စီးပွားဖြစ် ရေငန်ပုစွန် အသားတိုးမွေးမြူနည်းစနစ်များ(၂)

03/07/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

မြေအနိမ့်အမြင့်(Elevation)

ရေငန်ပုစွန်အသားတိုးမွေးမြူရေးကန်များ တူးဖော်ရာတွင်  နေရာဒေသရှိ မြေအမျိုးအစားကို အခြေခံ၍ မြေအနိမ့်အမြင့် တည်နေရာကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ကန်တူးဖော်ခြင်းလုပ်ငန်းများ မွေးမြူရေးကန်များမှ ရေသွင်း/ရေထုတ်ပြုလုပ်ရာတွင် စရိတ်စကကျဉ်းစေရန် မွေးမြူရေးကန်များ၏ ပထဝီအနေအထားကို ရွေးချယ်ရာတွင် မနိမ့်လွန်း၊ မမြင့်လွန်းသည့် နေရာများကို ဦးစားပေးရွေးချယ်ရန် လိုအပ်ပါသည်။

ရေထိန်းသိမ်းနိုင်မှုစွမ်းအားကို သိရှိနိုင်ရန် လိုအပ်ပါက မြေဓာတ်ခွဲစမ်းသပ်ခြင်း(Soil Analysis)ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အဓိကအားဖြင့် မြေပြိုနိုင်သည့်နေရာများ၊ ရေကြီးရေလွှမ်းမိုးမှုရှိနိုင်သည့်ဒေသများ၊ လေ မုန်တိုင်းဒဏ်ကျရောက်နိုင်သည့်နေရာဒေသများကို ရှောင်ကြဉ်သင့်ပါသည်။

မွေးမြူရေးကန် တည်ဆောက်မည့်နေရာ၏ ရေသေရက်များတွင် နေ့စဉ်ပုံမှန်အတက်အကျရှိနေသည့် ဒီရေအနိမ့်အမြင့်၊ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိသည့် ထူးကဲဒီရေ အနိမ့်အမြင့်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး ကန်တည်ဆောက်မည့် မြေအနိမ့်အမြင့်တွင် လိုအပ်မည့်တာတမံ(ကန်ပေါင်) အနိမ့်အမြင့်ကို တည်ဆောက်ရမည် ဖြစ်ပါသည်။ 

မြေနိမ့်ဒေသများသည် ရေသွင်းရန် လွယ်ကူပြီး ရေထုတ်ရန် ခက်ခဲကာ မြေမြင့်ဒေသများသည် ရေထုတ်ရန် လွယ် ကူ၍ ရေသွင်းရန် ခက်ခဲတတ်ပါသည်။ သို့ဖြစ်ရာ ရေသွင်း/ ရေထုတ် လွယ်ကူစေရန်အတွက် မနိမ့်လွန်း မမြင့်လွန်းသော မြေမျိုးကို ရွေးချယ်ရန်လိုအပ်ပါသည်။

မညီမညာဖုထစ်နေသော မြေအမျိုးအစားများကို ရှောင်ရှားသင့်ပြီး အမြင့်ဆုံးဒီရေအမှတ်ထက် (၁)မီတာမြင့်သော နေရာမျိုးဖြစ်သင့်ပါသည်။ ရေငန်ပုစွန်မွေးမြူရေးကန်များအနေဖြင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ကန်များတည်နေရာ အနိမ့်အမြင့်ကိုလိုက်၍ ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေများနှင့် ဒီရေအတက်အကျများပေါ်တွင် အခြေခံ၍ မနိမ့်လွန်း၊ မမြင့်လွန်းသော နေရာမျိုးကို ရွေးချယ်နိုင်ရန် လိုအပ်ပါသည်။

ရေရရှိမှု(Water Supply)

စီးပွားဖြစ် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သောအရာမှာ ရေဖြစ်ပါသည်။ ရေငန်ရရှိနိုင်မှုမှာ အဓိကဖြစ်ပြီး ရေချိုရရှိနိုင်မှုမှာ ဒုတိယဖြစ်ပါသည်။ ပင်လယ်ရေငန်ကို ရေငန်ဝင်ရောက်ရာ မြစ်များ၊ ချောင်းများ၊မြစ်ချောင်းလက်တက်များ၊ တူးမြောင်းများနှင့် ပင်လယ်ကမ်းစပ်ဒေသရှိ ရေပြင်များမှ တိုက်ရိုက်ဆက်သွယ် ရယူနိုင်ပါသည်။

