လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေနောက်ဆုံးအခြေအနေနှင့် မိုးရွာနိုင်သည့်ဒေသများ

03/12/2022 15:42 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းရောက်ရင် လေဖိအားနည်းရပ်ဝန်းဖြစ်လာမဲ့ လေပွေလှိုင်းဟာ လက်ရှိ မှာ မလေးရှားမြောက်ပိုင်းကုန်းတွင်းကို ဖြတ်ကျော်နေပြီး လက်ရှိအနေအထားတွေအရ မြန်မာနိုင်ငံ အပေါ်သက်ရောက်မှုဟာ တနင်္သာရီတိုင်းတောင်ပိုင်းမှာသာ များနိုင်လိမ့်မယ်လို့ နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

မုန်တိုင်းငယ်အဆင့်ထိဖြစ်လာမယ်လို့ခန့်မှန်းထားတဲ့ ဒီလေပွေလှိုင်းရဲ့ နောက်ဆုံးအခြေအနေ၊ ဒီကနေ ဖြစ်လာတဲ့အရှိန်တွေကြောင့် ၂၄ နာရီအတွင်းနဲ့ နောက်ပိုင်းရက်တွေအတွင်း မိုးရွာနိုင်တဲ့ဒေသတွေ အခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။

လေပွေလှိုင်းရဲ့နောက်ဆုံးအခြေအနေနဲ့ မြန်မာနိုင်ငံကို ဘယ်လိုသက်ရောက်မှု ရှိလာနိုင်မလဲ?

“ နောက်ဆုံးအခြေအနေအရဆိုရင် လောလောဆယ်မှာ မလေးရှားမြောက်ပိုင်းကုန်းတွင်းကို ဝင်နေတယ်။ ၄ ရက်နေ့ကျမှ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကို ထွက်လာမှာ။ အခု ကြိုတင်ခန့်မှန်းချက်တွေအရဆိုရင်တော့ ၄ ရက်နေ့ မနက် ၃ နာရီဆိုရင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း ကော့သောင်းရဲ့ တောင်ဘက် မိုင် ၃၃၀ လောက် ပင်လယ်ရေပြင်ကို စရောက်မယ်။ အခုလောလောဆယ်အခြေအနေအရဆိုရင်တော့ သူက အနောက်၊ အနောက်မြောက်ဘက်ကို ဆက်ရွေ့မယ်။ ပြီးရင် အက်ဒမန်ကျွန်းစုတောင်ပိုင်းကို ဖြတ်ပြီးတော့ ၅ ရက်နေ့ကျရင် ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းကိုရောက်မယ်”  

“ ပြီးရင် ၅ ရက်နေ့ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို ရောက်တဲ့အချိန်ကျရင် သူ့ရဲ့ လေတိုက်နှုန်းက တစ်နာရီကို ၄၄ မိုင်နှုန်းလောက်ဖြစ်လာမယ်။ ဗဟိုဖိအားက ၁၀၀၄ ဟက်တိုပါစကယ်ထိ ကျတယ်။ ဆိုတော့ အဲ့ဒီမှာတင်ကိုပဲ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် မုန်တိုင်းငယ်စဖြစ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရတယ်” 

ဒီအခြေအနေတွေကြောင့် မိုးတွေရွာလာနိုင်တဲ့အခြေအနေတွေ ဘယ်လိုရှိမလဲ?

“ အခုလောလောဆယ်မြင်ရတဲ့အနေအထားတွေအရဆိုရင် ၂၄ နာရီအတွင်း မိုးရွာနိုင်တဲ့ဒေသတွေက ဧရာဝတီအနောက်ဘက်ကမ်းရိုးတန်းကော၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းကော ပါမယ်။ နောက်တစ်ခုက တနင်္သာရီတိုင်းတောင်ပိုင်းကတော့ မိုးပိုများမယ်။ မြိတ်နဲ့ကော့သောင်းအောက်ဘက်ပေါ့။ သူ့အပေါ်ကို တော့ မတက်နိုင်ဘူးဗျ။ နောက်ပြီးတော့မှ ပဲခူးတိုင်းအရှေ့ခြမ်း။ ရန်ကုန်တိုင်းတောင်မှ မိုးသိပ်များများ ရွာမဲ့အနေအထားမရှိဘူး။ ဧရာဝတီတိုင်းလည်းဒီတိုင်းပဲ။ မိုးရနိုင်တဲ့အခြေအနေတော့ရှိတယ်။ မိုးများ နိုင်တဲ့အခြေအနေတော့ နည်းသွားတယ်။ ဘာလို့လဲဆိုတော့ ပင်လယ်ရေမျက်နှာပြင်အပူချိန် ကျနေတာ လည်းပါတယ်။ လာမယ့် ၂၄ နာရီအတွင်းပဲဆိုရင် ကော့သောင်းလိုနေရာမျိုးတောင် မိုး သိပ်မရွာနိုင်သေး ဘူး။ နောက်လာမယ့် ၁ ရက်ကနေ ၃ ရက်အတွင်းကျမှ မိုးရေချိန်များလာမှာ။ ဧရာဝတီတိုင်းကတော့ အဲ့ဒီအချိန်မှာလည်း မိုးကပါးပါးလေးပဲဖြစ်ဦးမှာ။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း အကုန်လုံးပေါ့။ တနင်္သာရီ တိုင်းကလွဲရင် ကျန်တဲ့နေရာအကုန်လုံးက မိုးကပါးပါးလေးပဲဖြစ်မှာ” 

“ ၃ ရက်ကျော်သွားပြီး ၃ ရက်နဲ့ ၅ ရက်အတွင်းဆိုရင်တော့ ဧရာဝတီတိုင်းတောင်ဘက် ကမ်းရိုးတန်းနဲ့ နီးတဲ့ဒေသတွေမှာ နေရာကွက်မိုးကြီးနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဘာလို့လဲဆိုတော့ တိမ်တွေပါ ဖြစ်မှာမို့”  

“ ရှမ်းပြည်နယ်ဘက်လည်း မုန်တိုင်းဖြစ်လာပြီးတဲ့နောက် ၅ ရက် ၁၀ ရက်ဆိုရင်တောင် မိုးပါးပါးပဲ ရွာနိုင်တော့တဲ့အခြေအနေမျိုးပဲရှိတော့တယ်။ ဧရာဝတီတိုင်းလည်း အာ့လိုပဲ။ ပါးပါးပဲ။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေဆိုရင်လည်း တော်တော့်ကိုပါးသွားတော့မှာ။ အာ့တော့ စိုက်ပျိုးရေးလုပ်မဲ့သူတွေတော့ ကောင်းကောင်းလုပ်လို့တော့ ရသွားမယ်” 

#အိန္ဒိယမိုးလေဝသဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရဆိုရင်လည်း မနေ့ကထုတ်ပြန်ချက်အတိုင်းပဲ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကပ္ပလီ ပင်လယ်တောင်ပိုင်းကို လေပွေလှိုင်းဝင်လာပြီး အနောက်ဘက်ကို ဆက်ရွေ့မှာဖြစ်ကြောင်း၊ အဲ့ဒီ နောက် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီ ပင်လယ် တောင်ပိုင်း ထိစပ်တဲ့ တည်နေရာ အနီးမှာ ဒီဇင်ဘာလ ၅ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာပြီး တဲ့နောက် ဒီဇင်ဘာလ ၇ ရက် မနက်ပိုင်းမှာတော့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဆင့်(DEPRESSION)ဖြစ်လာနိုင်မယ်လို့ ဖော်ပြထားတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်