တိုင်းရင်းငါးမျိုး ငါးမြင်း၏ သဘာဝနှင့် အသုံးဝင်ပုံ

10/10/2024 11:57 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မြန်မာ့တိုင်းရင်းငါးမျိုးဖြစ်သော ငါးမြင်း(Silonia Silondia)သည် အာဆီယံနိုင်ငံများတွင် အာဟာရတန်ဖိုးအမြင့်ဆုံးငါးများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လူကြိုက်အများဆုံးငါးဖြစ်ပါသည်။ ငါးမြင်းသည်အသားစားငါးဖြစ်ပြီး မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံတို့တွင် နေထိုင်ကြပါသည်။ မျိုးရင်း(Family-schilbeidae)၏ မျိုးစဥ်(Order-siluriformes)တွင် မျိုးစိတ်(Species) ၃၄ မျိုးရှိပါသည်။ မြန်မာ့ရေပြင်တွင် မျိုးစိတ်(၉)မျိုးသာ တွေ့ရှိရပါသည်။ ယင်းတို့ အနက်မှ မြန်မာနိုင်ငံတွင် လူသိများသော ငါးမြင်းအမည်နှင့်ဆက်စပ်နေသော ငါးမျိုးစိတ်(၄)မျိုး ရှိကြောင်း တွေ့ရှိရပါသည်။ ယင်းတို့မှာ ငါးမြင်းယင်း(Silonia silondia)၊ ငါးမြင်းအုပ်ဖား(Clupisoma prateri)၊ ငါးမြင်းကကလောင်(Eutropiichthys vacha)နှင့် ငါးမြင်းကြက်တောင်(Proeutropiichthys taakree macropthalmos)တို့ ဖြစ်ပါသည်။

ငါးမြင်းမျိုးစိတ်များသည် ရေချိုရေငံစပ်မြစ်ဝများတွင်နေထိုင်သည့်ငါးမျိုးဖြစ်ပြီး ရေချို ရေငံနှစ်မျိုးစလုံးတွင်နေသော Amphidromous မျိုးဖြစ်ပါသည်။ ရေ၏အပူချိန်နှင့် ရေအငံနှုန်းပေါ်မူတည်ပြီးနေရာပြောင်းရွှေ့တတ်ပါသည်။ ငါးမြင်းများသည် ခရီးဝေးရွှေ့ပြောင်းသွားလာတတ်သည့် အဖြူရောင်ငါး White fish များဖြစ်ပြီး ကီလိုမီတာ ၁၀၀ ကျော်အထိ ရွှေ့ပြောင်းသွားလာတတ်ပါသည်။ 

ရာသီအလိုက်သားပေါက်ခြင်း

ငါးမြင်းငါးသည် ရာသီအလိုက်သားပေါက်လေ့ရှိပြီး မိုးရာသီ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများတွင် ရေချိုမြစ်များ၏ အထက်ပိုင်းများတွင် တက်ရောက် ဥချသားပေါက်လေ့ရှိပါသည်။ ငါးမြင်းသားပေါက် လက်မဝက်အရွယ်လောက်တွင် အကောင်မျှောလှေး(zooplankton)ကိုစားသောက်ကြပါသည်။ ငါးမြင်းသားပေါက် တစ်လက်မအရွယ်လောက်တွင် အခွံမာရေသတ္တဝါများ၊ ငါးကြင်းမျိုးနွယ်များ၏ ငါးမှုံလေးများကိုစားသောက်ပါသည်။ ၄ လက်မခန့်ငါးဖြန်းအရွယ်တွင် ငါး၊ ပုစွန်၊ ကဏန်း၊ ခရု၊ ဂုံးနှင့် အင်းဆက်များကိုဖမ်းယူစားသောက်ကြပါသည်။အရွယ်ရောက်ငါးများမှာမူ ငါးသလောက်ကို အဓိကဖမ်းယူစားသောက်ကြပါသည်။

မြန်မာ့ငါးမြင်းမျိုးစိတ်များ 

မြန်မာ့သဘာဝရေပြင်တွင် တွေ့ရှိရသော ငါးမြင်းမျိုးစိတ်မှာ(က) ငါးမြင်းယင်းနှင့် (ခ)ငါးမြင်းအုပ်ဖားတို့ ဖြစ်သည်။

