ဝက်မွေးသူတွေ သတိပြုသင့်တဲ့ ဝက်နားရွက်ပြာရောဂါ

23/11/2022 10:40 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်နားရွက်ပြာရောဂါကို PRRS (Porcine Reproductive and Respiratory Symdrome)ဟု ခေါ်ပါသည်။ ကူးစက်မြန်ပြီးရောဂါပြင်းထန်သဖြင့် ဝက်မွေးမြူသူများဂရုပြုသင့်သော ရောဂါတစ်မျိုးဖြစ်ပါသည်။

ရောဂါဖြစ်ပွားသည့်အကြောင်းအရင်း

  • ဝက်နားရွက်ပြာရောဂါကို ဖြစ်စေသော ဗိုင်းရပ်စ်မှာ RNA ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး ဥရောပမျိုးကွဲနှင့် မြောက်အမေရိကမျိုးကွဲဟူ၍ ၂ မျိုး ရှိကြသည်။
  • အာရှနိုင်ငံအများစုတွင် မြောက်အမေရိကမျိုးကွဲ၌ပါဝင်သည့် တရုတ်မျိုးစိတ်ကြောင့် ဖြစ်ပွားကြောင်း တွေ့ရှိရပါသည်။
  • ဝက်နားရွက်ပြာရောဂါသည် အသက်ရှူလမ်းကြောင်းများ၌ ဖြစ်ပွားတတ်ပြီး ဝက်၏ နှာရည်၊တံတွေး၊ ဆီး၊ ကျင်ကြီးနှင့် သုတ်ပိုးတို့မှတဆင့် ကူးစက်ပျံ့နှံ့စေနိုင်ပါသည်။

ရောဂါကူးစက်နှုန်း

  • ဝက်အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရောဂါကူးစက်မှုနှုန်း ၅၀% မှ ၁၀၀% အထိ ရှိသည်။
  • နို့စို့ဝက်ငယ်နှင့် ဝက်ငယ်ကလေးများတွင် သေပျောက်နှုန်း ပိုမိုများပြားပါသည်။
  • မျိုးဝက်မကြီးများတွင် ကူးစက်ဖြစ်ပွားပါက သားလျှောခြင်း၊ အသေမွေးခြင်းများ ဖြစ်ပွားစေသဖြင့် ဆုံးရှုံးမှုများပြားစေပြီး ဂရုစိုက်သင့်သော ရောဂါတစ်ခုဖြစ်သည်။

ရောဂါလက္ခဏာများ

  • ရောဂါဖြစ်ပွားသောဝက်သည် အစာစားပျက်သည်။
  • ဖျားနာသည်။
  • ကိုယ်အပူချိန် ၄၀ မှ ၄၂ ဒီဂရီစင်တီဂရိတ်အထိ ရှိလာမည်။
  • နှာရည်ယိုခြင်း၊ နှာချေခြင်းများ ဖြစ်လာမည်။
  • အသက်ရှူကျပ်ပြီး မျက်မြှေးရောင်ခြင်း၊ မျက်စိနာခြင်းများ ဖြစ်လာမည်။
  • အရေပြားများ နီလာပါမည်။
  • နားရွက်၊ ဝမ်းဗိုက်နှင့် အမတန်ဆာများတွင် အနီရင့်ရောင်၊ အပြာရောင်အကွက်များ ဖြစ်လာပါမည်။
  • ဝမ်းလျှောတတ်ပါသည်။
  • ခန္ဓာကိုယ်ဒယီးဒယိုင်ဖြစ်၍ နောက်ပိုင်းမသန် ချိနဲ့လာပါမည်။
  • ဝက်မကြီးများတွင် သားလျှောခြင်း၊ သားပျက်ခြင်း၊ အသေမွေးခြင်း၊အင်အားချိနဲ့သော ဝက်ကလေးများမွေးခြင်း၊ အသေအခြောက်ကလေးများ မွေးတတ်ပါသည်။

