ဆောင်းရာသီနှင့် အသားတိုးကြက်ရေဖျဉ်းရောဂါအကြောင်း

30/12/2020 11:45 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

      ဆောင်းရာသီတွင် အသားတိုးကြက်မွေးမြူရေးအတွက် လိုအပ်သောအပူချိန်ကို ထိန်းချုပ်ရန်မှာ  မွေးမြူသူများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည်။ ထို့အတူ မှားယွင်းသော စီမံခန့်ခွဲမှုအလေ့အကျင့်များက ကြက်များကို ဖိစီးမှုဒဏ် အမျိုးမျိုးရစေပြီး အကျိုးဆက်အနေနှင့် သေနှုန်းမြင့်ခြင်း၊ စီးပွားရေးအရ ဆုံးရှုံးမှုများခြင်းကြောင့် ရေဖျဉ်းရောဂါဟာ အသားတိုးကြက်မွေးသူ တောင်သူများအတွက် ဂရုစိုက်ရမည့် အကြောင်းအရာလည်းဖြစ်လာပါသည်။

ကြက်ရေဖျဉ်းရောဂါ

      - နှလုံး၏လုပ်ငန်းဆောင်တာများ ပျက်ကွက်ခြင်းကြောင့် ဝမ်းတွင်းခေါင်းတွင်  အရည်များစုဝေးလာကာ ရေဖျဉ်းဖြစ်လာပါသည်။

      - အရည်များသည် အသဲ၏ ဝမ်းဘက်ပိုင်း၊ ဝမ်းတွင်းမြှေးအဖုံးနှင့် နှလုံးမြှေးအဖုံးများထဲမှာ စုနေတတ်ပါသည်။ ပရိုတိန်းအခဲလေးများလည်း ရံဖန်ရံခါ ပါနေတတ်ပါသည်။ 

      - ရေဖျဉ်းဖြစ်စေသော အကြောင်းအချက်များစွာရှိသည့်အနက် အခြေခံအကျဆုံးအကြောင်းအရာမှာ အောက်ဆီဂျင်မလုံလောက်ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့်

      ၁။ ဆောင်းရာသီတွင် အပူချိန်ကိုထိန်းနိုင်ရန် ကြက်ခြံများတွင် လိုက်ကာများကို အသုံးပြုရပါသည်။

      ၂။ တစ်ချိန်တည်းမှာပဲ ခြံတွင်း၌ အပူချိန်ရရှိရန် ထင်း၊ မီးသွေး၊ ဂက်စ် စသည်တို့ကို လောင်ကျွမ်းစေခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်် စသည့်ဓာတ်ငွေ့များ ထွက်လာပါသည်။

      ၃။ သည်ဘက်နှစ်များတွင် အသားတိုးကြက်များ၏ ကြီးထွားနှုန်း မျိုးရိုးဗီဇများကို အကောင်းဆုံးမြှင့်တင်နိုင်ခဲ့ကြပါသည်။ (ဥပမာ- ယခင်က ကြက်အသက် ၄၅ ရက်သားတွင် FCR ၂.၂ မှ ယခု FCR ၁.၄ - ၁.၆ အထိ ရခဲ့ကြသည်ဟု သိရပါသည်။

      ကြက်မျိုးများ၏ ကြီးထွားမှုစံနှုန်းကို အပြည့်အဝရရန် အရည်အသွေးမြင့်ကြက်စာ (အစာစွမ်းအင်မြင့်မြင့်နှင့် အမိုင်နိုအက်စစ်ကြွယ်ဝသောအစာ) များ ကျွေးမွေးလာရသည်။ ထိုအစာအမျိုးအစားများမှာ ကြက်ဈေးထဲမှ အမိုးနီးယားဓာတ်ငွေ့ကို ပိုမိုထွက်စေပါသည်။

     လိုက်ကာအလုံဖုံးထားသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ အမိုးနီးယားဓာတ်ငွေ့များ စုလာပြီး အောက်ဆီဂျင်ပမာဏလည်း တစ်ချိန်တည်းမှာ ကျဆင်းသွားပါသည်။