(က)ငါးမြင်းယင်း

ငါးမြင်းယင်း၏ သိပ္ပံအမည်မှာ Silonia Silondia ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Butter catfish ဖြစ်သည်။ ငါးမြင်းယင်းသည် ရေအောက်လွှာတွင် နေထိုင်ကျက်စားသောငါးမျိုးဖြစ်ပြီး များသောအားဖြင့် ရေတမ်သောင်ခုံများတွင် တွေ့ရှိရပါသည်။ အရွယ်ရောက်ငါးများသည် သားပေါက်ရာသီဖြစ်သော မုတ်သုံရာသီတွင် ဥချသားပေါက်ရန်အတွက် မြစ်အတွင်းသို့ ဆင်းကြသည်။ ရာသီအလိုက် သားပေါက်သောငါးမျိုးဖြစ်ပြီး မုတ်သုန်ရာသီဖြစ်သော (ဇွန်လမှ သြဂုတ်လအထိ)သားပေါက်ကြသည်။ သားလောင်းဘဝ (၁၀)မီလီမီတာအရွယ်တွင် အပင်မျှောလှေး(zooplankton) ကိုစား၍ (၁၁ မှ ၂၅) မီလီမီတာအရွယ်တွင် ငါးကြင်းအုပ်စုဝင်သားပေါက်လေးများနှင့် ခရု၊ ကမာလေးများအား စားသုံးသည်။ အရွယ်ရောက်သော ငါးမြင်းများသည် ငါးသလောက်နှင့် အခြားသော ငါးများအား စားသုံးပြီး ပုစွန်၊ ကဏန်း၊ ခရုနှင့် အင်းဆက်များ အစရှိသည်တို့လည်း စားသုံးပါသည်။ အသားစားငါးမျိုးဖြစ်ပြီး အစားကြူးသောငါးမျိုးဖြစ်သည်။ ရေချိုပိုင်းနှင့် ရေချိုရေငန်စပ်တွင် တွေ့ရပြီး(Amphidromous) ဖြစ်သည်။ငါးမြင်းယင်းသည် အမြင့်ဆုံးအလျှား ၁၀၀ စင်တီမီတာ မှ ၁၈၀ စင်တီမီတာအထိ ကြီးထွားသည်။

(ခ)ငါးမြင်းအုပ်ဖား

ငါးမြင်းအုပ်ဖား၏ သိပ္ပံအမည်မှာ Clupisoma prateri ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Burmese garua ဖြစ်သည်။ ငါးမြင်းအုပ်ဖားသည် ရေအောက်လွှာတွင်နေထိုင်၍ အပူပိုင်းဒေသများတွင်တွေ့ရပြီး ရေချိုတွင်နေထိုင်ကျက်စားသော (Potamodromous) ငါးမျိုးဖြစ်သည်။ အမြင့်ဆုံးခန္ဓာကိုယ်အလျား ၂၇ စင်တီမီတာရှိသည်။ ယင်းငါးမျိုးစိတ်အား မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် တွေ့ရှိရပြီး ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့တွင်လည်း တွေ့ရှိရပါသည်။ 

ထိန်းသိမ်းစောင့်ရှောက်သင့်သော တိုင်းရင်းငါးမျိုးငါးမြင်း

ငါးမြင်းငါးသည် အာဆီယံနိုင်ငံများတွင် အာဟာရတန်ဖိုးအမြင့်ဆုံးငါးများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သို့သော်လည်း သဘာဝတွင် ငါးမြင်းမျိုးစိတ်များသည် မျိုးသုဥ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ မျိုးသုဥ်းရသည့် အဓိကအကြောင်းအရင်းများမှာ အလွန်အကျွံ ဖမ်းဆီးခြင်း၊ ယင်းတို့၏ ပေါက်ဖွားရာနေရာများ ပျက်စီးဆုံးရှုံးခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းငါးမျိုးဖြစ်သော ငါးမြင်းမျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါသည်။

