အကြွင်းသုညကိုရှောင်ရှားပေးကြပါ

21/07/2022 17:30 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

ယနေ့ ကြံသကြားလောကမှာ အကျိုးစီးပွားပဋိပက္ခကြီးတစ်ခု ဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းတစ်နေရာ သကြားစက်ရုံကြီးတစ်ရုံရဲ့ ဖက်စပ်လုပ်ငန်းရှင်ကြီးနှစ်ဦးမှာ စေ့စပ်ညှိနှိုင်း၍မရနိုင်တော့တဲ့အဆုံး ပြည်တွင်းပြည်ပတရားရုံးများသိုတက်ရောက်ခဲ့ကြရပါတယ်။ တရားရုံး၏ စီရင်ချက်များကို ပစ်ပယ်၍ နှစ်ဦးနှစ်ဖက်ထိုးနှက်တိုက်ခိုက်မှုများက ဆက်လက်၍ ဖြစ်ပွားနေဆဲပါပဲ။

ကျွဲနှစ်ကောင်ခတ်တဲ့ကြား ကြေမွနေတဲ့မြေဇာပင်လို စက်ရုံနဲ့ဆက်စပ်နေတဲ့ ကြံတောင်သူများရဲ့ လူမှုစီးပွားဘဝတွေပါ ထိခိုက်ပျက်ပြားသွားရတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ကြံစိုက်ပျိုးရေး၊ သကြားထုတ်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေကြားမှာ ဖြေရှင်းရန်ခက်ခဲလှတဲ့ အကျပ်အတည်းတစ်ခုလည်းဖြစ်ပါတယ်။

တစ်ဖက်ကသာပြီး  အခြားတစ်ဖက်ကနစ်နာသွားနိုင်တဲ့ အကြွင်းသုည (Zero Sum Game) ထိ အားပြိုင်မှုကနေ ဘက်ပေါင်းစုံပြေလည်ရေး Win-Win ဆီသို့ ပို့ဆောင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ယင်းသို့မဖြစ်နိုင်ပဲ အပျက်ဘက်သို့ဦးတည်ခဲ့ပါက တိုင်းပြည်ရဲ့ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျက်နှာစာမှာ မြန်မာ့ပုံရိပ်ဟာ ဆိုးဆိုးဝါးဝါး ထိခိုက်လာပါလိမ့်မယ်။ 

ရင်းနှီးမြှုပ်နှံရန်လာသူတွေအတွက် မြန်မာ့ပုံရိပ်ဟာ အစကတည်းကမကောင်းခဲ့ပါဘူး။ ပြုပြင်ပြောင်းလဲရေးကို စတင်လုပ်ဆောင်လာခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံမှ သကြားစက်မှုလုပ်ငန်းကို ဘိုးစဉ်ဘောင်ဆက်ကတည်းက သားစဉ်မြေးဆက် ယနေ့ထိ လုပ်ကိုင်နေသူ လုပ်ငန်းရှင်ပညာတတ်နှစ်ဦးဟာ ကျွန်တော်တို့ဆီကို ဆက်သွယ်လာခဲ့ပါတယ်။ ၎င်းတို့က အော်ဂဲနစ်သကြား ထုတ်လုပ်နိုင်တဲ့ စက်ရုံတည်ဆောက်နိုင်ရေးဖြစ်နိုင်ချေ စူးစမ်းမှုတွေကိုလာလုပ်ကြပါတယ်။ ကျွန်တော်တို့ အသင်းအဖွဲ့ကလည်း သူတို့ကိုကူညီပေးခဲ့ပါတယ်။

ခြောက်လကျော်ကြာလေ့လာစူးစမ်းပြီးနောက်မှာတော့ ဒေသခံလုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ စက်ရုံတည်ဆောက်ရန် ညှိနှိုင်းကြပါတယ်။ သူတို့ဟာ ကမ္ဘာ့အော်ဂဲနစ်သကြားဈေး ကွက်ဝေစုကိုလည်း ကောင်းကောင်းရထားသူများ ဖြစ်ပါတယ်။ စက်ရုံတည်ဆောက်ရန်ဆုံးဖြတ်ချက်ချပြီးချိန်မှာတော့ သူတို့အစိုးရထံ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံခွင့်ကို လျှောက်ထားကြပါတယ်။ 

