ဝင်ငွေလျှော့တွက်လို့မရတဲ့ သနပ်ဖက်စိုက်ပျိုးရေး..

17/05/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

သနပ်ဖက်လို့ကြားလိုက်တာနဲ့ ဆေးပေါ့လိပ်တွေကို တန်းမြင်မိကြတဲ့အထိ မြန်မာနိုင်ငံမှာတော့ ထင်ရှားလူသိများတာပါ။ မရှိမဖြစ် ကုန်ပစ္စည်းတစ်မျိုးလို့ဆိုရင်တောင် ရပါတယ်။ ဒါပေမဲ့ ဒီသနပ်ဖက်ဟာ ဘယ်ကနေ ဘယ်လိုရပြီး ဘယ်နေရာဒေသတွေကနေ အဓိကထုတ်လုပ်ပေးနေတာလဲဆိုရင်တော့ သိသူနည်းသွားမယ်ထင်ပါတယ်။

ဆေးလိပ်လိပ်ရာမှာ အသုံးပြုတဲ့ သနပ်ဖက်ကို သနပ်ဖက်ပင်တွေကနေ ရရှိတာဖြစ်ပြီး လူသိနည်းသေးတဲ့ လယ်ယာထုတ်ကုန်တမျိုးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အကျိုးအမြတ်ကတော့ တခြား စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ယှဉ်ရင် တော်တော်လေး လုပ်ကိုင်သင့်တဲ့ အနေအထားမျိုးမှာ ရှိနေတာပါ။

သနပ်ဖက်ပင်အဓိကစိုက်ပျိုးရာဒေသတွေထဲမှာ တောင်ကြီးခရိုင်၊ ဘော်ဆိုင်းဒေသလည်းပါဝင်နေပြီး စာရေးသူလည်း ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း ပြောင်းစိုက်ဧရိယာတွေ ကွင်းဆင်းရင်း ဘော်ဆိုင်းဒေသ၊ သနပ်ဖက်ပင်ရင်းထုတ်လုပ်ရာ တောင်ပေါ် ဓနုရွာလေးကို ရောက်ရှိခဲ့ပါတယ်။

ရပ်စောက်၊ ပင်ဖြစ် အနောက်တောင်ဖက်၊ တောလမ်းလေးအတိုင်း တောင်ပေါ်တက်သွားရင် ၁၅ မိုင်လောက်ဝေးတဲ့ ပုန်းတပ်ဆိုတဲ့ရွာလေးကို ရောက်ခဲ့တာပါ။

"တောင်ပေါ်ရွာဆိုတော့ သနပ်ဖက်တမျိုးတည်းနဲ့ ရပ်တည်ကြရတာပါပဲ။ ဒီနှစ် သနပ်ဖက်စျေးက တပိသာ ၁၈၀၀၀ ကျပ်စျေး ဆိုတော့ လုပ်ရတာအားရှိပါတယ်" လို့ ဒေသခံ သနပ်ဖက်တောင်သူ ကိုနေဝင်းက ပြောပြပါတယ်။

စာရေးသူလည်း သနပ်ဖက်ပင်နဲ့ အစိမ်းသက်သက် ဖြစ်နေတော့ ဗဟုသုတအလို့ငှာ ကြုံတုန်း ဆုံခိုက် အင်တာဗျူးတော့တာပါပဲ။

သနပ်ဖက်ပင်ကို မိုးဦးကာလမှာ တကျင်းနဲ့တကျင်း နှစ်ပေခန့်ခြားပြီး စိုက်ကြပါတယ်။

တစ်ဧက အပင်ဦးရေဆိုရင်တော့  နှစ်သောင်းခန့်ရှိနိုင်ပါတယ်။

စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်မှာတော့ တထွာခန့်ချန်ပြီး ဖြတ်ပေးရပါတယ်။ ဒါမှ အတက်ထွက်လာပြီး အပင်သန်လာတာပါ။

ထွက်လာတဲ့ အတက်တွေထဲက သန်တဲ့တကိုင်းပဲ ချန်ပြီး ကျန်ကိုင်းတွေ ပယ်ပေးရပါတယ်။

ရက်သားနဲ့ ပြောရရင်...အတက်ပေါက်ပြီး ၁၅ ရက်သားမှာ ပိုးသတ်ဆေးတကြိမ် အရင်ဖျန်းပြီး..

၂၀ ရက်သားမှာ ကိုင်းပယ်ရပါတယ်။

နှစ်လသားရောက်ပြီဆိုရင်တော့ အရွက်စခူးနိုင်တဲ့အရွယ်ရောက်ပါပြီ။

ပျမ်းမျှ တရက်တရွက်နုန်းထွက်ပြီး ၁၀-၁၂ ရက်ဆို ခူးနိုင်ပါပြီ။

အထွက်နှုန်းကတော့ တစ်ဧကကို ပိဿာချိန် ၈၀၀ လောက်ထွက်ပါတယ်။

"ကျနော် နှစ်ဧကစိုက်ထားတာ ကုန်ချိန် ၁၅၀၀ ထွက်ပါတယ်"လို့ ကိုနေဝင်း က ရှင်းပြပါတယ်။

စာရေးသူက ဆေးသမားဆိုတော့..