ငါးမြင်းငါး၏ ပုံသဏ္ဌာန်

လူတော်တော်များများသည် ငါးမြင်းနှင့် ငါးတန်ကို ခွဲခြားရခက်ခဲကြသည်။ ငါးမြင်းမှာ ငါးတန်နှင့် ဆင်တူသည်ဟု ထင်ရသော်လည်း ကွဲလွဲမှုများရှိကြပါသည်။ ငါးမြင်းငါး၏ ရှေ့ကျောရိုးပေါ်တွင် ဆူးတောင်သေးသေးလေးတစ်ခုပါရှိပြီး ငါးတန်ငါးတွင် မပါရှိပေ။ ငါးမြင်းအသားမှာ အဝါရောင်သန်း နေပြီး အရေခွံပါးကာ ငါးတန်ထက်အဆီနည်းပါးသည်။ ငါးတန်သည် အရေခွံထူပြီး အဆီများကာ အသားနီသည်။ ငါးမြင်းဦးခေါင်းမှာ ငါးတန်ထက်ပိုကြီးပါသည်။

ငါးမြင်းစားဖွယ်စုံ

 နာမည်ကြီးငါးမြင်းဟင်းလျာများမှာ ငါးမြင်းဆီပြန်၊ ငါးမြင်းဗိုက်သားဆီပြန်၊ ငါးမြင်းခေါင်းချဥ်ရည်ဟင်း၊ ငါးမြင်း ပင်စိမ်းအုပ်ချက်၊ ငါးမြင်းအသားချောင်းကြော်၊ ငါးမြင်းဆီ​ပြန်ရေကျန် အချဥ်ဟင်းတို့ ဖြစ်ပါသည်။ ငါးမြင်းငါးမှာ စား၍အရသာထူးခြားကောင်းမွန်သည့် ငါးအမျိုးအစားထဲတွင် ပါဝင်ပါသည်။ ထို့ကြောင့် ငါးမြင်းဟင်းချက်ရာတွင် ဆီသတ်တာကို နိုင်ဖို့လိုပါသည်။ ငါးမြင်းမှာ အကြေးခွံမပါ၊ အရေခွံသက် သက်မို့ မခုတ်မပိုင်းခင် အကောင်လိုက်ကို ဆား သို့မဟုတ် မန်ကျည်းသီးမှည့်နှင့် နယ်ဖတ်ပြီး အရင်ဆေးပေးရပါသည်။ သို့မှသာ အချွဲအကျိများစင်ပြီး အညှီနံ့လည်း သက်သာစေမည် ဖြစ်သည်။ ငါးမြင်း ခုတ်သားမှာ အရောင်းများပြီး တန်ဖိုးမြင့်ငါးတွင် ပါဝင်ပါသည်။

ငါးမြင်း၏ ဂုဏ်သတ္တိနှင့် အကျိုးအာနိသင်

ငါးမြင်းဟူသော ဝေါဟာရမှာ ယင်းငါး၏ ကိုယ်လုံးကိုယ်ဟန်သည် မြင်း၏ ကိုယ်လုံးကိုယ် ဟန်နှင့် တူသောကြောင့် ငါးမြင်းဟု ခေါ်ဆိုခြင်းဖြစ်နိုင်သည်။ငါးမြင်းသည် အဆီများသောငါးမျိုးဖြစ်ပြီး လူအများစားသုံးရာတွင် ဟင်းချက်ရာတွင် အဆီများသောငါးမျိုးကို ဟင်းချက်ဆီအနည်းငယ်သုံးရုံနှင့် အဆင်ပြေသောကြောင့် ဝယ်ယူစားသုံးမှု များပြားသည်။

ဆေးကျမ်းများအလိုအရ ငါးမြင်းသည် ဆိမ့်၏။ဆူ၏။ အဆီများ၏။ ကြေခဲ၏။ ဝမ်းမီးချက်ပြီးနောက်လည်း ဆိမ့်၏။ ခွန်အားကို တိုးစေ၏။ သလိပ်ကို ပွားစေတတ်၏။နှလုံးကို နှစ်သက်စေတတ်၏။ လေ၊သည်းခြေတို့ကိုနိုင်၏။ အိပ်ပျော်စေတတ်၏။ ပိန်လှီသော၊အားမရှိသော ရောဂါမျိုးကို ပယ်ဖျောက်နိုင်၏။ ငါးမြင်းသားသည် အဆိပ်ကိုလည်း ပယ်နိုင်၏။ မန်းကိုလည်း နိုင်၏။

