ယူကရိန်းက စစ်ပွဲလက်ကျန်အဆိပ်သင့်မြေဆီလွှာများ(၂)

10/03/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ပထမကမ္ဘာစစ်ရဲ့ ပဲ့တင်ထပ်သံလား…

ယူကရိန်းအစိုးရက ဖွဲ့စည်းထားတဲ့ မြေဆီလွှာသိပ္ပံပညာရှင်အဖွဲ့ခန့်မှန်းချက်အရ ယူကရိန်းမြေယာတွေပေါ်က မိုင်းတွေအားလုံးရှင်းလင်းဖို့နဲ့ မြေဆီလွှာကို ယခင်အတိုင်း ပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့ ကန်ဒေါ်လာ ၁၅ ဘီလျံအထိ ကုန်ကျနိုင်ကြောင်း သိရပါတယ်။

ဒီလိုမြေဆီလွှာပြုပြင်ရေးလုပ်ငန်းဟာ အနည်းဆုံးသုံးနှစ်ကနေ မြေဆီလွှာပျက်စီးမှုအခြေအနေကိုလိုက်ပြီး နှစ်ပေါင်း ၂၀၀ ကျော်အထိတောင် ကြာမြင့်နိုင်တယ်လို့ Baliuk က ပြောပါတယ်။

မြေယာပျက်စီးမှုဟာ ပထမကမ္ဘာစစ်တုန်းကလိုသာ ဖြစ်ခဲ့မယ်ဆိုရင် တချို့ဧရိယာတွေက ဘယ်တော့မှ ပြန်ကောင်းလာနိုင်တော့မှာမဟုတ်ပါဘူး။

အမေရိကန်လူမျိုး ပညာရှင်နှစ်ဦးဖြစ်တဲ့ Joseph Hupy နဲ့ Randall Schaetzl တို့က စစ်ပွဲတွေကြောင့် မြေဆီလွှာထိခိုက်ပျက်စီးမှုကို ဖော်ပြဖို့ "bombturbation" ဆိုတဲ့ ဝေါဟာရသစ်ကို တီထွင်ခဲ့ကြပါတယ်။ သတိမူမိဖို့မလွယ်ကူတဲ့ ထိခိုက်မှုတွေထဲတစ်ခုဟာ မြေလွှာအောက်က ကျောက်သားတွေအတွင်း ဗုံးပေါက်ကွဲတာကြောင့် မြေအောက်ရေအနက် ပြောင်းလဲလာနိုင်တာဖြစ်ပြီး အပင်တွေ ရေတိမ်တိမ်နဲ့ စုပ်ယူလို့မရနိုင်ဖြစ်စေတယ်လို့ သူတို့က ရေးထားပါတယ်။

ပြင်သစ်နိုင်ငံ၊ ဗာဒန်မြို့အနီးက ပထမကမ္ဘာစစ်ရဲ့ စစ်တလင်းဟောင်းတစ်ခုမှာ စစ်မတိုင်မီတုန်းက ကောက်ပဲသီးနှံနဲ့ စားကျက်ခင်းတွေ စိုက်ပျိုးဖြစ်ထွန်းခဲ့ရာကနေ စစ်ကြီးအပြီးမှာတော့ လက်နက် ကြီးပေါက်ကွဲရာ ကျင်းချိုင့်တွေနဲ့ မပေါက်ကွဲသေးတဲ့ ခဲယမ်းတွေ ရှိ‌နေတာကြောင့် မစိုက်မပျိုးဘဲ ထားခဲ့ရတာ ရာစုနှစ်တစ်ခုကျော်နေပြီဖြစ်ကြောင်း Remi de Matos-Machado နဲ့ Hupy တို့ရဲ့ ၂၀၀၈ ခုနှစ် သုတေသနစာတမ်းတစ်ခုက ဖော်ပြထားပါတယ်။

ယူကရိန်းရဲ့ စိုက်ပျိုးမြေဧရိယာတချို့လည်း မြေညစ်ညမ်းမှုနဲ့ မြေမျက်နှာသွင်ပြင်ပြောင်းလဲမှုတို့ကြောင့် သီးနှံစိုက်ပျိုးလို့ရတဲ့အခြေအနေကို ပြန်ရောက်လာနိုင်တော့ဖွယ်မရှိကြောင်း Hupy က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ တခြားစိုက်ပျိုးမြေများစွာဟာလည်း မြေပြန့်ညီအောင် မြေသားရွှေ့ပြောင်းပြင်ဆင်တာ အများအပြားလုပ်ဖို့ လိုအပ်မှာဖြစ်သလို မိုင်းရှင်းလင်းရေးကိုလည်း ကြီးမားကျယ်ပြန့်စွာပြုလုပ်ရမယ်လို့ Hupy က ပြောပါတယ်။

