ရေပေါ်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါးမွေးမြူနည်း အပိုင်း - ၄

21/02/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

၇။ ပိုက်လှောင်အိမ်အတွင်းသို့ ငါးများထည့်သွင်းခြင်း

(က) ငါးမျိုးစိတ်ရွေးချယ်ခြင်း

       လှောင်အိမ်ဖြင့်မွေးမြူရန်အတွက်အသင့်တော်ဆုံးသော တီလားပီးယားငါးမျိုးစိတ်(သို့မဟုတ်) ငါးမျိုးများမှာ နိုင်းတီလားပီးယား(Nile Tilapia-Oreochromis niloticus) (GIFT) ၊ အော်ရီယာမျိုး(Blue Tilapia-O.aureus)၊ ထိုင်ဝမ် တီလားပီးယားအနီမျိုး(Taiwan Red Tilapia) အဆိုပါ မျိုးစိတ်များကို မျိုးစပ်ထားသည့် မျိုးစပ်တီလားပီးယားငါးမျိုးများ ဖြစ်ပါသည်။မွေးမြူရန်အတွက် မျိုးစိတ်တစ်မျိုးကို ရွေးချယ် ခြင်းသည် စျေးကွက်တွင်ရရှိနိုင်မှု၊ တရားဝင်မှုအခြေအနေ၊ ကြီးထွားနှုန်းနှင့် အအေးဒဏ်ခံနိုင်မှုတို့အပေါ် အဓိကမူတည်ပါသည်။

(ခ) ငါးသားပေါက်များ ထည့်သွင်းမွေးမြူခြင်း

         လှောင်အိမ်ဖြင့် နောက်ဆုံးအဆင့် အသားတိုးမွေးမြူရန် ထည့်သွင်းမွေးမြူမည့် အသင့်တော်ဆုံးငါးသားပေါက်အရွယ်အစားကို အသားတိုးမွေးမြူနိုင်သည့်ကာလနှင့် လိုချင်သောစျေးကွက်ဝင်အရွယ်တို့ဖြင့် ဆုံးဖြတ်နိုင်ပါသည်။

သမပိုင်းဒေသများတွင် တီလားပီးယားမွေးမြူခြင်းကို ဆောင်းခိုခြင်းအနေဖြင့် သင့်တော်သောအပူချိန်ဖြင့် ထိန်းထားနိုင်သည့်အခန်းတွင်း၌ မွေးမြူခြင်းကို ပြုလုပ်ကြရပြီး (၁)နှစ်သားအရွယ် တီလားပီးယားသားပေါက် ၆၀-၁၀၀ ဂရမ်အရွယ်များကို လှောင်အိမ်ဖြင့် ၄၅၀ ဂရမ်နှင့် အထက်အရွယ်များရရှိအောင် မွေးမြူကြပါသည်။

            တီလားပီးယားငါးသားပေါက်ထည့်သွင်းမှုနှုန်းသည် ပိုက်လှောင်အိမ်၏ထုထည်၊ ဖမ်းဆီးသည့်အချိန်တွင် ရရှိလိုသည့်ငါးအရွယ်၊ ထုတ်လုပ်နိုင်မှုအဆင့်၊ မွေးမြူကာလကြာမြင့်ချိန်တို့အပေါ် မူတည်ပါသည်။

          တစ်ကုဗမီတာအကျယ်ရှိသောလှောင်အိမ်ဖြင့် ပျှမ်းမျှ (၄၅၀) ဂရမ်ရှိသော ငါးများမွေးမြူ ထုတ်လုပ်နိုင်ရန် တီလားပီးယားသားပေါက်ကောင်ရေ ၃၀၀- ၄၀၀ ကောင်နှုန်း ထည့်သွင်းမွေးမြူရပါမည်။   အထွေထွေလိုက်နာရန်အနေဖြင့် တစ်မီတာပတ်လည် ဧရိယာအတွက် တီလားပီးယားငါးသားပေါက် ၂၀ - ၃၀ ဂရမ်အရွယ် ၁၅၀ ကောင်ရေမှ ၂၀၀ ကောင်ရေကို ထည့်သွင်းမွေးမြူနိုင်ပါသည်။ အမြင့်ဆုံးထည့်သွင်းမွေးမြူနှုန်းအနေဖြင့်  ၃၀ - ၅၀ ဂရမ်အထိ အလေးချိန်ရှိသော ငါးသားပေါက်များကို တစ်မီတာပတ်လည်အကျယ်အတွက် ကောင်ရေ (၂၀၀၀)မှ ကောင်ရေ (၂၅၀၀) ကောင်အထိ ထည့်သွင်းမွေးမြူနိုင်ပြီး အလေးချိန်အားဖြင့်မူ တစ်မီတာပတ်လည်အကျယ်ကို ၇၅ ကီလိုဂရမ်ထက်မပိုဘဲ ထည့်သွင်းမွေးမြူနိုင်ပါသည်။