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး သုံးစွဲနည်းစနစ်အကြောင်းစပ်စုကြည့်တော့..

ပိုးသတ်ဆေးရောင်းတဲ့ ကိုလင်းနိုင်ဆိုသူက...

"အညွန့်တွေမှာ စုပ်စားပိုးလေးတွေလည်း ကျတယ်၊ ပိုဆိုးတာကတော့ ဆင်ပိုးလို့ခေါ်တဲ့ နှာတံရှည် အကောင်တွေက အရွက်တွေ ကိုက်ဖောက်တယ်ဗျ... အဲဒါ..တင်းဒါးဆိုတဲ့ ပိုးသတ်ဆေးဖျန်းမှ ရတယ်" လို့  ရှင်းပြပါတယ်။

"ပေါင်းသတ်ဆေးအနေနဲ့တော့ အပင်သတ်ဆေး(ပါရာကွပ်)ကို သုံးပါတယ်။ အမြစ်သတ်ဆေး(ဂလိုက်ဖိုဇိတ်)မသုံးရဲဘူး၊ သနပ်ဖက် အထွက်နှုန်းကျသွားတတ်လို့" ဆိုပြီးလည်း ကိုလင်းနိုင်က သူ့ကိုယ်တွေ့ အတွေ့အကြုံကို ပြောပြပါတယ်။

" မိုးရွာပြီးတိုင်း ယူရီးယားသိပ်မများတဲ့ ကွန်ပေါင်းမြေဆီ ကျွေးပေးရပါတယ်။ ယူရီးယား အကျွေးများရင် ဖက်အရည်အသွေးညံ့လို့ ပွဲစားမကြိုက်ဘူး၊ စျေးနှိမ်တယ်၊ ပြီးတော့ အကိုင်းခွံပွပြီး အပင်လူတိုးရင် ကျိုးလွယ်တယ်ပေါ့ဗျာ" လို့လည်း သူက ရှင်းပြပါတယ်။

တကြိမ်တည်းခုတ်ပြီး ပြီးရောလား? လို့ မေးကြည့်တော့...

"နှစ်စဉ် တနှစ်တကြိမ်ခုတ်ရပါတယ်..သကြန်ပြီးတာနဲ့ ဧပြီလဆို အပင်တွေအားလုံး ကိုင်းခုတ်ရပါတယ်။ အစို့လေးတွေ ပြူလာတာနဲ့ ကျိုင်းစားမှာစိုးလို့ ဆေးဖျန်းရတယ်ဆရာရေ..အညွန့်ထွက်လာပြန်တော့ ရွက်စားပိုး၊ ငမြောင်တောင်က လာပြန်ရော။ ပြီးတော့ရှိသေးတယ်ဆရာ၊ ဖက်ရွက်ပေါ်မှာကြွက်နို့ လို့ခေါ်တဲ့ အဖုလေးတွေဖြစ်တာ၊ ဘာပိုးကြောင့်လဲမသိဘူး.ဗျ။ ဖက်ရွက်မလှတော့ဘူး".လို့. တောင်သူကိုနေဝင်းက သူ့ အတွေ့အကြုံကို ပြောပြတော့..

စာရေးသူက သရက်မှာကျတဲ့  မှက်တမျိုးကြောင့် ဖြစ်ကြောင်း ပြန်ရှင်းပြလိုက်ရပါတယ်။

သနပ်ဖက်ဟာ တခါစိုက်ပြီးတာနဲ့ တနှစ်တခါ ကိုင်းဖြတ်ပြီး အရွက်ကို ခူးယူ၊ လှော်၊ ထပ် ရောင်းချရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတမျိုးဖြစ်ပါတယ်။

အမှန်တကယ် ဖက်စျေး တပိသာ တသောင်း ရှိမယ်ဆိုရင် တဧက ပိဿာ ၈၀၀ နဲ့တွက်ကြည့်တော့ ... တစ်ဧက ဝင်ငွေ သိန်း ၈၀ ရနိုင်တဲ့ထိ အကျိုးအမြတ်များတဲ့  သီးနှံတမျိုးဖြစ်နေတာ တွေ့ရပါတယ်။

သို့ပါ၍..အစိမ်းရောင်လမ်း မိတ်ဆွေများအနေနဲ့...

စိုက်ပျိုးသီးနှံ အမည်သစ်တမျိုးအနေဖြင့် ဗဟုသုတရစေရန်အလို့ငှာ ခရီးသွားဆောင်းပါးအဖြစ် ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ..။

စေတနာများစွာဖြင့်

ဒို့ဦးလေး

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်