲ့လုပ်တဲ့ပိုးသတ်ဆေးတွေပေါ့။ အဲ့ဒီကနေ စလေ့လာတယ်ပေါ့။ နောက် သွင်းအားစု ငါးအမိုင်နိုတွေ၊ နောက် သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ နွားချေးတို့၊ နှမ်းရိုးတို့ အဲ့ဒါတွေ အသုံးပြုပုံတွေ အဲ့ဒါတွေကို လေ့လာပြီး စတာပဲ။
မေး။ ။ စပြောင်းပြီးတော့ အထွက်နှုန်းအခြေအနေတွေက ဘယ်လိုဖြစ်သွားလဲ။
ဖြေ။ ။ အထွက်နှုန်းကတော့ စပြောင်းတုန်းက ယာလေးက နည်းနည်းလေးပဲရှိတာလေ။ အဲ့ဒီထဲကမှ ၀.၂ ဧကလောက်(ဒသမ ၂၀ ဧက) ကို ခရမ်းစလုပ်ကြည့်တာ။ လုံးလုံးမြေဩဇာမကျွေးဘူး။ မကျွေးတော့ အဲ့မှာ မိုင်းနပ်စ်(အရှုံး) ပြတာပေါ့။ အဲ့ဒီတော့ ဒီမှာ ဒီလိုလုပ်လို့တော့မရဘူးဆိုပြီး တဖြည်းဖြည်းချင်း လျှော့လျှော့ကျွေးတာကို ပြန်လုပ်တာပေါ့။
မေး။ ။ ဘယ်လိုလုပ်ဖြစ်လဲ။ အသေးစိတ်အခြေအနေလေး ပြောပြပေးပါလား။
ဖြေ။ ။ အဲ့ဒီမှာ ကျနော်က နွားချေးမချဘူးဗျာ။ ဖွဲပြာပဲချပြီး ဘောင်တင်ပြီးကို ခရမ်းစိုက်လိုက်တာ။ အဲ့မှာ အသီးအပွင့်စဝင်တဲ့အချိန်ကျတော့ အရွက်တွေက ဝါကျလာတာပေါ့ဗျာ။ နိုက်ထရိုဂျင်တောင်းတဲ့ လက္ခဏာပြတာပေါ့။ အဲ့မှာ ကျနော်က နွားချေးဆွေးလိုက်ကျွေးတယ်ဗျ။ အဲ့မှာကျတော့လည်း တော်တော်များများက မှိုဝင်ကောဗျ။ မတ်တပ်ခြောက်ပြီးသေတာတွေများတယ်။ နွားချေးကောင်းကောင်း မဆွေးတာလည်းပါတာပေါ့ဗျာ။ အဲ့မှာ မိုင်းနပ်စ်ပြတဲ့အခြေအနေကိုမူတည်ပြီး မဖြစ်ဘူး။ ဒါ လုံးလုံးကြီး ပြောင်းလို့တော့ အဆင်မပြေဘူးဆိုပြီး အဲ့မှာ နိုက်ထရိုဂျင်ပြန်ကျွေး။ အဲ့ဒီကနေ တဖြည်းဖြည်းလျှော့လာတာပေါ့ဗျာ။
မေး။ ။ ဒီလိုပြောင်းလဲလာတဲ့အပေါ်မှာ ဘယ်လိုအကျိုးကျေးဇူးတွေရလာလဲ။ ကုန်ကျစရိတ်က ဘယ်လောက်သက်သာသွားလဲ။
ဖြေ။ ။ ကုန်ကျစရိတ်ဆိုရင်တော့ဗျာ၊ ပိုးဆေးနဲ့ အပင်ကောင်းဆေးမဝယ်ရတော့ဘူးပေါ့။ အဲ့ဒီမှာတင် ၃ ဧကပေါ့။ သုံးသီးပေါ့ဗျာ။ အဲ့ဒီမှာ စပါးတစ်သီးမှာတင် သူများတွေရဲ့ကုန်ကျစရိတ်ထက် ၃ ချိုး ၁ ချိုး လောက်ပဲကုန်တော့တာပေါ့။ နှစ်ချိုးလောက် အကုန်အကျသက်သာတာပေါ့။ နောက်ပြီး စပါးအထွက်မှာကျ ပထမဆုံးနှစ်ကတော့ နည်းနည်းအထွက်လျော့တယ်ဗျ။ တစ်ဧကကို ၁၀ လောက်လျော့တယ်။ ဒါပေမဲ့ ကိုယ့်ကုန်ကျစရိတ်နဲ့ပြန်တွက်လိုက်တော့ မထူးဘူး။ ပုံမှန်လုပ်ရိုးလုပ်စဉ်လုပ်တဲ့သူတွေနဲ့ကျတော့။ အကျိုးအမြတ် မလျော့သွားဘူး။ နောက် ဒုတိယနှစ်ကျတော့ စပါးအထွက်က မကွာတော့ဘူး။ လယ်ဗယ်လိုက်လာတယ်။ အကုန်အကျလည်း ပိုသက်သာလာတယ်။ သူက မြေဆီလွှာထဲမှာ နွားချေးနဲ့ နှမ်းရိုး နှစ်စဉ်နှစ်စဉ်ထည့်ပေးတဲ့ပမာဏတွေက