        တီလားပီးယား အရွယ် ၅၀ - ၁၀၀ ဂရမ် အလေးချိန်ရှိသောငါးများအတွက် သင့်တော်သောထည့်သွင်းနှုန်းမှာ တစ်မီတာပတ်လည်အတွက် ကောင်ရေ ၂၀၀-၄၀၀ နှုန်း ထည့်သွင်းနိုင်ပါသည်။ ၄-၅ လကြာမွေးမြူပြီးနောက် ၁ မီတာပတ်လည်လှောင်အိမ်ဖြင့် ငါးအလေးချိန်၆၀-၈၀ ကီလိုဂရမ်အထိ ထုတ်လုပ်နိုင်ပါသည်။

         လှောင်အိမ်အရွယ်ကြီးများတွင် ရေလဲလှယ်နိုင်မှုလျော့နည်းသဖြင့် ငါးထည့်သွင်းမွေးမြူနှုန်းကို လျော့ချရမည်ဖြစ်ပါသည်။ ၁၀၀ ကုဗမီတာရှိသော လှောင်အိမ်များတွင် အသင့်တော်ဆုံး ငါးထည့်သွင်းနှုန်းမှာ ၁ ပေါင်အလေးချိန်ရှိသော ငါးထုတ်လုပ်ရန် တစ်ကုဗမီတာလှောင်အိမ်အကျယ်ကို ငါးကောင်ရေ ၅၀ ထည့်သွင်းရပါမည်။

         အပူပိုင်း(သို့မဟုတ်)အပူလျော့ပိုင်းဒေသများတွင် တစ်နှစ်ပတ်လည်ကာလလုံး အသားတိုးမွေး မြူနိုင်ပြီး ဥပမာ- အပတ်စဥ် နှစ်ပတ် တစ်ကြိမ် (သို့မဟုတ်) လစဥ်ပုံမှန်ဖမ်းဆီး ထုတ်လုပ်ခြင်းဖြင့် စျေးကွက်သို့ထောက်ပံ့ဖြည့်တင်းပေးနိုင်ရန် စီစဥ်တကျမွေးမြူထုတ်လုပ်ခြင်းစနစ်ကို အသုံးပြု နိုင်ပါသည်။ 

        တိကျသော မဟာဗျူဟာသည် ရရှိနိုင်သော ပိုက်လှောင်အိမ်အရေအတွက်နှင့် မွေးမြူသည့် ရေပြင်ထုထည်၏ အလားအလာရှိသော ထုတ်လုပ်နိုင်မှုစုစုပေါင်းတို့အပေါ် မူတည်ပါမည်။ ထည့်သွင်းမွေးမြူနှုန်း တိုးမြင့်လာသကဲ့သို့ လှောင်အိမ်များ၏ ထုတ်လုပ်နိုင်မှုစုစုပေါင်းမှာလည်း တိုးတက်လာပါသည်။ သို့သော် တီလားပီးယားများသည် ထုထည်အားဖြင့် ကြပ်သိပ်လွန်းပြီး လှောင်အိမ်အတွင်းရှိ ရေ၏အရည်အသွေးမှာ ညံ့ဖျင်းလာပါက ကြီးထွားနှုန်းကို ကျဆင်းစေမည် ဖြစ်ပါသည်။