Canterbury Christ Church  တက္ကသိုလ်က မြေဆီလွှာသိပ္ပံနဲ့ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု အကြီးတန်းကထိကတစ်ဦးဖြစ်သူ Naomi Rintoul-Hynes က ပထမကမ္ဘာစစ်အပြီး မြေဆီလွှာညစ်ညမ်းမှုကို လေ့လာခဲ့ပြီး ယူကရိန်းစစ်ပွဲကလည်း အလားတူ ပြန်လည်ပြုပြင်လို့မရနိုင်တဲ့ ထိခိုက်ပျက်စီးမှု ဖြစ်စေမှာကို စိုးရိမ်နေပါတယ်။

“အခြေအနေ ဘယ်လောက်အထိ ဆိုးဝါးပြင်းထန်တယ်ဆိုတာကို အရှိအတိုင်း နားလည်ဖို့ အလွန်တရာ အရေးကြီးပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဥပမာ ခဲဒြပ်စင်ဟာ ထက်ဝက်သက်တမ်း နှစ် ၇၀၀ နဲ့အထက် ရှိတာကြောင့် မြေဆီလွှာအတွင်း ညစ်ညမ်းပြီဆိုရင် ထက်ဝက်ပမာဏ လျော့နည်းဖို့ အဲဒီလောက် နှစ်ကာလ ကြာမြင့်နိုင်တဲ့သဘောပါ။ ဒီအဆိပ်အတောက်ဓာတ်တွေ ရှိတဲ့နေရာမှာ သီးနှံစိုက်ပျိုးရင် အပင်ထဲ ဓာတ်ကြွင်းတွေ ပါဝင်လာနိုင်ပြီး လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း Rintoul-Hynes က ပြောပါတယ်။

ပထမကမ္ဘာစစ်ဟာ လေးနှစ်အထိ ကြာမြင့်ခဲ့ပြီး ယခုယူကရိန်းစစ်ပွဲကတော့ တစ်နှစ်သာ ရှိသေးတာပါ။ ဒါပေမဲ့ ယနေ့ခေတ်ခဲယမ်းပစ္စည်းအများစုမှာလည်း ခဲဒြပ်စင်က အဓိက အစိတ် အပိုင်းအဖြစ် ပါဝင်နေဆဲဖြစ်ကြောင်း Rintoul-Hynes က ပြောပါတယ်။

မိုင်းရှင်းလင်းရေးစိန်ခေါ်ချက်

မိုင်းနဲ့ မပေါက်ကွဲသေးတဲ့လက်နက်ခဲယမ်းတွေဟာ ယူကရိန်းစိုက်ပျိုးမြေတွေရဲ့ ၂၆ ရာခိုင်နှုန်း‌ပေါ်မှာ ရှိနေတယ်လို့ ယူကရိန်းအစိုးရက ထုတ်ပြန်ထားပြီး ဒါတွေကို ရှင်းလင်းဖယ်ရှားဖို့ ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စု လက်နက်ခဲယမ်းဖယ်ရှားရေးရုံးရဲ့ ဥရောပအစီအစဉ်မန်နေဂျာ Michael Tirre က ပြောပါတယ်။

ယူကရိန်းအရှေ့တောင်ပိုင်းရှိ စိုက်ပျိုးမွေးမြူရေးတောင်သူ Andrii Pastushenko ရဲ့ နွားစာနဲ့ နေကြာစိုက်ပျိုးရာ မြေတွေပေါ်မှာ လက်နက်ကြီးရာတွေနဲ့ ရုရှားကတုတ်ကျင်းတွေက ကျောက်ပေါက်မာတွေလို ဖြစ်နေပါတယ်။

ယူကရိန်းက အဲဒီဒေသကို နိုဝင်ဘာလအတွင်း ပြန်သိမ်းပိုက်ထားနိုင်ပေမယ့် ရုရှားတပ်တွေဟာ ဒီနီပရိုမြစ် ဟိုဘက်ကမ်းကနေ သူ့စိုက်ခင်းရှိရာဆီ လက်နက်ကြီးနဲ့ ပုံမှန်ပစ်ခတ်လေ့ရှိတာကြောင့် အခင်းတွေထဲမှာ ကျင်းချိုင့်အသစ်တွေ ဖြစ်ပေါ်ပြီး မပေါက်ကွဲသေးတဲ့ခဲယမ်းတွေလည်း ပြန့်ကျဲလျက်ရှိတယ်လို့ ၎င်း‌တောင်သူက ပြောပါတယ်။