ဒါပေမဲ့ သူတို့အစိုးရက မြန်မာနိုင်ငံ၏ အခြေအနေကို စိတ်မချရသေးပါဘူး။ စောင့်ကြည့်ပါဦးလို့ အကြံပေးပြီး ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဒီတော့ သူတို့လည်း ပြန်ထွက်သွားခဲ့ပါတယ်။ ၆ လခန့်ကြာမြင့်တဲ့အချိန်မှာတော့ ဂွါတီမာလာနိုင်ငံမှာ အော်ဂဲနစ်သကြားထုတ်လုပ်မည့်စက်ရုံတည်ဆောက်ရန်ပြင်ဆင်နေပြီဆိုပြီး ကျွန်တော်တို့ကို သတင်းပို့လာပါတယ်။

အဲ့ဒီလိုမျိုး အစကတည်းက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းကတိကဝတ်အတွက် စောင့်ကြည့်ခြင်းခံရတဲ့ မြန်မာ့ပုံရိပ်ဟာ ယခုလိုပဋိပက္ခမျိူးကို တရားမျှတစွာ မရှင်းနိုင်ဘူးဆိုရင် ကမ္ဘာ့အလယ်မှာ မျက်နှာမပြဝံ့အောင်ကိုပင် ထိခိုက်ပျက်ပြားသွားစေနိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ကြံသကြားဥပဒေလည်းမရှိ၊ ဥပဒေနှင့်အညီ ကြံသကြားရေးရာအာဏာပိုင်အဖြစ် ဖွဲ့စည်းထားပေးရမည့်  အစိုးရ၊ ကြံတောင်သူနှင့် သကြားစက်ပိုင်ရှင်များ စသည့်သုံးပွင့်ဆိုင် သကြားကောင်စီလည်း မရှိသေးပါဘူး။ တောင်သူအကျိုးကာကွယ်ဖော်ဆောင်ရေး ဥပဒေနှင့်နည်းဥပဒေတွေကလည်း မူဘောင်တွေ ကျယ်လွန်းလှတဲ့အတွက် ယခုလိုအမှုကိစ္စအတွက် ဥပဒေအကိုးအကားအမှီပြုစရာ  အချက်အလက်နည်းပါတယ်။ တောင်သူလယ်သမားများနှင့်ပတ်သက်တဲ့ကိစ္စမို့ လုပ်ပိုင်ခွင့်အာဏာ Statutory Power ကိုသုံးပြီး ဖြေရှင်းပေးနိုင်တဲ့ အဖွဲ့အစည်းကတော့ မလွှဲမရှောင်သာ စိုက်ပျိုးရေးဌာနပဲဖြစ်ပါလိမ့်မယ်။ ရာသီဥတုဖောက်ပြန်သကဲ့သို့ နိုင်ငံရေးနှင့်စီးပွားရေးရာ အပြောင်းအလဲများတဲ့ကာလမှာ ဖြေရှင်းရမည့်အဖွဲ့အစည်းအနေဖြင့် မသိကိန်းများကို ကိုင်တွယ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပဋိပက္ခရန်ဖက်များရဲ့နောက်ကွယ်အသီးသီးမှာလည်း မမြင်ရနိုင်တဲ့ လက်မည်းကြီးတွေရှိနေနိုင်ပါတယ်။

ပဋိပက္ခတွေဟာ တောင်သူလယ်သမားများကို အခြေခံပြီး စတင်ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ပါဘူး။ တောင်သူလယ်သမားများ ဟာ ဒီပြဿနာရဲ့ အကြောင်းအရင်း Causes လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ အဆိုပါပြဿနာကြောင့်ဖြစ်ပေါ်လာရတဲ့ဆိုးကျိုးဟာဆက်နွှယ်သူတွေအပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ဖြစ်ပါတယ်။ 

မူရင်းခံပြဿနာကို ရှင်းနိုင်သည်ဖြစ်စေ၊ မရှင်းနိုင်သည်ဖြစ်စေ လတ်တလောကြုံတွေ့နေရသော ဘေးထွက်ဆိုးကျိုးကို ရာသီမီ အခါမီ နှစ်ဦးနှစ်ဖက် တာဝန်ယူဖြေရှင်းပေးနိုင်အောင် ကြားဝင်အဖွဲ့အစည်းကသာ စီမံခန့်ခွဲနိုင်မှုအာဏာသုံးရန် လိုအပ်ပါလမ့်မယ်။ တောင်သူ့ပြဿနာကို ပထမဖြေရှင်းပေးနိုင်မည့် လူပုဂ္ဂိုလ်များအနေဖြင့် မြန်မာ့ကြံသကြားလုပ်ငန်း (Industry) အတွက် ကောင်းမွန်သောသမိုင်းမှတ်တမ်းတစ်ခုကို ရေးသွားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

စံသိန်း(စိုက်ပျိုးရေး)

ဇူလိုင် ၂၀၂၂

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်