ရေချိုများကိုမူ နေရာဒေသကိုလိုက်၍ အဝီစိတွင်းများ၊ တောင်ကျစမ်းများနှင့် ရေချိုတွင်းများမှတစ်ဆင့် ရရှိနိုင်ပါသည်။ သဘာဝပတ်ဝန်းကျင်အခြေအနေမှ ရေရယူနိုင်သည့် နည်းလမ်း(၂)မျိုး ရှိပါသည်။ ၎င်းတို့မှာ သဘာဝအခြေအနေအတိုင်းရယူခြင်း(Natural Fed) နှင့် စက်ယန္တရားများ၏ အကူအညီဖြင့်ရယူခြင်း(Mechanical Fed)တို့ ဖြစ်ကြပါသည်။

သဘာဝအခြေအနေအတိုင်းရယူနည်းမှာ ဒီရေ(Tide) အတက်အကျကို အခြေခံပြီး ရေငန်ပုစွန်အသားတိုးမွေးမြူ ရေးကန်များအတွင်းသို့ ရေသွင်းခြင်း၊ ရေထုတ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပြီး စက်ယန္တရားအားဖြင့်ရယူနည်းမှာ တည်ဆောက်ပုံအမျိုးမျိုးရှိသည့် ရေစုပ်စက်များကို အသုံးပြု၍ လိုအပ်သည့်အချိန်တွင် ကန်များအတွင်းသို့ စုပ်ယူပေးပို့ခြင်းဖြစ်ပါသည်။

မွေးမြူရေးကန်များကို ကုန်းပိုင်းနေရာဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ပင်လယ် ရေငန်ကို တူးမြောင်းဖောက်လုပ်၍ ရေငန်ရရှိအောင် ဆောင်ရွက်သင့်ပေသည်။ သို့မှသာ ကုန်ကျစရိတ် ကျဉ်းစွာဖြင့် အခက်အခဲမရှိ လုံလောက်စွာ ရေကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်မည် ဖြစ်ပေသည်။

ရေ၏အရည်အသွေး(Water Quality)

ရေငန်ပုစွန်အသားတိုးမွေးမြူရေးလုပ်ငန်းတွင် အသုံးပြုရမည့် ရေ၏အရည်အသွေးသည် ကောင်းမွန်ရန် လိုအပ်ပါသည်။ ထို့ကြောင့် လုပ်ငန်းတွင် အသုံးပြုမည့် ရေအမျိုးအစား၏ မူလဂုဏ်သတ္တိအနေဖြင့် အငန်နှုန်း(Salinity)၊ အပူချိန်(Temperature) ၊ ချဉ်ဖန်ဓာတ်ပါဝင်နှုန်း (pH)နှင့် အောက်ဆီဂျင်ပျော်ဝင်မှုနှုန်း(Dissolved Oxygen) တို့သည် ရာသီဥတုအခြေအနေနှင့် နေရာဒေသပတ်ဝန်းကျင်ကို လိုက်၍ ကွဲလွဲမှုများရှိနိုင်သဖြင့် လိုအပ်သလို ပြုပြင်သုံးစွဲရမည်ဖြစ်ပေသည်။

အထူးသတိထားရမည့်အချက်မှာ မိမိဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းအတွက် အသုံးပြုမည့်ရေငန်သည်စိုက်ပျိုးရေးနှင့် စက်ရုံများမှ စွန့်ပစ်ထားသောရေဆိုး၊ ရေညစ်များ ပါဝင်မှုမရှိစေရန် အထူးအလေးထား ဆောင်ရွက်ရမည် ဖြစ်ပါသည်။ 

ရာသီဥတု(Climatical)

ရေငန်ပုစွန်မွေးမြူရေးအတွက် အကောင်းဆုံး အပူချိန်ဖြစ်သည့် (၂၇) ဒီဂရီစင်တီဂရိတ်မှ (၃၂)ဒီဂရီ စင်တီဂရိတ်အတွင်း တစ်နှစ်ပတ်လုံးရေရရှိနိုင်မည့် နေရာဒေသ၊ ဒေသ၏ မြစ်ရေကြီးခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှု စသည်တို့ကို အနည်းဆုံး(၁)နှစ်စာ မှတ်တမ်းများ ပြုစုမှတ်သားလေ့လာရန် လိုအပ်ပေသည်။ 

