ဗီယက်နမ်နဲ့ညှိပြီး ဆန်ဈေးမြှင့်တင်ဖို့ ထိုင်းအစိုးရ ကြံစည်နေသော်လည်း ဖြစ်နိုင်ခြေမရှိဟု ထိုင်းဆန်အသင်း ပြော

02/06/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ဆန်ဈေးနှုန်းကို ညှိနှိုင်းတိုးမြှင့်ပြီး ကမ္ဘာ့ဆန်ဈေးကွက် ချုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်သွားကြမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) က ပြောဆိုလိုက်ပါတယ်။ 

ဒါဟာ စားသောက်ကုန်စည်ဈေး ကြီးမြင့်မှုကို ရင်ဆိုင်နေရတဲ့ ကမ္ဘာတစ်ဝှမ်းက စားသုံးသူတွေအတွက် ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းဟာ ဆန်ဈေးက ကျ၊ သွင်းအားစုစရိတ်က မြင့်တက်လို့ ဒုက္ခရောက်နေကြတဲ့ နှစ်နိုင်ငံအတွင်းက တောင်သူလယ်သမား သန်းပေါင်းများစွာကို အကျိုးဖြစ်ထွန်းစေမယ်လို့ ထိုင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ် Thanakorn Wangboonkongchana က ထုတ်ပြန်ချက်တစ်စောင်မှာ ပြောကြားပါတယ်။

ဗီယက်နမ် စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Tran Thanh Nam ဟာ ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်တစ်ခုကို ဆွေးနွေးခဲ့ကြပါတယ်။

ဗီယက်နမ်စားနပ်ရိက္ခာအဖွဲ့ချုပ် ဥက္ကဋ္ဌ Nguyen Ngoc Nam ကလည်း ထိုင်းအဖွဲ့နဲ့ နောက်လထဲမှာ တွေ့ဆုံပြီး ဆန်းစပါးထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်‌ရေးကို ဆွေးနွေးသွားမယ်လို့ သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ သူတို့တွေ့ဆုံကြမှာက ဆန်ဈေးထိန်းချုပ်‌ရေး သဘောတူညီမှုရယူဖို့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

"အစည်းအဝေးမှာ စားနပ်ရိက္ခာကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မဲ့အစီအမံတွေအပေါ် အဓိကထား ဆွေးနွေးသွားမှာပါ" လို့ ဥက္ကဋ္ဌက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဆန်အများအပြား တင်ပို့နေတဲ့ နှစ်နိုင်ငံက ဆန်ဈေးတိုးမြှင့်ဖို့ ခြိမ်းခြောက်လိုက်တာနဲ့ တစ်ချိန်တည်းမှာပဲ ကမ္ဘာမှာ စားနပ်ရိက္ခာရေးရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒတွေ တိုးမြှင့်ပြဋ္ဌာန်းနေကြသလို အခြေခံကုန်စည်ဈေးနှုန်းတွေကလည်း တစ်ဟုန်ထိုး မြင့်တက်နေပါတယ်။ နောက်ထပ် စိုးရိမ်နေတာတစ်ခုကတော့ အိန္ဒိယဟာ ဂျုံနဲ့ သကြားကို ပိတ်ပင်ခဲ့သလို ဆန်တင်ပို့မှုကိုပါ ပိတ်ပင်လာနိုင်တာကိုပါ။ ဒီလိုဆိုရင် ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ပြုမှုကြောင့် ကယောက်ကယက် ဖြစ်နေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်ကို ပိုမိုလှုပ်ခတ်သွားစေပါလိမ့်မယ်။

ထိုင်းနိုင်ငံဟာ ဆန်တင်ပို့မှုအပေါ် ပိတ်ပင်မှုတစ်စုံတစ်ရာ ပြုလုပ်ဖို့ စိတ်ကူးမရှိပေမဲ့ သွင်းကုန်အမှီပြုနိုင်ငံတွေက သီးနှံ အလုအယက် ဝယ်ယူဖို့ ကြိုးစားနေချိန်မှာ ထိုင်းက အခွင့်အရေးကို အသုံးချလိုနေတာ ဖြစ်ပါတယ်။

ဆန်ဟာ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ဆိုးသထက်ဆိုးသွားတဲ့အဖြစ် မရောက်စေအောင် ထိန်းပေးထားတဲ့ အခြေခံစား‌သောက်ကုန်သီးနှံတစ်မျိုး ဖြစ်နေခဲ့ပါတယ်။ ယူကရိန်းမှာ စစ်ဖြစ်အပြီး ဂျုံနဲ့ ပြောင်းသီးနှံရောင်းကုန်တွေ ပိတ်မိနေတာကြောင့် ဂျုံ၊ ပြောင်းဈေး မိုးထိုးနေခဲ့ပေမဲ့ ဆန်မှာတော့ ထုတ်လုပ်မှုအားကောင်းခြင်း၊ ကုန်လက်ကျန်များနေခြင်းကြောင့် ဈေးနှုန်းတွေ တည်ငြိမ်နေပါတယ်။