ငါးမြင်းငါးသည် ဝက်သားကဲ့သို့ပင် အဆီများသောငါးဖြစ်သည်။ ဝမ်းပျဥ်းသားသည် အဆီထူပြီး အဆူဆုံးနေရာဖြစ်သည်။ ငါးမြင်းသည် အဆီပေါသဖြင့် " ဝက်သားမစား၊ ငါးမြင်းစား၊ ငါးမြင်းရင်းမှာ ဆီပိုများ”ဟု ဆိုကြသည်။ ဝက်ဆီနှင့် နှိုင်းယှဥ်၍ပြောသော်လည်း ဝက်ဆီနှင့် ငါးမြင်းဆီအကျိုးသွားခြင်းမှာ အလွန်ခြားနားပါသည်။ ဝက်ဆီသည် များစွာစားသုံးလျှင် နှလုံးနှင့် သွေးကြောများကို မကောင်းသောအဆီ(အနောက်တိုင်းဆေးပညာအဆိုအရ LDL)ကို တိုးစေနိုင်သည်။ သွေးကြောများကို ကျဥ်းစေပြီး နှလုံးရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ လေဖြတ်ရောဂါများ ဖြစ်စေနိုင်သည်။ ငါးမြင်း၏အဆီမှာ ဝက်ဆီနှင့် တူသော်လည်း အကျိုးသွားမှာ တခြားစီပင်ဖြစ်သည်။ အခြားငါးကြီးများနှင့် နည်းတူ ငါးကြီးဆီများသည် နှလုံးနှင့် သွေးကြောနံရံများကိုထူစေခြင်း၊ ပိတ်ဆို့ခြင်း၊ သွေးကြောကျဥ်းခြင်းများ မဖြစ်စေနိုင်ပါ။ ငါးကြီးတို့၏ အဆီများသည် နှလုံးနှင့် သွေးကြောနံရံများကို ကောင်းကျိုးပြုနိုင်သည့် ကောင်းသောအဆီမျိုး ဖြစ်သည်။ အနောက်တိုင်းဆေးပညာအဆိုအရ HDL ဖြစ်သည်။ ငါးကြီးဆီကို နှလုံးသွေးကြောရောဂါရှိသူများအတွက် ဆေးလုံးဆေးတောင့်ထုတ်ပြီး စားသုံးရန် နှလုံးအထူးကုဆရာဝန်ကြီးများက လူနာများကို ညွှန်ကြားလေ့ရှိသည်။ ငါးမြင်း၏ ဝမ်းပျဥ်းသားကို စားခြင်းသည် ငါးကြီးဆီစားသကဲ့သို့ အကျိုးအာနိသင်ရှိသည်ဟု သိရပါသည်။

ရသဓာတုကျမ်းမှအဆိုအရ ငါးမြင်းအသားစားသုံးသူတို့သည် ပန်းနာရောဂါ၊ ရင်ကြပ်ရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။ အဆိပ်သင့်သောသူများသည် ထိုငါးမျိုးကို စားခြင်းဖြင့် အဆိပ်ပြေစေနိုင်သည်။ အိပ်မပျော်ရောဂါရှိသူများသည် ငါးမြင်းသားများကို စားသုံးလျှင် အိပ်ပျော်စေနိုင်သည်။

အချုပ်အားဖြင့် ဆိုရသော်

 တိုင်းရင်းငါးမျိုးဖြစ်သော ငါးမြင်းငါးသည် အရသာအားဖြင့် ထူးခြားလှပြီး လူကြိုက်များသော တန်ဖိုးမြင့်ငါးတစ်မျိုးဖြစ်သည်။ ထို့ပြင် ငါးမြင်းငါးသည် ကျန်းမာရေးအကျိုးကျေးဇူးလည်း များပြားလှသဖြင့် စားပေးသင့်သော ငါးအမျိုးအစားဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်