ဆွေးမြေ့မှုတွေများလေလေ၊ နောက်ပိုင်းမှာ မြေဆီသုံးစရာ မလိုတော့လိုလိုပဲလေ။ ဒီနှစ်ဆိုရင်တော့ ယူရီးယားထည့်တာ ထပ်လျှော့ပြီး ထပ်စမ်းမယ်။ ဒါက စပါးသီးနှံအတွက်ပဲ။ နောက်ထပ်သီးနှံတွေအတွက်ကျတော့ဗျာ။ နွားချေးက လယ်ချိန်မှာတုန်းက အခုဝယ် အခုထည့်ဆိုတော့ မဆွေးသေးဘူးပေါ့ဗျာ။ နောက်တစ်သီး ကုလားပဲမှာကျ သိပ်ပြီးအကျိုးဖြစ်တာ မသိသာသေးဘူး။ အဲ့ဒါပြီးလို့ နှမ်း၊ ပဲတီစိမ်းစိုက်တဲ့အချိန်မှာတော့ တအားသိသာလာပြီ။ တအားကောင်းလာပြီပေါ့။
မေး။ ။ အဲ့ဒီ နောက်သီးနှံတွေကျတော့ကော အထွက်နှုန်းတိုးတာလျော့တာရှိလား။
ဖြေ။ ။ အထွက်နှုန်းဆိုရင် ဒီဘက်တွေမှာက မြေဆီကိုကျွေးစရာမလိုတော့တာ။ ရေပေးတယ်။ ငါးအမိုင်နိုဖျန်းတယ်။ ဒါပဲ။ အထွက်မလျော့ဘူး။ နောက်ပြီး ပိုးတွေကျတော့လည်း အရမ်းကြီးတော့ အစင်ကြီး တော့မဟုတ်ဘူး။ ဒါပေမဲ့ အထွက်မှာကျတော့ လျော့မသွားဘူးဗျ။ ကုန်ကျစရိတ်ကျတော့ ၄ ပုံ ၃ ပုံလောက်ကို သက်သာသွားတယ်။ ၁ သိန်းကုန်မယ့်ဟာဆို ၂ သောင်းခွဲလောက်ပဲ ကုန်တော့တာပေါ့။
မေး။ ။ ဒါဆို တဖြည်းဖြည်း ပြောင်းလဲလာတဲ့ဟာ အခု ၃ နှစ်မြောက်ကျတော့ အောင်မြင်လာပြီ ပြောလို့ရပြီပေါ့။
ဖြေ။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ ဒါပေမဲ့ ပထမစပြောင်းတုန်းကတော့ဗျာ။ သူများတွေ သမားစဉ်သမားတွေထဲကျတော့ ကိုယ်က အရူးကျလို့ပေါ့။
မေး။ ။ နွားချေးကိုကျတော့ မြေဆွေးပုံသုံးတာမျိုး မလုပ်ဘူးလား။
ဖြေ။ ။ မြေဆွေးပုံသုံးတာကျတော့ဗျာ။ အချိန်ပေးရလို့လေ။ ပထမကကျ လယ်မှာဆိုတော့ ရေထဲမှာပဲ နွားချေးကို တိုက်ရိုက်ထည့်လိုက်တယ်။ ယာကျွေးဖို့ဆိုရင်တော့ နှပ်ထားတာပေါ့ဗျာ။ တနိုင်လောက်လေးပေါ့။ ကျနော်ကတော့ ယာသုံးဖို့အတွက် တင်း ၁၀၀ လောက်တော့ နှစ်တိုင်းနှပ်တယ်။ EM နဲ့နှပ်တယ်။
မေး။ ။ အခုလို ကိုရန်နောင်စိုးလို ပြောင်းလဲလိုသူတွေအတွက်ကော ဘယ်လိုအကြံပြုချင်တာမျိုးရှိမလဲ။
ဖြေ။ ။ အဓိကကတော့ ပတ်ဝန်းကျင်ပဲဗျ။ ပတ်ဝန်းကျင်က တောပြော၊ တောင်ပြော ပြောတာကို စိတ်ဓာတ်မကျဘဲနဲ့ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ရင် နောက်ပိုင်းမှာ အကျိုးတစ်ခုခုကို လက်တွေ့ခံစားရတာပဲဗျ။ အဲ့လိုပဲ ပြောချင်ပါတယ်။
Green Way။ ။ အခုလို ကုန်ကျစရိတ်သက်သာတဲ့နည်းလမ်းတွေကို ကိုယ်တိုင်ကြိုးစားရှာဖွေ အကျိုးအမြတ်တွေရအောင် လုပ်နိုင်တဲ့ ကိုရန်နောင်စိုးရဲ့ အတွေ့အကြုံတွေကို တခြားတောင်သူတွေလည်းသိရှိအောင် မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်