ငါးမန်းနဲ့ ငါးလိပ်ကျောက်ဟာ ပင်လယ်သမုဒ္ဒရာနဲ့ အဏ္ဏဝါဂေဟစနစ်အတွက် အလွန်အရေးကြီးတဲ့ မျိုးစိတ် ဖြစ်ပြီး အဏ္ဏဝါကဏ္ဍကိုအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်လည်း အရေးပါတဲ့ Indicator Species တွေ ဖြစ်ပါတယ်..။
ငါးမန်း၊ ငါးလိပ်စွန်၊ ငါးလိပ်ကျောက်တွေကို အခြေခံတဲ့ ဂေဟအခြေပြုခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် လုပ်နိုင်မယ်ဆိုရင် ဒေသခံတွေအတွက် အခွင့်အလမ်းတွေ အများအပြားရနိုင်တာမို့ အားလုံးပါဝင် ထိန်းသိမ်းဖို့ လိုအပ်တာ ဖြစ်ပါတယ်..။
ဆိုတော့ ငါးမန်းနဲ့ ငါးလိပ်ကျောက်တွေက အဏ္ဏဝါဂေဟစနစ်ကို ဘယ်လိုမျိုး ဟန်ချက်ညီအောင် ထိန်းသိမ်းပေးနိုင်မလဲ..?
ငါးမန်းတွေက သူတို့ရဲ့အစာကွင်းဆက်ထဲမှာ ပါဝင်တဲ့ ငါးမျိုးတချို့ကို စားပစ်ခြင်းဖြင့် တချို့ တန်ဖိုးကြီးငါးတွေ မျိုးသုဉ်းမသွားရေးနဲ့ တန်ဖိုးနည်းငါးတွေ အလွန်အမင်းပွားများမှုမဖြစ်စေဖို့ ကူညီပေးပါတယ်..။
မြန်မာနိုင်ငံမှာ ထိန်းသိမ်းဖို့ရည်ရွယ်ထားတဲ့ ငါးမန်း၊ ငါးလိပ်စွန်နဲ့ ငါးလိပ်ကျောက်မျိုးစိတ် စုစုပေါင်း ၂၇ မျိုးရှိပြီး ငါးမန်းမျိုးစိတ် ၁၃ မျိုးနဲ့ ငါးလိပ်စွန်နဲ့ ငါးလိပ်ကျောက်မျိုးစိတ် ၁၄ မျိုးပါ..။
ထိန်းသိမ်းမယ့် မျိုးစိတ်တွေထဲမှာမှ ရေလုပ်ငန်းစီးပွားရေးလုပ်ငန်းမှာ ပါဝင်သူတွေရဲ့ မိုင်းခွဲတာမျိုးနဲ့ စည်းကမ်းမဲ့ ငါးဖမ်းတာ၊ တရားမဝင်ငါးဖမ်းတာ၊ အစာကွင်းဆက် ပြတ်တောက်တာတွေကြောင့် တချို့မျိုးစိတ်တွေဟာ ရှားပါးပျောက်ကွယ်စပြုနေပြီး အချိန်မီမထိန်းသိမ်းနိုင်ရင် မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့အထိ အန္တရာယ်ကြီးမားနေပြီလို့ သိရပါတယ်..။
ထိန်းသိမ်းဖို့ရည်ရွယ်ထားတဲ့ ငါးမန်းမျိုးစိတ် ၁၃ မျိုးထဲကမှ ငါးမန်းမြီးကွက် (Pondicherry Shark- Carcharhinus hemiodon)၊ ငါးမန်းပု/ဂင်္ဂါငါးမန်း(Ganges Shark- Glyphis gangeticus)နဲ့ ဧရာဝတီ ရေချို ငါးမန်း(Irrawaddy River Shark- Glyphis siamensis)တို့က တော့ အပြည်ပြည်ဆိုင်ရာ သဘာဝ အရင်းအမြစ် များ ထိန်းသိမ်းရေးအဖွဲ့ (IUCN)ရဲ့ Red List အရ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ်(CR)အဖြစ် သတ်မှတ်ခံထားရပါတယ်..။
ဒါ့အပြင် နောက်ထပ် ၄ မျိုးဟာလည်း မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်(EN)အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်..။
ငါးလိပ်စွန်နဲ့ ငါးလိပ်ကျောက် မျိုးစိတ် ၁၄ မျိုးထဲမှာလည်း Largetooth Sawfish ( Pristis pristis) , Green Sawfish( Pristis zijsron), Smalltooth/Wide Sawfish( Pristis pectinsta)တို့ဟာ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော မျိုးစိတ်(CR)များဖြစ်ပြီး နောက်ထပ် ၈ မျိုးဟာလည်း မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်(EN)အဖြစ် သတ်မှတ်ခြင်းခံထားရတယ်လို့ သိရပါတယ်..။
မြန်မာနိုင်ငံမှာ ငါးမန်းအမျိုးအစား အကုန်လုံးကို ဖမ်းဆီးခွင့်ပိတ်ထားပေမယ့် လက်တွေ့မှာတော့ သိပ်မထိ ရောက်ပါဘူး။ ရေလုပ်သားတွေက ပိုက်ထဲမိသမျှ ငါးအကုန်လုံးကို ဖမ်းတာပါ။ တခြားနိုင်ငံတွေမှာကတော့ မျိုးသုဉ်းတော့မယ့် အကောင်တွေကို ပိတ်ထားပါတယ်။ ကိုယ့်ရေပြင်မှာလည်း ပိတ်ဖို့ စာရင်းပြုစုနေတယ်လို့ သိရပါတယ်။