      အနွေးဓာတ်ပေးသောအဆင့်၌ အောက်ဆီဂျင်မလုံလောက်ရခြင်းမှာ ကြက်များ၏ အသက်ရှူခြင်းဆိုင်ရာ လေအိတ်များကို ပျက်စီးစေပါသည်။

      ကြက်အသက် (၄) ပတ်ရောက်ခါနီးတွင် ပျမ်းမျှကြီးထွားမှုနှုန်းမှာ အမြင့်ဆုံးအနေအထား၌ရှိပြီး အောက်ဆီဂျင်လိုအပ်မှုကလည်း အချိန်တိုင်းမှာ မြင့်တက်နေပါသည်။ 

      ပျက်စီးနေသော လေအိတ်များ၊ အလုံပိတ်လိုက်ကာများနှင့် ကြက်ကြီးထွားမှုနှုန်းမြန်သည့်အချိန်မှာ ကြက်သည် လုံလောက်သော အောက်ဆီဂျင်ပမာဏ မရနိုင်တော့သောကြောင့် ရေဖျဉ်းလက္ခဏာများဖြစ်ပေါ်လာပါသည်။

ထိုအချက်များအပြင် အောက်ပါအချက်များကြောင့်လည်း ဖြစ်နိုင်ပါသည်။

    • အခန်းအပူချိန်တည်ငြိမ်မှု (တက်လိုက်၊ ကျလိုက်) မရှိခြင်း။

    • စီအာဒီ (သို့မဟုတ်) ဗိုင်းရပ်စ်ရောဂါ တစ်မျိုးမျိုးဝင်ပြီး အသက်ရှူစနစ်ပျက်စီးကာ အောက်ဆီဂျင်လိုအပ်ချက်မြင့်များမှုကို ကောင်းစွာမထောက်ပံ့နိုင်သည့် အခြေအနေများကလည်း ရေဖျဉ်းရောဂါ ဖြစ်စေပါသည်။

    • အသားတိုးကြက်များသည် ဆောင်းရာသီမှာတင် ရေဖျဉ်းဖြစ်လွယ်သည်မဟုတ်ဘဲ နွေရာသီမှာလည်း ဖြစ်နိုင်ပါသည်။ ဆောင်းရာသီတွင် ရောဂါပိုပြီးအဖြစ်များသည်ကို တွေ့ရသော်လည်း နွေရာသီတွင် လေဝင်လေထွက်နှင့် စီမံခန့်ခွဲမှုမကောင်းသော ကြက်ခြံများမှာလည်း ဖြစ်တတ်ပါသည်။

ရောဂါလက္ခဏာများ

ကြက်များကြီးထွားမှုမြန်သည့် အချိန် (အသက် ၃-၄ ပတ်သား) တွင် -

    • ရုတ်တရက် သေနှုန်းမြင့်ခြင်း။

    • ဝမ်းဗိုက်ဖောင်းကားပြီး ကြီးထွားနှုန်းညံ့ခြင်း။

    • အသက်ရှူခက်ခဲခြင်း။

    • အောက်ဆီဂျင်ပိုရရန် လ‌ည်ပင်းကို ဆန့်ပြီး အသက်ရှူနေခြင်း။

    • အချို့ကြက်များ လမ်းမလျှောက်နိုင်ဘဲ လဲနေခြင်း။

ကြက်အသေကို ခွဲကြည့်ပါက

    • နှလုံး၏ ညာဘက်အခြမ်းတွင် ထင်ရှားသော လက္ခဏာများ တွေ့ရပါမည်။

(နှလုံးအဆို့ရှင် ထူနေခြင်း၊ သွေးလွှတ်ခန်းက ကြီးနေခြင်း)