“အကုန်လုံး ရှင်းလင်းပြီး အလုပ်ဆက်လုပ်နိုင်ဖို့ လပေါင်းများစွာ အချိန်ယူရနိုင်တယ်။ မတော်ရင် နှစ်ပေါင်းများစွာတောင် ကြာသွားနိုင်တယ်” လို့ ၃၉ နှစ်အရွယ်‌ တောင်သူ Pastushenko က ပြောပါတယ်။ “ကျွန်တော်တို့က ရှေ့တန်းစစ်မြေပြင်နေရာဆိုတော့ အကူအညီလည်း မရပါဘူး။ စစ်ပွဲဇုန်ဖြစ်နေသရွေ့ ဘယ်သူမှလာပြီး ကူညီရှင်းလင်းမပေးရဲပါဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။ 

ပြန်သိမ်းပိုက်နယ်မြေ ခါဆန်ဒေသမှာ မိုင်းရှင်းလင်းရေး ကျွမ်းကျင်ပညာရှင်နည်းပါးတာကြောင့် ရှင်းလင်းရေးစတင်နိုင်ခြင်းမရှိသေးကြောင်း ခါဆန်ဒေသစ်ရေးကွပ်ကဲရုံး ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Oleksandr Tolokonnikov က ပြောပါတယ်။

အကူအညီရရှိနိုင်မှု နည်းပါးတာကြောင့် သီးနှံကုမ္ပဏီကြီး Nibulon ကတော့ နိုင်ငံတောင်ပိုင်းက သူတို့စိုက်ပျိုးမြေတွေပေါ်မှာ မိုင်းရှင်းလင်းရေးရည်ရွယ်ကာ ဌာနငယ်တစ်ခု ဖွဲ့စည်းဆောက်ရွက်နေပြီး ဒီလုပ်ငန်းဟာ ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်တယ်လို့ ကုမ္ပဏီ လက်ထောက်ဒါရိုက်တာ Mykhailo Rizak က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

“ဒါဟာ Nibulon လုပ်ငန်းအတွက် အလွန်ကြီးမားတဲ့ပြဿနာတစ်ရပ်ပါ” လို့ Rizak က ပြောပါတယ်။

စစ်မဖြစ်မီက ယူကရိန်းဂျီဒီပီ ရဲ့ ၁၀ ရာခိုင်နှုန်း အထောက်အပံ့ပြုခဲ့တဲ့ ယူကရိန်းစိုက်ပျိုးရေးကဏ္ဍအတွက် ရေရှည်ပြဿနာ နောက်တစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ ကားလမ်း၊ ရထားလမ်းနဲ့ တခြားအခြေခံအဆောက်အအုံတွေ လက်ရှိ တွက်ချက်ထားရသလောက် ဒေါ်လာ ၃၅ ဒသမ ၃ ဘီလျံဖိုးလောက် ပျက်စီးသွားတာ ဖြစ်တယ်လို့ ကီးယက်စီးပွားရေးပညာကျောင်း က အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။

“လူတွေက ငြိမ်းချမ်းရေးရပြီးတာနဲ့ တပြိုင်နက် စားနပ်ရိက္ခာအကျပ်အတည်း ပြေလည်သွားလိမ့်မယ် ထင်နေကြတယ်” လို့ ဝါရှင်တန်မြို့ရှိ မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာလေ့လာမှုဌာနရဲ့ ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံးရေး ဒါရိုက်တာ Caitlin Welsh က ပြောပါတယ်။ “အခု ယူကရိန်းကိစ္စက အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ပြုပြင်ဖို့ တစ်ခုတည်းတင် ကာလအကြာကြီး အချိန်ယူရလိမ့်မယ်” လို့ ၎င်းက ပြောပါတယ်။

တောင်သူလယ်သမားတွေရဲ့ ငွေရေးကြေးရေးအခြေအနေကလည်း အလွန်အမင်း စိုးရိမ်စရာဖြစ်နေကြောင်း ယူကရိန်းစိုက်ပျိုးရေးလုပ်ငန်းကြီးတစ်ခု ဖြစ်တဲ့ HarvEast ရဲ့ အမှုဆောင်ချုပ် Dmitry Skornyakov က ပြောပါတယ်။

တောင်သူအများစုဟာ စစ်မတိုင်ခင်က အထွက်ကောင်းကောင်း ရိတ်သိမ်းရရှိခဲ့သီးနှံက ဝင်ငွေကြောင့် ဒီတစ်နှစ်တော့ ရှင်သန်ရပ်တည်နိုင်ကြောင်း၊ ဒါပေမဲ့ စစ်ပွဲက ၂၀၂၄ အထိ ဆက်ဖြစ်နေဦးမယ်ဆိုရင် တောင်သူထက်ဝက်လောက် ငွေကြေးပြဿနာ ဆိုးဆိုးရွားရွား ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက ခန့်မှန်းလိုက်ပါတယ်။

"လက်ရှိအနေအထားအရ ရှေ့လာမဲ့အနာဂတ်ဟာ မှိုင်းရာကနေ မှောင်နေတယ်" လို့ ၎င်းက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Soils of war: The toxic legacy for Ukraine's breadbasket - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်