လာမည့် ၃ ရက်အတွင်း မိုးများ၊ မိုးနည်းနိုင်သည့်ဒေသများ (ဇူလိုင် ၃ - ဇူလိုင် ၆)

03/07/2023 16:57 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်နေတဲ့ အထက်လေဝဲစီးကြောင်း (UACC) တစ်ခုကြောင့် အနောက် တောင်မုတ်သုံလေ ပြန်အားကောင်းလာပြီး ဇူလိုင်လ ၇ ရက်အထိ မြန်မာနိုင်ငံအနှံ့ မိုးပြန်များလာနိုင် တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဆိုတော့ ဒီသက်ရောက်မှုကြောင့် လာမယ့်သုံးရက်အတွင်း ဘယ်လောက်ထိ မိုးများနိုင်လဲ၊ ဘယ်ဒေသ တွေမှာ မိုးအများဆုံးဖြစ်နိုင်မလဲ ဆိုတာတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်း ထားတာကို ဖော်ပြပေးလိုက်ပါတယ်။

လာမယ့် ၃ ရက်အတွင်း (ဇူလိုင် ၃ ရက် ညနေ ၃ နာရီမှာ ဇူလိုင် ၆ ရက် ညနေ ၃ နာရီထိ) မိုးလေဝသ အခြေအနေက ဘယ်လိုရှိမလဲဆရာ..

“ သုံးရက်အတွင်းဆိုရင် မိုးနည်းပါတယ်ဆိုတဲ့ အလယ်ပိုင်းဒေသတွေမှာတောင်မှ မိုးရွာနိုင်တဲ့ အနေအထားဖြစ်လာတယ်။ မိုးမရွာတဲ့ဒေသမရှိတော့ဘူး။ အနည်းနဲ့အများပဲရှိမယ်” 

အခုလို မုတ်သုံအားပြန်ကောင်းလာတာ ဘာကြောင့်လဲ...

“ ECMWF အရဆိုရင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းထဲမှာ အထက်လေဝဲစီးကြောင်း (UACC) တစ်ခုဖြစ်နေတယ်။ GFS မော်ဒယ်ကျတော့ တောင်ဘက်နည်းနည်းပိုကျပြီး အနောက် တောင်ပိုင်းထဲမှာ သွားဖြစ်တယ်။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မိုးလေဝသမိုဒယ်လေးခုစလုံးကတော့ ဘင်္ဂလားပင်လယ်အော် အနောက်ခြမ်းထဲမှာ UACC ကဖြစ်နေတယ်ဆိုပြီး ပြနေတယ်။ ပေ ၂၄၀၀ ကနေ ပေ ၂၄၀၀၀ အတွင်းမှာ လေဝဲဖြစ်နေတာ။ အဲ့ဒါက ရေမျက်နှာပြင်ညီအောက်ဘက်ရောက်သွား တဲ့ အခါကျတော့ အနောက်တောင်မုတ်သုံလေ အားကောင်းနေတဲ့အတွက် အောက်ပိုင်းနဲ့မဆက်စပ်မိ ဘူး။ အဲ့ဒါကြောင့်လည်း လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းထိ မဖြစ်တော့ဘူး”

 “ နောက်တစ်ခုက ဘာထူးခြားလဲဆိုတော့ ကပ္ပလီပင်လယ်ပြင်တစ်ခုလုံးရယ်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတစ်ခုလုံးမှာရယ်က တိမ်တွေတအားထူနေတယ်။ အဲ့ဒီတိမ်တွေက တိမ်အနိမ့်တွေ၊ အဲ့ဒီမှာအနောက်တောင်မုတ်သုံလေနဲ့ရောပါလာတဲ့တိမ်ထုက ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းကနေ ကပ္ပလီပင်လယ်ပြင်ကြီးကိုဖြတ်ပြီးတော့ တနင်္သာရီတိုင်းတစ်ခုလုံးနဲ့ ဧရာဝတီ တိုင်းထဲကို အခုအချိန်မှာဝင်နေတယ်။ အဲ့ဒီဟာတွေကြောင့် မိုးများတဲ့အနေအထားမျိုးဖြစ်နေတာ” 

လေဝဲစီးကြောင်းဖြစ်ပေါ်မှုက ဘယ်လိုပုံစံနဲ့ ရိုက်ခတ်တာလဲ..

