သိုး၊ ဆိတ်များပေါ်က သွေးစုပ်ကောင်များကို ကာကွယ်နှိမ်နင်းနည်း

16/11/2022 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

သိုး၊ ဆိတ်များတွင် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည့် သန်းရောဂါ(Lice) အကြောင်းကို သိုး၊ ဆိတ်မွေးမြူသူများအနေဖြင့် သိရှိထားရန်လိုသဖြင့် ကာကွယ်ကုသနည်းကို ဖော်ပြပေးလိုက်ပါသည်။

ရောဂါဖြစ်ပွားစေသော အကြောင်းရင်းမှာ...

  • သန်းများသည် လက်ခံကောင်တိရစ္ဆာန်၏ ခန္ဓာကိုယ်ပေါ်တွင် ဘဝတစ်လျှောက်လုံး နေထိုင်လေ့ရှိကြပြီး ပြင်ပတွင် ကြာရှည်မရှင်သန်နိုင်ပါ။
  • တိရစ္ဆာန်၏အရေပြားကို ကိုက်သည့်အခါ ၎င်းတို့၏တံတွေးကြောင့် တိရစ္ဆာန်၏ခန္ဓာကိုယ်မှ ဓာတ်မတည့်မှု(allergic reaction)များ ဖြစ်ပေါ်ကာ ယားနာများ ဖြစ်ပေါ်စေပါသည်။

ရောဂါဖြစ်ပွားစေသည့် သန်းအမျိုးအစား

  • သန်းအမျိုးအစား(၂)မျိုးရှိပြီး သွေးစုပ်သောသန်းအမျိုးအစားနှင့် အရေပြားကို ကိုက်ဖြတ်စားသောက်သော သန်းအမျိုးအစားတို့ ဖြစ်ပါသည်။ 
  • အမများသည် အမွေးအမှင်များပေါ်တွင် ဥများဥချကြပါသည်။
  • ဥမှပေါက်လာသော သားလောင်းများသည် သက်ကြီးကောင်များနှင့် ဆင်တူသော်လည်း ဥမဥနိုင်သေးပါ။
  • သားလောင်းအဆင့်ဆင့်ကို ၂ - ၃ ပတ်အတွင်း ဖြတ်သန်းပြီးနောက် သက်ကြီးကောင်ဖြစ်လာပြီး ဥများပြန်လည်ဥချကြပါသည်။

ရောဂါလက္ခဏာများ

  • အမွေးကျွတ်ခြင်းကို တောက်လျှောက်တွေ့ရနိုင်ပါသည်။
  • အရေပြားပေါ်တွင် သန်းများကို တွေ့နိုင်ပါသည်။
  • သွေးစုပ်သောသန်းများ အမြောက်အများရှိနေပါက သွေးအားနည်းခြင်းနှင့် သွေးတွင်းမှ ပရိုတင်းနည်းပါးသွားခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ 

ရောဂါကူးစက်ပုံ

  • များသောအားဖြင့် တိုက်ရိုက်ထိတွေ့မှုမှ ကူးစက်ပါသည်။
  • သန်းရှိသောတိရစ္ဆာန် ပွတ်ထားသောမျက်နှာပြင်တစ်ခုခုအား ခဏအတွင်း အခြားတစ်ကောင်က ပွတ်တိုက်မိပါကလည်း ကူးစက်နိုင်ပါသည်။
  • တိရစ္ဆာန်များတွင်တွေ့ရသောသန်းများမှာ ရောဂါများကိုတော့ ကူးစက်စေခြင်းမရှိပါ။

အသေကောင်ခွဲစိတ်စစ်ဆေးမှု

  • သန်းများကြောင့်သေဆုံးမှုမှာ အလွန်ရှားပါးပါသည်။ သို့သော် သွေးစုပ်သောသန်း များပါက သွေးအားနည်းကာ သေဆုံးနိုင်ပါသည်။
  • သေဆုံးချိန်တွင် အမွေးများပြင်ပသို့ သန်းများထွက်လာကြသည်ကို တွေ့ရနိုင်ပါသည်။ 

ရောဂါအားစစ်ဆေးခြင်း

  • သွေးအားနည်းလက္ခဏာများ၊ အရေပြားယားယံမှုများနှင့် အရေပြားပေါ်တွင် သန်းများတွေ့ရှိခြင်းတို့ဖြင့် ရောဂါအမည် တပ်နိုင်ပါသည်။

ကာကွယ်ခြင်း

  • ခြံတွင် သန်းများကိုရှင်းလင်းပြီးပါက အခြားတိရစ္ဆာန်များနှင့် အထိအတွေ့မရှိအောင် ခွဲခြားထားရန် လိုအပ်ပါသည်။

ကုသခြင်း

  • Ivermectin ထိုးနှံနိုင်ပြီး ၂ ပတ်ခြား၍ နောက် ၁ ကြိမ် ထိုးနှံပေးရပါမည်။
  • အရေပြားကို ကိုက်ဖြတ်စားသောက်သော သန်းများအတွက်မူ အင်းဆက်ပိုးသတ်ဆေးများကို ၂ ပတ်ခြား လိမ်းပေးနိုင်ပါသည်။ ထိုသို့ကုသသည့်အခါ တစ်ခြံလုံးကို ကုသပေးရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဆွေးနွေးချက်များ

ဆွေးနွေးရန်