ထိန်းသိမ်းရမယ့် သတ္တဝါတွေနဲ့ ပတ်သက်တဲ့ ဥပဒေ၊ ပြဌာန်းချက်တွေကို ရေးဆွဲရမှာလည်း ဖြစ်တာကြောင့် ဂေဟဗေဒ၊ ဇီဝဗေဒဆိုင်ရာ အချက်တွေကို နားလည်ထားရမှာဖြစ်တဲ့အပြင် အဲဒီသတ္တဝါတွေကို ရောင်းဝယ်ဖောက်ကားနေတဲ့ ဈေးကွက် အခြေအနေကိုလည်း သိရှိထားဖို့ လိုအပ်သလို ထိန်းသိမ်းရေးစီမံချက် ရေးဆွဲပြီးရင် ပြည်သူတွေပူးပေါင်းဆောင်ရွက်လာနိုင်ဖို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
ငါးမန်းတွေဟာ အဏ္ဍဝါဂေဟစနစ်ရဲ့ food pyramid လို့ခေါ်တဲ့ အစာပိရမစ်မှာ ထိပ်ဆုံးပိုင်းမှာရှိတဲ့ သတ္တဝါ ဖြစ်ပြီး ဒီငါးမန်းတွေ အစာကွင်းဆက်ထဲမှာရှိတဲ့ တခြားငါးတွေကို စားလိုက်ခြင်းအားဖြင့် အဏ္ဍဝါဂေဟ စနစ်ကို ဟန်ချက်ညီအောင် ထိန်းပေးထားနိုင်မှာဖြစ်ပါတယ်။ ငါးမန်းတွေ မရှိတော့ရင် ရွှေငါးလိုငါးမျိုးတွေဟာ အဆ မတန် ပွားများလာမှာဖြစ်ပြီး တချို့မျိုးပွားနှုန်းနဲ့ ရှင်သန်နှုန်းမြင့်တဲ့ ငါးတွေဟာလည်း အဆမတန် ပွားများလာမှာဖြစ်လို့ တချို့ငါးတွေဟာ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နေရာတစ်နေရာအတွင်းမှာ အစာအတွက်ပြိုင်ဆိုင်ရတာတွေ၊ နေရာအတွက် ယှဉ်လုရတာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
တချို့တန်ဖိုးမြင့်တဲ့ ငါးတွေဟာ ပျောက်ကွယ်သွားမှာဖြစ်ပြီး တန်ဖိုးနည်းတဲ့ငါးတွေ အဆမတန်ပွားများလာနိုင်လို့ ဇီဝညစ်ညမ်းမှုကို ဖြစ်ပွားစေနိုင်လို့ ဆိုပါတယ်။ ဒါဟာ Biological Pollution လို့ခေါ်တဲ့ ဇီဝညစ်ညမ်းမှုကို ဖြစ်စေခြင်းဖြစ်ပြီး သည်လိုသာဆိုရင် ငါးလုပ်ငန်းဖွံ့ဖြိုးမှုမှာ အခက်အခဲတွေ့နိုင်တယ်လို့ သိရပါတယ်။ ဒီအတွက် ငါးမန်းတွေဟာ ဒီပြဿနာကို မဖြစ်စေဖို့အတွက် ဂေဟစနစ်အတွင်းမှာ ထိန်းကျောင်းပေးဖို့ လိုအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
အခြားအရေးပါတဲ့အချက်ကတော့ ဒီငါးမန်းတွေကိုအခြေခံပြီး ဂေဟအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာအောင် လုပ်လို့ရမယ်ဆိုရင် ဒေသခံပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာမှာ ဖြစ်ပါ တယ်။ ဒီလိုပဲ ငါးလိပ်စွန်တွေ၊ ငါးလိပ်ကျောက်တွေကိုလည်း အခြေခံပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာအောင် လုပ်လို့ရနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ Shark Bank/Burma Bank ဆိုတာ ကော့သောင်းရဲ့ အနောက်ဘက် မြန်မာရေပိုင်နက်မှာ ရှိပါ တယ်။ ပင်လယ်အောက်က တောင်ကုန်းလေးမှာ ငါးမန်းတွေအများကြီးရှိတဲ့နေရာကို လွန်ခဲ့တဲ့ဆယ်နှစ်၊ ဆယ့်ငါးနှစ်က တစ်ကမ္ဘာလုံးက ရေလာငုပ်ကြပါတယ်။ ငါးမန်းတွေ အများကြီး တွေ့ရပါတယ်။ မနှစ်ကစပြီး အနည်းအကျဉ်းပဲ တွေ့ရတော့တယ်လို့ လေ့လာသူတစ်ဦးက ဆိုပါတယ်..။ ဆိုတော့ ထိန်းသိမ်းရေးဟာ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်..။
လက်ရှိမှာ ငါးမန်းနဲ့ ငါးလိပ်ကျောက် မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်မသွားစေဖို့ အကောင်အထည် ဖော်ဆောင်ရွက်မယ့် စီမံချက်မူကြမ်း ရေးဆွဲနေတာတွေ ရှိပြီး တကယ်လို့ စီမံချက်နဲ့ ထိန်းသိမ်းရေး ဆောင်ရွက်တဲ့အခါမှာလည်း ဒေသခံတွေ၊ ရေလုပ်သားတွေဘက်က ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာ ဖြစ်လို့ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
နှင်းဖြူဖြူ
Ref: Department of Fisheries.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်