ကုသခြင်း

  • ဝက်နားရွက်ပြာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်၍ ကုသရန်ဆေးမရှိပါ။
  • အခြားနောက်ဆက်တွဲရောဂါများ မဖြစ်ပွားအောင်သာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အာဟာရပြည့်ဝသည့် အစာနှင့် ရေကို ကျွေးမွေးတိုက်ကျွေးခြင်းဖြင့် ဆုံးရှုံးမှု လျော့ပါးစေနိုင်ပါသည်။
  • ရောဂါဖြစ်ပွားသည့်ဝက်နှင့် ၎င်းဝက်၏အညစ်အကြေးများ၊ အစာကြွင်းအစာကျန်များတွင် ရောဂါ ပိုးပါရှိနိုင်သဖြင့် ၄င်းပစ္စည်းများ၊အညစ်အကြေးများကို စနစ်တကျသုတ်သင်ရှင်းလင်းနိုင်ရန် လိုအပ်ပါသည်။ 

ကာကွယ်ခြင်း

  • ရောဂါဖြစ်ပွားသောဝက်ကို နေရာရွှေ့ပြောင်းခြင်းမပြုဘဲ အတူနေနေသော ကျန်းမာသည့်ဝက်များကိုသာရွှေ့ပြောင်းမွေးမြူရပါမည်။
  • ရောဂါဖြစ်ပွားသော ခြံနေရာနှင့် ပတ်လည်တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ မွေးမြူရေးခြံသုံး ပိုးသတ် ဆေးဖျန်းခြင်းများပြုလုပ်ရပါမည်။ 
  • ရောဂါဖြစ်၍ သေဆုံးသောဝက်ကို ပိုးသတ်ဆေးဖျန်း၍ ၆ ပေအနက်ကျင်းတူး၍ မြှုပ်ရပါမည်။ ဖြစ်နိုင်ပါက မီးရှို့ဖျက်ဆီးခြင်းသည် အကောင်းဆုံးဖြစ်သည်။
  • တစ်ပိုင်တစ်နိုင်ဝက်မွေးမြူသူများသည် ခြံလှောင်မွေးမြူခြင်းထက် လွှတ်ကျောင်း၍မွေးတတ်ပြီး လွှတ်ကျောင်းမွေးမြူသူများတွင် အများဆုံးဖြစ်ပွားကြောင်း တွေ့ရပါသည်။ 
  • ဝက်စာကိုစနစ်တကျစပ်၍ ကျွေးသူများတွင် ဖြစ်ပွားမှုနည်းသည်။
  • စားသောက်ဆိုင်များမှာ အစာကျန်များကိုစု၍ကျွေးသူများတွင် ဖြစ်ပွားမှု ပိုမိုများပြားပါသည်။ 
  • ဖြစ်နိုင်ပါက အစာကျန်များကို ပွက်ပွက်ဆူအောင်ပြုတ်၍ အအေးခံပြီးမှကျွေးလျှင် ရောဂါဖြစ်ပွားမှု လျော့ကျစေနိုင်မည်ဖြစ်ပါသည်။

ကာကွယ်ဆေး

  • ဝက်နားရွက်ပြာရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ကာကွယ်ဆေးထိုး၍ ရပါသည်။
  • သို့သော် ကာကွယ်ဆေးသည် ဖော်စပ်ထားသည့် ဗိုင်းရပ်စ်မျိုးကွဲတစ်ခုတည်းကိုသာ ကာကွယ်ပေးနိုင်ပြီး အခြားပိုးမျိုးကွဲဝင်ရောက်လာပါက ကာကွယ်မှု မပေးနိုင်ပါ။
  • ပိုးအရှင်သုံးကာကွယ်ဆေးထိုးထားသည့် ဝက်များသည် ဗိုင်းရပ်စ်ပိုးအရှင်များ ပြန်လည်စွန့်ထုတ်တတ်ကြသည်။
  • သို့ဖြစ်၍ ကာကွယ်ဆေးအသုံးပြုမှုကို အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်