       ၁-၄ ကုဗမီတာထုထည်ရှိသော အသေးစား လှောင်အိမ်များတွင် တီလားပီးယား ထည့်သွင်း မွေးမြူရာ၌ တစ်ကုဗမီတာထုထည်မှ ငါးထုတ်လုပ်မှု (၂၅၀)ပေါင်ခန့် ထုတ်လုပ်မှု စတင်ရောက်ရှိလာသောအခါ များသောအားဖြင့် ကြီးထွားနှုန်း လျော့ကျလာပါသည်။ ၁၀၀ ကုဗမီတာရှိသော ပိုက်လှောင်အိမ်များတွင် ၁ ကုဗမီတာလျှင် ငါးအလေးချိန် ပေါင် ၅၀ ထုတ်လုပ်နိုင်ရန် ကန့်သတ်ချက်များရှိပါသည်။

          တီလားပီးယားသည် အဆိုပါအဆင့်ထက် ကျော်လွန်ပြီး ကြီးထွားနိုင်မှုမှာ တဖြည်းဖြည်း ကျဆင်းလာပြီး အစာမှ အသားသို့ ပြောင်းလဲနှုန်းညံ့ဖျင်းလာခြင်း၊ အောက်စီဂျင် လျော့နည်းခြင်း(သို့မဟုတ်) ရောဂါကျရောက်နိုင်မှုတိုးလာခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမည့် ဘေးအန္တရာယ်ရှိလာပါသည်။

        စျေးကွက်ဝင်အရွယ်ငါးများ အမြင့်ဆုံးပြန်လည်ရရှိနိုင်ရန်အတွက် အကောင်းဆုံးမှာ ကြီးထွားနှုန်းကို လျော့ကျစေနိုင်သည့် ထုတ်လုပ်မှုအဆင့်ကို ကန့်သတ်ထားရန်ဖြစ်ပါသည်။ လှောင်အိမ်အရေအတွက် အားလုံးကို ကန်တစ်ကန်အတွင်း၌ ထိထိရောက်ရောက်အသုံးပြုနိုင်ရန် အဆိုပါ ရေပြင်ထုထည်၌ လှောင်အိမ်အားလုံးအတွက် ခွင့်ပြုနိုင်သည့် အမြင့်မားဆုံးအစာကျွေးနှုန်းသည် ငါးထုတ်လုပ်မှု  စုစုပေါင်းအတွက် အဓိကကျသောလုပ်ငန်းရပ်ဖြစ်ပါသည်။

၈။ ငါးအစာနှင့် အစာကျွေးခြင်း

         ငါးသားပေါက်များ သေချာစွာထည့်သွင်းပြီးနောက် လှောင်အိမ်ဖြင့်ငါးမွေးမြူခြင်း၌ အရေးကြီးဆုံးလုပ်ဆောင်ရမည့်လုပ်ငန်းမှာ လှောင်အိမ်အတွင်းရှိ ငါးများအား အရည်အသွေး ကောင်းမွန်သော ငါးအစာများကို မှန်ကန်တိကျသော ပမာဏအတိုင်းကျွေးခြင်းဖြစ်ပါသည်။

        ငါးအစာသည် ဗိုက်တာမင်များနှင့် သတ္တုဓာတ်များပါဝင်သော အာဟာရဓာတ်ဆိုင်ရာ ပြည့်စုံကြွယ်ဝသောအစာဖြစ်ရပါမည်။ တီလားပီးယားအတွက် စီးပွားဖြစ်ထုတ်လုပ်သော ငါးအစာတောင့်မှာ အကောင်းဆုံးဖြစ်ပါသည်။ ငါးအရွယ် ၁-၂၅ ဂရမ်ရှိသော တီလားပီးယားငါးမျိုးများအတွက် ၄င်း၏အစာတွင် အသားဓာတ် (ပရိုတင်း) ပါဝင်မှုမှာ ၃၂-၃၆ ရာခိုင်နှုန်းအထိရှိရမည်ဖြစ်ပြီး ပိုမိုကြီးမားသောအရွယ်အတွက် အသားဓာတ် ၂၈-၃၂ ရာခိုင်နှုန်းထိ ပါဝင်ရမည်ဖြစ်ပါသည်။ အစာနှင့် အစာကျွေးခြင်းသည် ထုတ်လုပ်မှုအတွက်အဓိကကျသော ကုန်ကျစရိတ်များ ဖြစ်ပါသည်။

Ref;ငါးလုပ်ငန်းဦးစီးဌာန။

(အပိုင်း-၅ တွင် အစာအမျိုးအစား၊အစာအရည်အသွေး၊ အစာကျွေးခြင်း၊ အစာကျွေးကိရိယာ စသည်တို့ကို ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်