“ လေဝဲစီးကြောင်းက ကျွန်တော်တို့ဘက်ဆီတော့ မလာဘူး။ လွန်ခဲ့တဲ့ ၃၊၄ ရက်လောက်က ကြိုတင်ခန့် မှန်းခဲ့သလိုပဲ အိန္ဒိယအရှေ့ဘက်ကမ်းခြေကို သွားမှာ။ သူ့ထဲမှာလည်း မုန်တိုင်းတော့မဖြစ်ဘူး။ ကျွန်တော်တို့ကတော့ အဲ့ဒါရဲ့ညာဘက်ခြမ်းမှာရှိနေတဲ့အတွက် အနောက်တောင်မုတ်သုံလေက တောက်လျှောက်အားကောင်းနေမယ်။ ပြီးတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာဖြစ် သမျှမိုးတိမ်တွေက ကျွန်တော်တို့ထဲကို ဝင်လာမှာ။ အဲ့ဒါကြောင့် မိုးအားပြန်တက်လာတဲ့သဘောပေါ့။ အဲ့ဒါက ၇ ရက်လောက်ထိ ဆက်ဖြစ်နေမှာ။ အဲ့ဒီနောက်ပိုင်း ၉ ရက်လောက်ထိ နည်းနည်းပြန်ပါးနိုင်တယ်။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းကျရင်တော့ တစ်ခါပြန်ပြီး မုတ်သုံ အားဆက်ကောင်း နေဦးမယ်” 

မိုးအများဆုံးဖြစ်နိုင်တဲ့ဒေသများ...

“ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ကနေစရင် ထားဝယ်၊ လမိုင်း၊ မော်လမြိုင် နောက် ပဲခူးတိုင်းထဲက ညောင်လေးပင်၊ ရန်ကုန်၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားပတ်ဝန်းကျင်၊ နောက် စစ်ကိုင်း တိုင်းအထက်ပိုင်း အဲ့ဒီဒေသတွေကတော့ မိုးများနိုင်တယ်။ သုံးရက်အတွင်းဆို ၅ လက်မကနေ ၆ လက်မခွဲလောက်ထိ ရွာနိုင်တယ်ဆိုပြီး တွေ့ထားတယ်။ ဧရာဝတီတိုင်းဆိုရင် ကမ်းရိုးတန်းနဲ့နီးလေ မိုးများလေဖြစ်မယ်။ ရန်ကုန်တိုင်းဆိုလည်း တူတူပဲ။ မြောက်ပိုင်းကနေ တောင်ပိုင်းဆင်းလာလေ မိုးများလေဖြစ်မယ်။ ပဲခူးတိုင်းဆိုရင်လည်း တောင်ငူဘက်မှာ ၂ လက် မလောက်ကနေ ညောင်လေးပင်လောက်အောက်ဘက်ဆင်းလာလိုက်ရင် ၃ လက်မ၊ ၄ လက်မလောက် ဖြစ်သွားတယ်။ အဲ့တော့ များသောအားဖြင့်တော့ ကမ်းရိုးတန်းကိုနီးလေ မိုးများလေ အခြေအနေကို ရောက်နေတာပေါ့” 

ဒုတိယမိုးအများဆုံးဖြစ်နိုင်တဲ့ဒေသများ..

“ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ မန္တလေးတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်းတွေ ဖြစ်မယ်။ ဧရာဝတီတိုင်းထဲဆိုရင်လည်း တချို့နေရာတွေက မိုးအရမ်းမများနိုင်တဲ့ဒေသလေးတွေ ရှိတယ်။ ဟင်္သာတနဲ့ အင်္ဂပူလောက်အထိကို မိုးရေချိန်က ၂ လက်မကနေ ၄ လက်မအထိလောက်ပဲ ရှိတယ်” 

တတိယနဲ့ မိုးအနည်းဆုံးရွာနိုင်တဲ့ဒေသများ..

“ မိုးမများနိုင်တာတော့ အလယ်ပိုင်းဒေသတွေပေါ့။ မကွေးတိုင်းတစ်ခုလုံးဆို ၀.၅ လက်မလောက် တော့ ပျမ်းမျှဖြစ်မယ်။ နောက်ပြီးတော့ မန္တလေးတိုင်းထဲမှာလည်း မိုးနည်းနိုင်တဲ့ဒေသတွေကျန်တယ်။ တောင်ဘက် ရမည်းသင်းကစပြီးတော့ မြောက်ဘက်မတ္တရာအထိလောက်ပေါ့။ အရှေ့ဘက်ဆိုရင် မြစ်သား၊ ကျောက်ဆည်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ မလှိုင်၊ တောင်သာ အနောက်ဘက်နယ်နိမိတ်အဆုံးထိ ပေါ့။ အဲ့ဒီဒေသတွေက မိုးနည်းမယ့်ထဲပါတယ်။ ဒါပေမဲ့ အရင်က ၀.၀၂၊ ၀.၀၃ လောက်ပဲရှိရာကနေ အခုက ၀.၂၊ ၀.၃ လောက်ဖြစ်လာတယ်ဆိုတော့ အရင်ထက်စာရင်တော့ မိုးတွေများလာတာပဲ” 

ဇူလိုင်လရဲ့ ၁ လစာ ရက်ဝေးကြိုတင်ခန့်မှန်းချက်တွေအတိုင်းဆိုရင်လည်း မြန်မာနိုင်ငံတောင်ပိုင်းတစ်ခု လုံးမှာ က ရွာသွန်းမြဲထက်မိုးပိုများနိုင်တယ်ဆိုပြီး ပြနေတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်