    • အသည်းကြီးနေခြင်း။

    • အဆုတ်၊ အူနှင့် ကြွက်သားများ နီရဲနေခြင်း။

    • ဝမ်းခေါင်းထဲတွင် အရည်များပြည့်နေခြင်း။

ကုသထိန်းချုပ်ခြင်း

    • ရေဖျဉ်းဖြစ်ရသည့် အဓိကအကြောင်းမှာ ကြီးထွားမှုနှုန်းမြန်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ကြီးထွားမှုနှုန်းကို လျှော့ရန် ဂျုံ၊ ပြောင်းနှင့် ရောစပ်ထားသော အစာစပ်ဆေးများကို ကြက်များ ပြန်ကောင်းလာသည်အထိ ထည့်ကျွေးပေးရပါမည်။

    • အချို့မှာ အစာကို လျှော့ကျွေးခြင်းဖြင့် ရေဖျဉ်းကြောင့်ဖြစ်သည့် သေနှုန်းကိုလည်း လျှော့ချနိုင်ပါသည်။

    • Vitamin – E + Selenium ကလည်း ရေဖျဉ်းရောဂါ ထိန်းချုပ်ရာတွင် ကောင်းကျိုးရစေပါသည်။

    • Vitamin – C (550ppm) ကို အသုံးပြုခြင်းကလည်း အကျိုးဖြစ်ထွန်းသည်ဟု မှတ်တမ်းများအရ သိရပါသည်။

    • အမိုးနီးယားဖြစ်ပေါ်မှုကို ထိန်းချုပ်ပေးသော အစာစပ်ဆေးများလည်း ဈေးကွက်ထဲတွင် ရှိပါသည်။

    • လေဝင်လေထွက်ကောင်းရန် ပြုလုပ်ခြင်းသည် အကောင်းဆုံးအချက် ဖြစ်သည်။ ရေဖျဉ်းရောဂါ တစ်ကြိမ်ဝင်ပြီးသော ကြက်ခြံသည် ထိန်းချုပ်ရန် ခက်ခဲလာပါသည်။

လိုက်နာဆောင်ရွက်သင့်သည့် အချက်များ

    • အပူချိန်ကို တည်ငြိမ်အောင်ထိန်းပေးပါ။

    • လေအရည်အသွေး ကောင်းမွန်အောင် စီမံပါ။

    • အခင်း၏စိုထိုင်းဆ အမြင့်ဆုံးဖြစ်ပါစေ။

    • ဖိစီးမှုဒဏ်အမျိုးမျိုး (အပူဒဏ်၊ အအေးဒဏ်) လျှော့ချပါ။

    • ကြက်များ ပြွတ်သိပ်မနေပါစေနှင့်။

    • အစာခွက်ထဲတွင် ကြက်စာအမြဲရှိနေပါစေ။

    • အစာနှင့် ရေကို ကြက်များ လွယ်ကူစွာစားသောက်နိုင်သော နေရာလွတ် ရှိပါစေ။

    • တည်ငြိမ်သင့်တင့်သော အလင်းပြင်းအား ရရှိပါစေ။

အချုပ်အားဖြင့် ဆိုရသော်

    • ရေဖျဉ်းရောဂါအတွက် ကုထုံးအတိအကျ မရှိသေးပါ။

    • ဖိစီးမှုဒဏ်ဖြစ်စေမည့် အရာအားလုံးကို နည်းမျိုးစုံဖြင့် လျှော့ချရပါမည်။

    • စီမံခန့်ခွဲမှုအမှားများကို တစ်ချိန်တည်းမှာ အာရုံစိုက်ပြုပြင်ရန် ခက်ခဲသော်လည်း မိမိ၏ကြက်အုပ်စု တိုးတက်ကောင်းမွန်ရန် အဆင့်သေးသေးလေးများကစ၍ တတ်နိုင်သလောက် စတင်လုပ်ဆောင်ရမှာ ဖြစ်ပါသည်။

    • ဒီစိန်ခေါ်မှုများကို ထိန်းချုပ်ရင်ဆိုင်နိုင်ရန် ကိုက်ညီသောစကားတစ်ခွန်းမှာ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်း၏” သာ ဖြစ်ပါသည်။

Ref; ဆရာမျိုးသီဟ၏ “ရေဖျဉ်း၊ အသားတိုးကြက် နှင့် ဆောင်းရာသီ” အကြောင်းမှ ကောက်နှုတ်တင်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်