မိမိမွေးမြူမည့် ကန်ပတ်ဝန်းကျင်ဒေသရှိ ဒေသခံများ၏ စီးပွားရေးနှင့် လူမှုရေးကောင်းမွန်ပြီး ဒေသခံလူများ၏ ဓလေ့စရိုက်၊ အမူအကျင့်၊ ယဉ်ကျေးမှု ရှိမှသာလျှင် မိမိလုပ်ငန်း၏ လုံခြုံရေး၊ လုပ်ငန်းဆောင်ရွက်မှုတို့ကို ထိခိုက်မှု မရှိမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မွေးမြူရေးကာလ တစ်လျှောက်လုံး လုပ်ငန်းနှင့်ပတ်သက်၍ပျောက်ဆုံးမှု၊ ထိခိုက်ပျက်စီးမှုများ မရှိစေရန် ဒေသတွင်းတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးရှိရန်မှာလည်း အရေးကြီးသည့်အချက်တစ်ချက် ဖြစ်ပါသည်။ 

ဆက်သွယ်ရေးလမ်းကြောင်း(Access)

ရေငန်ပုစွန်မွေးမြူခြင်းလုပ်ငန်းအတွက် ရွေးချယ်ထားသောနေရာသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန် သည့်နေရာဖြစ်ရန် အရေးကြီးလှပေသည်။တစ်နည်းအားဖြင့် ရေလမ်း၊ ကုန်းလမ်းတို့မှ မွေးမြူရေးကန်များသို့(သို့မဟုတ်) မွေးမြူရေးကန်များမှ ရာသီဥတုနှင့် အချိန်အခါမရွေး သွားလာနိုင်သည့်နေရာဖြစ်ရန် လိုအပ်ပါသည်။

ရာသီမရွေး မွေးမြူရေးကန်များသို့ တိုက်ရိုက်ရောက်ရှိနိုင်မည့် ကုန်းကြောင်း၊ ရေကြောင်းများမှ ယာဉ်သွားလမ်း ကြောင်းများကောင်းမွန်စွာရှိနေအောင် စီမံထားရမည် ဖြစ်ပါသည်။ သို့မှသာ ငွေကုန်လူပန်းသက်သာစေနိုင်ပြီး အဆင်ပြေချောမွေ့စေမည်ဖြစ်ပါသည်။

ထို့ပြင်မွေးမြူရေးလုပ်ငန်းအောင်မြင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်မည့်အတတ်ပညာ၊ နည်းပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများ၏ အချိန်မီ သွားလာလုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် မွေးမြူရေး ကန်များအတွက် လိုအပ်သည့် အစာရိက္ခာနှင့် ဆေးဝါးများ တိုက်ရိုက်ရောက်ရှိရေးမှာလည်း အရေးကြီးပါသည်။

ထို့အတူ တည်ဆောက်ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းသုံးပစ္စည်း ကိရိယာတန်ဆာပလာများ မွေးမြူရေးကန်များသို့ အချိန်မီရောက်ရှိရေးနှင့် သက်ဆိုင်ရာ စျေးကွက်များသို့ အချိန်တိုအတွင်း အမြန်ဆုံးရောက်ရှိရန်အတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးသည်လည်း အလွန်အရေးကြီးလှပါသည်။

လုပ်ငန်းအတွက် လိုအပ်သောပစ္စည်းများကို ကုန်းလမ်း၊ ရေလမ်းတို့မှတစ်ဆင့် သယ်ယူပို့ဆောင်နေရမည်ဆိုပါလျှင် မလိုလားအပ်သော ကုန်ကျစရိတ်များ အပိုကုန်ကျနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းတွင် စီးပွားရေးအရ အောင်မြင်စေရန် လမ်းပန်းဆက်သွယ်ရေးကို အလေးထားဆောင်ရွက်သင့်ပေသည်။

၄င်းအပြင် ရေငန်ပုစွန်အသားတိုးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းတွင် သားပေါက်များရရှိနိုင်မည့် အခြေအနေနှင့် အချိန်ကာလ၊ သားပေါက်များ အလွယ်တကူ သယ်ယူရရှိနိုင်မည့် အခြေအနေများကိုလည်း လေ့လာထားရန် လိုအပ်ပါသည်။

မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းအတွက် လိုအပ်သောပုစွန်သားပေါက်စခန်းများမှ အချိန်တိုအတွင်း အမြန်ဆုံးတိုက်ရိုက်သယ်ဆောင်နိုင်သည့် ဆက်သွယ်ရေးလမ်းကြောင်းများရှိမှသာလျှင် သားပေါက်များ ပင်ပန်းနွမ်းနယ်မှု သက်သာစေပြီး အသက်ရှင်သန်နှုန်းနှင့် ကျန်းမာသန်စွမ်းမှုကို အထောက်အကူပြုစေမည် ဖြစ်ပါသည်။

မွေးမြူရေးလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သည့် သားပေါက်များ၊ အစာရိက္ခာများ၊ ဆေးဝါးပစ္စည်းများ မွေးမြူ ရေးကန်များသို့သယ်ယူပို့ဆောင်ရာတွင် တိုက်ရိုက်ရောက်ရှိနိုင်မည့် ဆက်သွယ်ရေးလမ်းကြောင်းမှာ အရေးကြီးပေသည်။

စျေးကွက်(Market)

စီးပွားဖြစ် ရေငန်ပုစွန်အသားတိုးမွေးမြူထုတ်လုပ်ရာတွင် လုပ်ငန်းခွင်မှ ထုတ်ကုန်များ၏ စျေးကွက်ရရှိရေးသည် အဓိကဖြစ်ပါသည်။ မည်သည့်ထုတ်လုပ်မှု လုပ်ငန်းမဆို စျေးကွက်ရရှိရေးသည် စီးပွားရေးအရ အောင်မြင်မှု၊ဆုံးရှုံးမှု၏ အဖြေဖြစ်ပါသည်။

အသားတိုးမွေးမြူရေးစခန်းမှ ရေငန်ပုစွန်များကို သက်ဆိုင်ရာစျေးကွက်သို့ အချိန်တိုအတွင်း တိုက်ရိုက်တင်ပို့ နိုင်မှသာလျှင် လတ်ဆတ်မှုရှိပြီး စျေးကောင်းရရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် နေရာဒေသရွေးချယ်ရာတွင် ထုတ်ကုန်များအတွက် စျေးကွက်နှင့် နီးစပ်မှုရှိစေရန် လိုအပ်ပါသည်။

အခြေခံလိုအပ်ချက်များ(Infrastructure)

စီးပွားဖြစ် ရေငန်ပုစွန်အသားတိုးထုတ်လုပ်ခြင်း လုပ်ငန်းတွင် လျှပ်စစ်မီး ရရှိနိုင်မှု၊ လုပ်သားအင်အား၊ ဆေးရုံ၊စျေး၊ ကျောင်း၊ အပန်းဖြေစခန်းများနှင့် နီးစပ်ခြင်း အပြင် အခြားလိုအပ်သည့် အခြေခံအချက်အလက်များကို လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ အသားတိုး မွေးမြူရေးလုပ်ငန်းတွင် ကျွမ်းကျင်ပညာရှင်နှင့် ကျွမ်းကျင်လုပ်သား၊ သာမန်လုပ်သားများ၏ လုပ်အားသည်လည်း မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။

ကျွမ်းကျင်ပညာရှင်များသည် မွေးမြူသည့်နေရာဒေသ၏ ပကတိအခြေအနေများပေါ်တွင်မူတည်၍ သမားရိုးကျနည်းလမ်းများအပေါ်တွင် အတွေ့အကြုံများပေါင်းစပ်၍  လုပ်ငန်းတစ်ခုလုံးအောင်မြင်အောင် ဆောင်ရွက်ပေးနိုင်သူများ ဖြစ်ပေသည်။

ထို့အပြင် မွေးမြူရေးလုပ်ငန်း၏ စီးပွားရေးအရ အောင်မြင်မှုသည် ကျွမ်းကျင်လုပ်သားများအပေါ်တွင်မူတည်သကဲ့သို့ လုပ်အားရှင်များ၏ ကြိုးစားမှု၊ တာဝန်သိတတ်မှုနှင့် ယုံကြည်စိတ်ချရမှုတို့အပေါ်တွင် မူတည်နေသဖြင့် ရိုးသားကြိုးစားပြီး ယုံကြည်စိတ်ချရသည့် လုပ်အားရှင်များရရှိရေးမှာလည်းအရေးကြီးပေသည်။ နေ့စဉ် ပုံမှန်လုပ်ငန်းများအပြင် မွေးမြူထားသည့်သတ္တဝါများ၏ လုံခြုံမှုဆိုင်ရာများအတွက် ယုံကြည်စိတ်ချရသည့် လုပ်သားများရရှိရေးသည်အရေးကြီးသည့်အကြောင်းတစ်ရပ်ဖြစ်ပါကြောင်း စီးပွားဖြစ်ရေငန်ပုစွန်အသားတိုးမွေးမြူထုတ်လုပ်မှုတွင် လိုက်နာသင့်သော အခြေခံအချက်များကို လေ့လာရေးသားတင်ပြလိုက်ရပါသည်။

 

အပိုင်း (၁) ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Sea_prawn_farming_1

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်