ကမ္ဘာ့ဆန်းစပါးအထွက်ဟာ ၂၀၂၃ ခုနှစ်ရောက်တဲ့အထိ စံချိန်တင်နိုင်တာကြောင့် ရောင်းလိုအားများပြီး ဆန်ဈေးတွေ ဆက်လက်ကျဆင်းနိုင်တယ်လို့ The Rice Trader အဖွဲ့အစည်းရဲ့ အမှုဆောင်ချုပ် Jeremy Zwinger က ပြောပါတယ်။

ဆန်ကို တိရစ္ဆာန်စာအဖြစ်ပါ ဝယ်လိုအား ထပ်ရှိလာနိုင်ပေမဲ့ ဆန်ဈေး ထောင်တက်လာစေဖို့ လုံလောက်မှာ မဟုတ်ကြောင်း Zwinger က ပြောပါတယ်။ ဒါပေမဲ့ တောင်သူလယ်သမားတွေဟာ ဈေးကြီးမြင့်နေတဲ့ ဓာတ်မြေသြဇာ အသုံးလျှော့လာခဲ့ရင်တော့ ဆန်ရောင်းအား ကျဆင်းနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကပ်ရောဂါ သက်သာလာလို့ ကမ္ဘာ့ဝယ်လိုအား ပြန်တက်လာသလို ထိုင်းဘတ်ငွေဈေး ငါးနှစ်အတွင်း အနိမ့်ဆုံး ကျဆင်းလာတာကြောင့် ထိုင်းဆန်တင်ပို့မှု ပြန်ကောင်းလာပါတယ်။ တင်ပို့မှုဟာ ယခင်နှစ်က တန်ချိန် ၆ ဒသမ ၁ သန်း ရှိခဲ့ရာကနေ ယခုနှစ်မှာ တန်ချိန် ရှစ်သန်းအထိ မြင့်တက်လာနိုင်တယ်လို့ ကုန်သွယ်ရေးဝန်ကြီး Jurin Laksanawisit က ပြီးခဲ့တဲ့ သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းသကြားနဲ့ ကြက်သား တင်ပို့မှုဟာလည်း အိန္ဒိယနဲ့ မလေးရှားတို့ရဲ့ ပို့ကုန်ပိတ်ပင်မှုတွေကနေ အကျိုးဖြစ်ထွန်းလာဖို့ ရှိတယ်လို့ လုပ်ငန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ "ထုတ်လုပ်တဲ့ စားကုန်အများစု ရောင်းအားကောင်းနေပြီး ထိုင်းဟာ ကမ္ဘာ့ကြီးရဲ့မီးဖိုချောင်အဖြစ် ဆက်လက်ရပ်တည်နေတယ်" လို့ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Arada Fuangtong က သတင်းထောက်တွေကို ပြောဆိုပါတယ်။

ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse ကတော့ အစိုးရဟာ ဆန်ဈေးမြှင့်တင်မယ်ဆိုတဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး သူတို့အဖွဲ့နဲ့ လာရောက်တိုင်ပင်ခြင်းမရှိကြောင်း၊ ဒီအကြံအစည်ဟာ ကောင်းကောင်းမွန်မွန် ချင့်ချိန်ထားခြင်းမရှိကြောင်း ပြောဆိုထားပါတယ်။

"ထိုင်းနဲ့ ဗီယက်နမ်ဟာ ဆန်တင်ပို့မှုအများဆုံးနိုင်ငံတွေ မဟုတ်ကြပါဘူး။ နှစ်နိုင်ငံပေါင်းရင်တောင် အိန္ဒိယထက် နည်းပါတယ်။ ဒါကြောင့် ဝယ်လက်တွေဟာ ပြိုင်ဘက်နိုင်ငံဆီ ကူးပြောင်းသွားကြမှာပါ" လို့ Chookiat က ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ နောက်ပြီး ဈေးတွေ တက်လာတဲ့အထိ စောင့်နိုင်ဖို့ ဆန်ကို ကြာကြာ သိုလှောင်ထားနိုင်မှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

"နိုင်ငံရေးသမားတွေဟာ ဆန်ဈေးကွက်ကို နားမလည်ပါဘူး။ ကျွန်တော်တို့ အသင်းချုပ်နဲ့လည်း လာရောက်တိုင်ပင်ခြင်းမရှိပါဘူး" လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref:

1. Thailand may join with Vietnam to control rice trade - Bloomberg,

2. Thai, Vietnam rice price hike plan 'impossible', Thai export body says - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်